ပြိုကျပျက်စီးခဲ့သော စေတီပုထိုးများကိုပြင်ဆင်သည့်နေရာတွင် အလျင်စလိုမလုပ်ရန် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ပြောကြားလမ်းညွှန်ခဲ့ပြီးဖြစ်ပါကြောင်း၊ ရှေးဟောင်း ပစ္စည်း၊ ရှေးဟောင်း လက်ရာများသည် ရှေးဟောင်း တန်ဖိုးရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ရှေးဟောင်း တန်ဖိုးရှိသော ဘုရားစေတီ၊ အဆောက်အအုံနှင့် လက်ရာများ အများအပြားရှိပြီး ပုဂံ ဘုရား၊ စေတီ၊ ပုထိုးများ အမြောက်အများပါဝင်ပါကြောင်း၊
လွန်ခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်နေ့ထုတ် The Voice သတင်းစာ၏ စာမျက်နှာနံပါတ် ၂ တွင် ထီးလိုမင်းလိုဘုရားကို ပြုပြင်ရန် ပရဟိတအသင်းတစ်သင်းက ဘုရားတွင် ဗွီနိုင်းပိုစတာ ချိတ် ဆွဲခဲ့သည့်သတင်းနှင့် ထိုသို့ ပြုပြင်ဖို့ခွင့်ပေးခဲ့သော ဂေါပက အဖွဲ့ကို ရှေးဟောင်း သုတေ သနဌာနက သတိပေးတားဆီးခဲ့ရသည့် သတင်းကိုလည်း ဖတ်ရှုခဲ့ရပါကြောင်း၊
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်များကို သမိုင်းမှတ်တမ်းပြန်ကြည့်ရာ ၁၉၂၉၊ ၁၉၃၁ အတွင်း ငလျင်များ မကြာမကြာ လှုပ်ခတ်ခဲ့ကြောင်း၊မကြာသေးမီက ၂၀၁၁-၂၀၁၂ တာချီလိတ် တာလေငလျင်၊ သပိတ်ကျင်းငလျင် များလုပ်ခတ်ခဲ့ကြောင်း၊ ၁၉၇၅ ခုနှစ်တုန်းကလည်း ပုဂံမှာ ငလျင်အကြီးအကျယ်လှုပ်ခတ်ခဲ့ပြီး ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့တွင် လှုပ်ခတ်ခဲ့နှင့် ငလျင်နှင့် သက်ဆိုင်မှုရှိကြောင်းကို ငလျင်ပညာရှင်များ၏ စာတမ်းများကို ဖတ်ရှုရပါကြောင်း၊ မြန်မာနိုင်ငံတွင် ငလျင်များလှုပ်ခတ်သည့် သက်တမ်းသည် တစ်ခုနှင့်တစ်ခု နီးကပ်လာကြောင်း၊ အင်အားပြင်းငလျင်များ မကြာမကြာနှစ် ၄၀ အတွင်း ပြန်ဖြစ်ပေါ်တတ်ကြောင်းကို သိရှိနေရပါပြီဖြစ်ပါကြောင်း၊
ထို့ကြောင့် ပုဂံမြို့မှာ ပြိုကျပျက်စီးသွားခဲ့တဲ့ သမိုင်းဝင် ဘုရား၊ စေတီ၊ ပုထိုးများကို ရေရှည်တည်တံ့ ခိုင်မြဲအောင် ပြုပြင်တဲ့နေရာမှာ သမိုင်းတန်ဖိုးလည်း မပျက်စီးရအောင်၊ သမိုင်းတရားခံလည်း မဖြစ်ကြ ရအောင်၊ သမိုင်းကျန်မယ့်၊ သမိုင်းတင်မယ့်အစီအစဉ်များကို ပြည်ထောင်စုအစိုးရ မည်ကဲ့သို့ ပြုလုပ် စီမံထားပါသည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်နေ့တွင် ပြင်းအားရစ်ခ်ျတာစကေး ၆.၈ ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသရှိ ရှေးဟောင်းအဆောက်အအုံအချို့ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ဂူဘုရားပုထိုးတော် ၂၅၈ ဆူ၊ စေတီ ၁၀၄ ဆူ၊ အုတ်ကျောင်း ၁၃ ကျောင်းနှင့် အခြား ၁၄ ဆူနှင့် အသေးအဖွဲပျက်စီးမှု ၃၆ ဆူတို့အပါအဝင် ၄၂၅ ဆူ ပျက်စီးမှုရှိပါကြောင်း၊ ပုဂံဒေသနှင့် ဆက်စပ်နေသော ကျောက်ပန်းတောင်း၊ ချောက်၊ ရေနံချောင်း၊မကွေး၊ရခိုင်ပြည်နယ် မြို့ဟောင်းဒေသရှိ စေတီတချို့လည်း ပျက်စီးမှုဖြစ်ပေါ်ခဲ့ရာ စုစုပေါင်း ၇၀၉ ဆူရှိပါကြောင်း၊ ပျက်စီးမှုများတွင် အသေးစား ပျက်စီးမှု အဆူ ၃၀၀ ခန့် (၇၇ ရာခိုင်နှုန်း)၊ အကြီးစားထိခိုက်ပျက်စီးမှု စေတီ၊ပုထိုး ၃၆ ဆူခန့်( ၉.၅ ရာခိုင်နှုန်း)၊ အလတ်စားထိခိုက်ပျက်စီးမှု ၅၃ ဆူခန့် (၁၃.၅ ရာခိုင်နှုန်း) နှင့် သာမန် အင်္ဂတေကွာကျမှု၊ အုတ်အနည်းငယ်လောက်ပြုတ်ကျမှု စသည့် အသေးအဖွဲ့ပျက်စီးမှု ၃၆ ဆူ စုစုပေါင်း ၄၂၅ ဆူရှိပြီး ပြုပြင်ရန်အတွက် ၃၈၉ ဆူ ပုဂံဒေသရှိပါကြောင်း၊
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနအနေဖြင့် ငလျင်ကြောင့် ပျက်စီးခဲ့သော ရှေးဟောင်းအဆောက်အအုံများကို ဌာနရှိ အင်ဂျင်နီယာများ၊ သုတေသန ဝန်ထမ်းများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံ ဗိသုကာအသင်း၊အခြားဆက်စပ်ဌာနများ၊ ဖောင်းဒေးရှင်းအဖွဲ့များနှင့် ပရဟိတစေတနာရှင် အဖွဲ့များ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စက်မှု ဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန စသည့် ဆက်နွယ်နေသည့် ဌာနများနှင့် အရေးပေါ်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ပြုလုပ်ခဲ့ပါကြောင်း၊
ပျက်စီးမှုများနှင့်ပတ်သက်ပြီး လုပ်ငန်းခုနစ်ဆင့်ကို စတင် ချမှတ်ခဲ့ပါကြောင်း၊အဆိုပါ အဆင့်ခုနှစ်ဆင့်မှာ အပျက်အစီးများရှင်းလင်းဖယ်ရှားခြင်း၊ပျက်စီးစာရင်းတွင် ပါရှိသော ရှေးဟောင်း ပစ္စည်း များ ပြန်လည်ဆယ်တင်စုဆောင်းခြင်း၊ မိုးရာသီကာလဖြစ်သည့်အတွက် ယာယီ အမိုးမိုးခြင်း၊ ငြမ်းများနှင့် ထောက်များဖြင့် ထိန်းညှပ်ခြင်း၊ ရေပိတ်လွှာများပိတ်ခြင်း စသည့် လုပ်ငန်းများ လုပ်ဆောင်ခဲ့ ပါကြောင်း ၊ နောက်တစ်ဆင့် အနေဖြင့် ပညာရှင်များနှင့် တွက်ချက်ပြီး အသေးစိတ်ပျက်စီးမှုများကို လေ့လာစစ်ဆေးမှု မှတ်တမ်းတင်ပြုခဲ့သည့်အပြင် အဆိုပါ ကာလအတွင်း ဂျပန်နိုင်ငံမှ ငလျင်နှင့် ရှေးဟောင်းပညာရှင်အဖွဲ့ငယ်နှစ်ဖွဲ့၊ တရုတ်ပြည်သူ့သမ္မတ မနိုင်ငံက အဖွဲ့ကြီးတစ်ဖွဲ့၊ ထိုင်းနိုင်ငံကတစ်ဖွဲ့၊ UNESCO အဖွဲ့အပါအဝင် မြန်မာနိုင်ငံ ဗိသုကာအင်ဂျင်နီယာ ပညာရှင်များပါဝင်တဲ့အဖွဲ့နှင့် တစ်ဆူချင်းအသေးစိတ် စစ်ဆေးမှုများ ပြုလုပ်ပြီး မှတ်တမ်း တင်ခဲ့ ပါကြောင်း၊ စေတီ၊ပုထိုး၊သာသနိကအဆောက်အအုံများနှင့် ပတ်သက်၍ သမိုင်းတန်ဖိုး၊ဗိသုကာတန်ဖိုး၊ နံရံဆေးရေးပန်းချီ၊ အုတ်၊ ကနုတ်ပန်းတို့ အနုလက်ရာတန်ဖိုးကြီးမားသော သဗ္ဗေညုပုထိုးတော်ကြီး၊ အာနန္ဒာ ပုထိုးတော်ကြီးနှင့် နောက် စူဠာမုဏိစသည့် ပုထိုးတော်ကြီး ၃၆ ဆူကို အကြီးစားပြင်ဆင် ရမည်ဖြစ်၍ ပထမဦးစားပေးအဖြစ် သတ်မှတ်ပါကြောင်း၊
ဒုတိယဦးစားပေးအနေဖြင့် ပထမအဆင့်လောက်မကြီးမားသော်လည်း အထိုက်အလျောက် တန်ဖိုးရှိသည့် စေတီပုထိုး ၅၃ ဆူကို ဒုတိယအဆင့် သတ်မှတ်ပါကြောင်း၊ သာမန်ပြိုကျ ပျက်စီးမှုဖြစ်သော အဆူ ၃၀၀ ကို တတိယဦးစားပေးသတ်မှတ်ပါကြောင်း၊
ရှေးဟောင်းအမွေအနစ်များ ပြုပြင်ထိန်းသိမ်းဖို့ကိစ္စနှင့် ပတ်သက၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကြီးက ယခုလို နှစ်ပေါင်းထောင်ချီတည်တံ့ခိုင်မြဲအောင် ရှေးဘိုးဘွားတွေ၊ ဘိုးဘေးတွေ တည်ထောင်ခဲ့သည့် ယဉ်ကျေးမှုအမွေအနစ်အဆောက်အအုံများ ပျက်စီးခဲ့ခြင်းသည် လွန်စွာဝမ်းနည်းစရာ ကောင်းပါကြောင်း၊ သို့သော်လည်း ထိုသို့နှစ်ပေါင်းထောင်ချီ တည်တံ့ခဲ့သော ရှေးဟောင်းယဉ်ကျေးမှု အမွေအနစ်အဆောက် အအုံများ ကို နောင်နှစ်ပေါင်းထောင်ချီ တည်တံ့ခိုင်မြဲအောင် ပြန်လည်ပြုပြင်တည်ဆောက်တဲ့အခွင့်အရေး၊ မဟာကုသိုလ်တော် အခွင့်အလမ်းကြီး လက်ထဲတွင် ရရှိသည်ဟု သဘောထားခံယူပြီး စေတနာအပြည့်ဖြင့် UNESCO အပါအဝင် ပြည်တွင်းပြည်ပပညာရှင်များနှင့် အသေးစိတ်လေ့လာတွက်ချက်ပြီးမှ ကတိုက်ကရိုက် ကသီသနမဟုတ်ဘဲ ပြုပြင်သွားရန် သြဝါဒ Guide Line ပေးပါကြောင်း၊
ပုဂံဒေသကို သဘာဝဘေးအန္တရာယ် ငလျင်သင့်ပြီးအချိန်ကစတင်၍ နိုင်ငံတော်သမ္မတကြီး၊ ဒုတိယသမ္မတများ၊တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက တစ်ပတ် တစ်ကြိမ်၊ နှစ်ပတ်တစ်ကြိမ် ရောက်ပြီး လုပ်ငန်းတိုးတက်မှုများကိုလည်း စစ်ဆေးကြပ်မတ်လျက် ရှိပါကြောင်း၊
သမိုင်းတန်ဖိုး၊ ဗိသုကာတန်ဖိုးကြီးမားလှသော သဗ္ဗေညုပုထိုးတော်ကြီးကို စစ်ဆေးကြည့်ရာတွင် တစ်စုံတစ်ရာပျက်စီး ချို့ယွင်းမှု၊ ပြိုကျမှု၊ ပဲ့ကျမှု မတွေ့ရသော်လည်း ဂျပန်၊ တရုတ်၊ ထိုင်း၊ ကိုရီးယားပညာရှင်များ၊ UNESCO ပညာရှင်များနှင့် အသေးစိတ်လေ့လာရာ သဗ္ဗေညုပုထိုးတော်ကြီး၏ အတွင်းပိုင်းတွင် အတွင်းဒဏ်ရာများစွာရရှိနေပြီဟု ကောက်ချက်ချ ကောက်ချက်ချခဲ့ကြပါကြောင်း၊ ခေတ်မီကိရိယာများနှင့် လေ့လာစစ်ဆေးမှုများကို အားလုံးကို သက်ဆိုင်ရာနိုင်ငံများထံ ပြန်ပို့ပြီး အသေးစိတ် အဓိပ္ပာယ်ဖွင့်ဆိုမှုများ ပြုလုပ်လျက်ရှိပါကြောင်း၊အဆိုပါဖွင့်ဆိုမှုတွေများ ရရှိလာမှသာလျှင် UNESCO အပါအဝင် နိုင်ငံတကာပညာရှငနှင့် ပူးပေါင်းပြီးမှ အဓိက ၃၆ ဆူကို အချိန်ယူပြင်ဆင်သွားမှာဖြစ်သည့်အတွက် သုံးနှစ်မှ ငါးနှစ်ခန့်အထိ ကြာမြင့်နိုင်ပါကြောင်း၊
ပုဂံဒေသ ရှေးဟောင်းယဉ်ကျေးမှုအမွေအနစ်ပစ္စည်းများ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံးကနေပြီးမှ ဒုတိယသမ္မတ(၁)ဦးဆောင်သော သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စက်မှု ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ဦးစီးကော်မတီကိုလည်း စတင်ဖွဲ့စည်းပေးခဲ့ပြီး ဦးစီးကော်မတီ၏ ချမှတ်သည့် လုပ်ငန်းများကို အကောင်အထည်ဖော်ရန် မန္တလေးတိုင်းဒေသကြီးအစိုးရကလည်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဥက္ကဋ္ဌအဖြစ် ပါဝင်သော ဝန်ကြီးချုပ်ဦးဆောင်သည့် လုပ်ငန်းကော်မတီကိုလည်း ဖွဲ့စည်းပြီး လုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊
ပုဂံဒေသပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများအတွက်ကို စုပေါင်းကွပ်ကဲရုံးကိုလည်း ဖွဲ့စည်းထားရှိပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်ကာ သာမန်ပျက်စီးခဲ့သော စေတီတော် အဆူ ၃၀၀ ကို ပြည်တွင်းရှိ ပုဂ္ဂလိကအလှူရှင်များအနေဖြင့် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ ပြင်ဆင် ခွင့်ပြုသွားမည်ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ကြေညာ ထားပြီး ဖြစ်ပါကြောင်း၊
ထီးလိုမင်းလိုစေတီတော်နှင့်ပတ်သက်၍ ခွင့်ပြု ခွင့်မရခင် Vinyl ဆိုင်းဘုတ်များထောင်ခြင်းကို ချက်ချင်း ရုပ်သိမ်းခဲ့ပြီး သက်ဆိုင်ရာဂေါပကအဖွဲ့နှင့် တာဝန်ရှိအဖွဲ့များကိုလည်း လိုအပ်သလို သတိပေးပါကြောင်း၊ ယနေ့အထိ အလှူငွေအရကို ပြန်ဆန်းစစ်ကြည့်ပါက မြန်မာကျပ်ငွေ သန်း ၄၆၀၀ ကျော်၊ ဒေါ်လာ အင်ဟန်း ၉၀၀၀၀ ကျောရရှိပြီး ဒေါ်လာ တစ်သန်းကျော်လည်း ကတိကဝတ်ရရှိပြီးဖြစ်ပါကြောင်း၊
ထို့ကြောင့် ပုဂံဒေသရှိ စေတီ၊ပုထိုး၊သာသနိကအဆောက်အအုံ ၃၈၉ ဆူအပါအဝင် ရခိုင်ဒေသ နှင့် မကွေးတိုင်းအတွင်းရှိ စေတီ၊ ပုထိုး အဆူ ၇၀၀ ကျော်လုံးကို အလှူငွေနှင့် ပြုပြင်သွားနိုင်မည့် အခြေအနေ ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
