E.T.E.C ညနေပိုင်း အင်ဂျင်နီယာသင်တန်းကို ၁၉၅၄-၅၅ ပညာသင်နှစ် မှစ၍ ၁၉၉၀-၁၉၉၁ အထိ ဖွင့်လှစ်ခဲ့ပါကြောင်း၊ ရန်ကုန်မြို့ နတ်မောက် စက်မှုလက်မှုအထက်တန်း ကျောင်း အမှတ်(၁)နှင့် စက်မှုလက်မှုသိပ္ပံ(မန္တလေး)တို့တွင် ဖွင့်လှစ်ခဲ့ပါကြောင်း၊ သင်တန်းကာလမှာ သုံးနှစ်ဖြစ်ပါကြောင်း၊ သင်ကြားသော ဘာသာရပ်များမှ မြို့ပြ (Civil)၊ လျှပ်စစ်စွမ်းအား (Electrical Power)၊ စက်မှုစွမ်းအား (Mechanical Power) တို့ ဖြစ်ပါကြောင်း၊ ထို့နောက် E.G.T.I ညနေပိုင်း အင်ဂျင်နီယာသင်တန်းကို စက်မှုစိုက်ပျိုးနှင့် သက်မွေးပညာဦးစီးဌာနလက်အောက်ရှိ စက်မှုလက်မှုသိပ္ပံကို ၁၉၆၉-၇၀ ပညာသင် နှစ်မှ ၁၉၉၅-၉၆ ခုနှစ်အထိ ဖွင့်လှစ်ခဲ့ပြီး အင်းစိန် (GTI) တစ်ကျောင်းကို သာ ဖွင့်လှစ်နိုင်ခဲ့ပြီး ၁၉၉၈-၉၉ ပညာသင်နှစ်မှ ၂၀၀၁-၀၂ ပညာသင်ထိ ထပ်မံဖွင့်လှစ်ခဲ့ပြီးနောက် ယနေ့အထိ ဖွင့်လှစ်နိုင်ခြင်း မရှိခဲ့ပါကြောင်း၊ E.G.T.I သင်ကြားသောဘာသာရပ်များ မှ မြို့ပြ(Civil)၊ လျှပ်စစ်စွမ်းအား(Electrical Power)၊ စက်မှုစွမ်းအား (Mechanical Power) တို့ဖြစ်ပါကြောင်း၊ သင်တန်းကာလမှာ သုံးနှစ်ဖြစ်ပြီး အောင်မြင်ပါက E.G.T.I ဒီပလိုမာဘွဲ့ရရှိမည်ဖြစ်ပြီး ၎င်းဘွဲ့မှာ A.G.T.I နှင့် အရည်အချင်း အတူတူ ဖြစ်ပါကြောင်း၊ ညနေပိုင်း အင်ဂျင်နီယာသင်တန်းဖြစ်သော နတ်မောက် အထက်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားခဲ့သည့် E.T.E.C ဒီပလိုမာသင်တန်းနှင့် အင်းစိန် GTI ကျောင်းတွင် ဖွင့်လှစ်သော E.G.T.I သင်တန်းများ ဖွင့်လှစ်ပေးရန်အစီအစဉ်ရှိ/မရှိ နှင့် ဖွင့်လှစ်ပေးမည်ဆိုပါက မည်သည့်အချိန်၊ မည်သည့်ကာလတွင် ဖွင့်လှစ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
E.T.E.C (Evening Classes for Technical Education Course)၊ E.G.T.I (Evening Government Technical Institution Course) များသည် နိုင်ငံအတွက် အကျိုးပြုသော၊ Course များဖြစ်ပါကြောင်း၊ E.T.E.C ကို ၁၉၅၄ မှ ၁၉၉၁ အထိ ဖွင့်လှစ်ခဲ့ပါကြောင်း၊ ဖွင့်လှစ်သည့်နေရာများမှ အင်းစိန် GTI ၊ မန္တလေး GTI ၊ ရန်ကုန်မြို့ အစိုးရစက်မှုလက်မှု အထက်တန်းကျောင်း အမှတ်(၁)၊ အမှတ်(၂)တို့ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် အင်းစိန် GTI မှ ပြုပြင်ဆဲနှင့် ပြန်လည်ဖွင့်လှစ်ရန် ဆောင်ရွက်ဆဲ အနေအထားဖြစ်ပါကြောင်း၊ ရန်ကုန်မြို့တွင်ရှိသည့် စက်မှု အ.ထ.က (၁)ကို စင်ကာပူ-မြန်မာ သက်မွေး ပညာသင်ကျောင်းဖြင့် လုပ်ငန်းများ ဆောင်ရွက်နေသကဲ့သို့ စက်မှု အ.ထ.က(၂) ကတော့ သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်အဖြစ် ဆောင်ရွက်ထားရှိပါကြောင်း၊ E.G.T.I ကို ၁၉၉၆ နှစ်အထိ အင်းစိန် GTI တစ်ခုတည်းတွင် ဖွင့်လှစ်ခဲ့ပြီး ၎င်းအင်းစိန် GTI ကို ယခု နှစ်တွင် ပြန်လည်လွှဲပြောင်းရရှိခဲ့ပြီး ကျောင်းများ၊ သင်တန်းများ ဖွင့်လှစ်ရန်အတွက် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း စုစုပေါင်း ၅၆ ကျောင်းတွင် A.G.T.I ဒီပလိုမာ သုံးနှစ်သင်တန်းနှင့် စက်မှု အထက်တန်းကျောင်း နှစ်နှစ်သင်တန်းများ ဖွင့်လှစ်ဆောာင်ရွက် လျက်ရှိပါကြောင်း ၊A.G.T.I သင်တန်းကို အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းခဲ့ပြီး ၂၀၁၃-၁၄ ပညာသင်နှစ်မှစပြီး ဆောင်ရွက် နိုင်ခဲ့ ပါကြောင်း၊ ယခုအချိန်တွင်တတိယနှစ်သင်တန်းများ သင်ကြားလျက်ရှိပြီးစုစုပေါင်း ကျောင်းသား ဦးရေ ၆၈၄၅ ရှိပါကြောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် နည်းပညာအထက်တန်းကျောင်းများတွင် ပုံမှန်သင်တန်းများအပြင် ဒေသလိုအပ်ချက်နှင့်ကိုက်ညီသော ကျွမ်းကျင်မှုအခြေပြု ကာလတိုသင်တန်း များ သင်ကြားပေးလျက်ရှိပါကြောင်း၊ ၂၀၁၅ ခုနှစ် ဧပြီလမှစပြီး သင်တန်းအမျိုးအစားပေါင်း ၃၀ ခန့် သင်ကြားပေးပြီး ကျောင်းသားကျောင်းသူများ ၅၀၀၀ ကျော် လေ့ကျင့်သင်ကြားပေးလျက်ရှိပါကြောင်း၊ E.T.E.C သင်တန်းနှင့် E.G.T.I သင်တန်းများကို အင်းစိန် GTI ကြီး ပြင်ဆင်ဆောင်ရွက်ပြီး သင်တန်းပြသ မည့်ဆရာ/ ဆရာမများ စုစည်းပြီးသည့် အချိန်တွင် ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
