(ဂ)-ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ တာမိုးညဲဒေ သနေပြည်သူ့တချို့အားတိုင်းရင်းသားလူမျိုးအဖြစ် တရားဝင် အတည်ပြုပေးခြင်းနှင့် ပတ်သက်၍ နိုင် ငံတော်အစိုးရက မည်ကဲ့သို့မူဝါဒ၊ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများဖြင့် သတ်မှတ်ပေးနေသည်ကို သိ လိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၄.၅.၂၀၁၆)

ဦးစိုင်းသန့်ဇင် (သီပေါ)လုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအတွင်းဝန် ဦးမြင့်ကြိုင်က ၁၁.၃.၂၀၁၆ ရက်စွဲပါစာအမှတ် ၂/ဒ၃-၁၀၀၄၁/ကပန နဲ့ပေးပို့ခဲ့သည့်တာမိုးညဲဒေသ၊ မုန်းဝန်းတိုင်းရင်း သားများအား မုန်းဝန်း(ဗမာ)ဟု သတ်မှတ်အသုံးပြုရန်ကိစ္စနှင့်ပတ်သက်၍ ပေးပို့ခဲ့သောစာ၏ ဖော်ပြချက်များအရ ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက မုန်းဝန်း (ဗမာ) လူမျိုးသတ်မှတ်ပေးမှုကို တရားဝင်ဆက်လက်အတည်ပြုပေးနိုင်ဖို့အတွက် နိုင်ငံတော်သမ္မတထံ  တင်ပြလာမှုနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးနိုင်ဖို့အတွက် မုန်းဝန်း(ဗမာ)ဟု သတ်မှတ်ပေးပြီး မှတ်ပုံတင်လဲပေးရန် မှတ်ချက်ပြုခဲ့သည့် အကြောင်းပါရှိပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနအနေဖြင့်လည်း တာမိုးညဲဒေသရှိမြို့များကို ၂၀၀၉ ခုနှစ်မှစတင်ကာ လူမျိုးနေရာတွင် မုန်းဝန်း(တရုတ်)အစား မုန်းဝန်း(ဗမာ) ဗုဒ္ဓဘာသာဟု ဖော်ပြခဲ့ပြီး စာရင်းရေးသွင်းခဲ့သည်ကို သိရှိရပါ ကြောင်း၊ အဆိုပါမုန်းဝန်းလူမျိုးများနှင့် ပတ်သက်ပြီး  ခေတ်အဆက်ဆက် နိုင်ငံတော်အကြီးအကဲများက နိုင်ငံတော်လုံခြုံရေးအတွက် ပူးပေါင်းပါဝင်မှုများအပေါ် အသိအမှတ်ပြုမှုများရှိခဲ့ကြပြီး ၁၉၉၈ ခုနှစ်၊ မေလ ၁၁ ရက်နေ့မှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ၏ ရှမ်းပြည်နယ် (မြောက်ပိုင်း) ခရီးစဉ်တွင် မုန်းဝန်းတိုင်းရင်းသားအမည်ကနေပြီးတော့ တာမိုးညဲဒေသ(ဗမာ)တိုင်းရင်းသား အမည်ဖြင့် သတ်မှတ်ပေးမည့် ပြောကြားခဲ့သည်ကိုလည်း ရေးသားထားပါကြောင်း၊ မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၄ အရ မည်သည်‌့မျိုးနွယ်စုက တိုင်းရင်းသားဖြစ်/မဖြစ်ဆိုသည်နှင့် ပတ်သက်၍ နိုင်ငံတော် ကောင်စီက ဆုံးဖြတ်နိုင်သည်ကို သိရှိသော်လည်း မုန်းဝန်းလူမျိုးသည် နေထိုင်ရာဒေသကိုအစွဲပြုပြီး ခေါ်ဆိုခဲ့ခြင်း၊ မုန်းဝန်း အမည်သည်လည်း ရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ရှိ မုန်းဝန်း ရှမ်းအခေါ် လုံးဝန်းဒေသ ကိုအစွဲပြုပြီး မုန်းဝန်း(တရုတ်)ဟူ၍ ခေါ်ဆိုခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေ အများဆုံး ဗမာလူမျိုးများနှင့် အသားအရ၊  ဘာသာစကားအရ၊ ဓလေ့ထုံးစံများအရ မည်သို့မျှ ဆက်စပ်မှု မရှိသည့် လူမျိုးနှစ်မျိုး၏အမည်ကို မည်သည့် လုပ်ထုံးလုပ်နည်း၊ ဥပဒေများဖြင့် သတ်မှတ်ခေါ်ဆိုခဲ့ကြကို သိရှိလို ပါကြောင်း၊ လုပ်ထုံး လုပ်နည်းများရှိပါကလည်း ၎င်းလုပ်ထုံးလုပ်နည်းများကို  ပြန်လည်သုံးသပ်ရန် လိုအပ် မည်ဟု ယူဆပါကြောင်းနှင့် တိုင်းရင်းသားအဖြစ် ခံယူလိုသော အခြားလူမျိုးများ အတွက်လည်း ဝေဖန် ထောက်ပြစရာအကြောင်းအရာတစ်ခု ဖြစ်စေပါကြောင်း၊

ထို့ကြောင့် (က)ရှမ်းပြည်နယ်(မြောက်ပိုင်း) တာမိုးညဲဒေသနေပြည်သူအချို့က သက်ဆိုင်ရာက မုန်းဝန်း (တရုတ်)လူမျိုးမှ မုန်းဝန်း(ဗမာ)တိုင်းရင်းသား လူမျိုးတစ်မျိုးအဖြစ် တရားဝင်အတည်ပြုပေးခြင်းရှိ/မရှိနှင့် ရှိပါက မည်သည့်အကြောင်းများကြောင့် တရားဝင်အတည်ပြုပေးခဲ့သည်ကိုလည်းကောင်း၊ (ခ)  မြန်မာ နိုင်ငံအတွင်းနေထိုင်ကြသော လူမျိုးတစ်မျိုးက တိုင်းရင်းသားလူမျိုးတစ်မျိုးအဖြစ် အမည်ပြောင်းလဲ သတ်မှတ်လိုပါက ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် ရှိမည်ဆိုပါက မည်သည့်အကြောင်းအချက်များဖြင့် သတ်မှတ်ဆောင်ရွက်အတည်ပြုပေးနိုင်သည်ကိုလည်ကောင်း၊ (ဂ) လူမျိုးအမည် သတ်မှတ်ခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတော်အစိုးရက မည်သို့သောမူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများဖြင့် သတ်မှတ် ဆောင်ရွက်ပေးနေသည်ကို ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ
အဖြေ

ဦးသိန်းဆွေ(ပြည်ထောင်စုဝန်ကြီး၊ အလုပ်သမား၊မိမိတို့ ဝန်ကြီးဌာနအနေဖြင့် တာမိုးညဲဒေသတွင် နေထိုင်လျက်သော ပြည်သူတချို့ကို တိုင်းရင်းသားလူမျိုး တစ်မျိုးအဖြစ် တရားဝင်အတည်ပြုပေးခြင်းမရှိပါကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တာမိုးညဲ ဒေသရှိ မုန်းဝန်းလူမျိုးများသည် တာမိုးညဲဒေသတွင် အစဉ်အဆက်အခြေချနေထိုင်လာခဲ့သည့် လူမျိုးများ ဖြစ်ပြီး နိုင်ငံတော်အပေါ် သစ္စာစောင်‌့သိကာ နိုင်ငံတော်၏ လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်များတွင်လည်း နိုင်ငံတော် အစိုးရအဆက်ဆက်နှင့် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည့် လူမျိုးဖြစ်ပါကြောင်း၊ မုန်းဝန်း လူမျိုးများသည် မြန်မာနိုင်ငံတွင် အစဉ်အဆက်အခြေစိုက် နေထိုင်ခဲ့ကြသူများဖြစ်တာနှင့်အညီ ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေနှင့် ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်းနေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေများအရ အမျိုးသားမှတ်ပုံတင် ကိုင်ဆောင်ခဲ့ကြသူများဖြစ်ပြီး ၁၉၈၉ ခုနှစ်က စတင်ကာ မုန်းဝန်းလူမျိုးများကို မြန်မာနိုင်ငံသား ဥပဒေနှင့် အညီ စိစစ်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား များကို စတင်ဆောင်ရွက်ပေးခဲ့ရာတွင် လုပ်ထုံး လုပ်နည်းအရ ကာယကံရှင်၏ တရားဝင် ပြောဆိုချက်ကိုသာ အခြေခံပြီးနိုင်ငံသားစိစစ်ရေး ကတ်ပြား၏ လူမျိုးအမည်ကို  ရေးသွင်းခဲ့ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပေါ်တွင် လူမျိုးအမည်ရေးသွင်းရာ၌ လူမျိုး အမည် ရှစ်မျိုးရေးသွင်းထားသည်ကို အောက်ပါအတိုင်းတွေ့ရှိပါကြောင်း -

(က) မုန်းဝန်း တရုတ်၊

(ခ) တရုတ်မုန်းဝန်း၊

(ဂ) မုန်းဝန်းဗမာ၊

(ဃ) မုန်းဝန်း၊

(င) ဗမာ(မုန်းဝန်း)၊

(စ) မုန်းဝန်း + တရုတ်၊

(ဆ) မုန်းဝန်း + ကိုးကန့်၊

(ဇ) မုန်းဝန်း + (တိုင်းရင်းသား) ဖြစ်ပါကြောင်း၊

 ခေတ်အဆက်ဆက်တွင် နိုင်ငံတော်၏အကျိုးပါဝင် ပူးပေါင်းဆောင်ရွက်မှုများကို  အသိအမှတ်ပြုသည့် အနေဖြင့် မုန်းဝန်းလူမျိုးများ၏ နိုင်ငံသားစိစစ်ရေး ကတ်ပြားတွင် လူမျိုးအမည်ကို  တစ်ပြေးညီဖြစ်စေရန် အတွက် လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) တာမိုးညဲဒေသခံပြည်သူများ၏ ကိုယ်စား နိုင်ငံတော် အကြီးအကဲများထံ တင်ပြလာမှုအပေါ် နိုင်ငံသားစိစစ်ရေးကတ်ပြားများအပေါ် ကာယကံရှင်၏ တင်ပြ  လာမှုရှိပါက မုန်းဝန်းလူမျိုးများအား မုန်းဝန်း(ဗမာ)ဟု ပြန်လည်အစားထိုး လဲလှယ်ခွင့်ပြုရန် ပြည်ထောင်စု အစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့သည့်အတွက် နိုင်ငံသားစိစစ် ရေးကတ်ပြားပေါ်တွင် မုန်းဝန်း(ဗမာ)ဟု ပြင်ဆင် ရေးသွင်းပေးရန် ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊  

 နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် ရေးသွင်းပေးခဲ့ရသောအချက်အလက်များသည် ကာယကံရှင်၏ တရား ဝင် ပြောဆိုချက်ကိုသာ အခြေခံရေးသွင်းရခြင်း ဖြစ်ပြီး ဆောင်ရွက်ခဲ့ရသည့် ကာလ၊ ဒေသ၊ အခြေအနေ အရ အထက်ပါအတိုင်း အမျိုးမျိုးကွဲပြားသဖြင့် တစ်ပြေးညီအဆင်ပြေစေရန်အတွက် ကာယကံရှင် တစ်ဦး ချင်းစီမှ ဆန္ဒပြုလာပါက မုန်းဝန်း(ဗမာ)ဟု ရေးသွင်းပေးရန်  ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး တိုင်းရင်းသား လူမျိုး တစ်မျိုးအဖြစ် တရားဝင် အတည်ပြုပေးခဲ့ခြင်း မရှိပါကြောင်း၊

ဒုတိယမေးခွန်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအတွင်းမှာနေထိုင်ကြသော မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော လူမျိုးများက တိုင်းရင်းသား လူမျိုးတစ်မျိုးမျိုးအဖြစ် အမည်ပြောင်းလဲသတ်မှတ်ခြင်းကို တည်ဆဲဥပဒေများ အရ မိမိတို့ဝန်ကြီးဌာန တစ်ခုတည်း၏ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကြောင်း၊ လွှတ်တော်

တတိယမေးခွန်းနှင့်စပ်လျဉ်း၍ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေပါ အခန်း(၂) နိုင်ငံသားဖြစ်ခြင်း ခေါင်းစဉ်ပါပုဒ်မများတွင် ဖော်ပြထားသည့်အတိုင်း ဥပဒေနှင့်အညီသာ ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးစိုင်းသန့်ဇင် (သီပေါ) က ဆက်စပ်မေးခွန်းကို မေးမြန်းပါသည်။

ယခု လူမျိုး ရှစ်မျိုးခန့် ကွဲသည့်ကိစ္စကို တစ်ပြေးညီဖြစ်စေရန် မုန်းဝန်း(ဗမာ) ရေးနိုင်သည်ကို ကြားသိရ ပါကြောင်း၊ နိုင်ငံသားစိစစ်ရေး ကဒ်ပြား၏ လူမျိုးရေးသွင်းရာတွင် အဓိကအားဖြင့် မိဘ၏လူမျိုးနွယ်နှစ်ခုကို ပေါင်းစပ်ရေးသားခြင်းမျိုး ရှိပါကြောင်း၊ ထို့ကြောင့် ယခုမုန်းဝန်း(ဗမာ)ဟု ရေးသားခဲ့ရာတွင် မုန်းဝန်း လူမျိုးနှင့် ဗမာလူမျိုး အိမ်ထောင်ဖက်ပြီးပေါ်လာသည့် လူမျိုးအသွင်သဏ္ဍန်ပုံစံမျိုး ဖြစ်နေသည့်အတွက် ထိုကိစ္စရပ်များအပေါ် နိုင်ငံတော်က မည်သို့ဖြေရှင်းသွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဦးသိန်းဆွေ (ပြည်ထောင်စုဝန်ကြီး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန)  မိမိတို့အနေဖြင့် မှတ်ပုံတင်ကဒ်တွင် ရေးသွင်းခဲ့သည့်အချက်သည် ကာယကံရှင်၏ တရားဝင် ပြောဆိုသည့် အချက်ကို အခြေခံရေးသွင်းထားရပြီး လူမျိုးတစ်မျိုးအနေဖြင့် တရားဝင်သတ်မှတ်ခြင်းကို သတ်မှတ် လုပ်ထုံးလုပ်နည်းများအတိုင်းသာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ နောင်လာမည့်ကာလများ တွင်လည် မည်သည့်မျိုးနွယ်စု၊ မည်သည်‌့လူမျိုးမှာ ပါဝင်ကြောင်းကို အလေးအနက်ထား ဆောင်ရွက် နေပါကြောင်း၊ ယခုအခါ တိုင်းရင်းသားရေးရာဝန်ကြီးဌာနများ ပေါ်ပေါက်လာပြီဖြစ်သည့်အတွက် မိမိတို့ ဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာန အထူးသဖြင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနက ဦးစီးသတ်မှတ် ပြဋ္ဌာန်းခြင်း၊ သုံးသပ်ခြင်းများ ဆောင်ရွက်ပေးမည်ဆိုပါက တိုင်းရင်းသားများအားလုံးအတွက် လက်ခံနိုင် သော အဖြေ တစ်ခု ရရှိမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။