ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်တွင် အထက်တန်း ကျောင်းလေးကျောင်းရှိပြီး အ.ထ.က (ခွဲ) (၆)ကျောင်း ရှိပါကြောင်း၊ အထက်တန်းအဆင့်တွင် ဘာသာတွဲရှစ်တွဲ ရှိသည့်အနက် မိမိ နှစ်သက်ရာ၊ စိတ်ဝင်စားရာဘာသာတွဲကို ရွေးချယ်တက်ရောက် သင်ကြားခွင့်ရပါကြောင်း၊ သို့သော် မြို့ပေါ်အထက်တန်းကျောင်းအားလုံးတွင် သက်ဆိုင်ရာ ဝိဇ္ဇာဘာသာတွဲသင်ကြားပေးမည့် ဆရာဆရာမလိုအပ်ချက်ကြောင့် ဝိဇ္ဇာဘာသာတွဲသင်ယူခွင့် မရခဲ့ပါကြောင်း၊ အဋ္ဌမတန်းအောင်မြင်ပြီး နဝမတန်းသို့ မတက်ရောက်မီ ဘာသာတွဲရွေးချယ်ရာတွင် မိမိနှစ်သက်ရာ၊ စိတ်ဝင်စားရာ၊ အားသာရာ ဝိဇ္ဇာဘာသာတွဲတက်ရောက်လိုသော်လည်း ရွေးချယ်ခွင့်မရခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ လာမည့် ၂၀၁၇-၁၈ ပညာသင်နှစ်မှစ၍ ကြို့ပင်ကောက်မြို့နယ် မြို့ပေါ်အထက်တန်းကျောင်း သုံးကျောင်းအနက် ဝိဇ္ဇာဘာသာတွဲသင်ကြားပေးနိုင်မည့် အထက်တန်းကျောင်း စီစဉ်ဆောင်ရွက်ပေး နိုင်ပါရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်းမေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီး၊ကြို့ပင်ကောက်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း လေးကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲခြောက်ကျောင်း ရှိပါကြောင်း၊ ၂၀၁၆-၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းဘာသာတွဲ အတွဲ(၁)တွင် ကျောင်းသားကျောင်းသူဦးရေ ၆၁၁ ဦး၊ အတွဲ(၂)တွင် ၈၁ ဦး၊ အတွဲ(၇)တွင် ၅၃ ဦးရှိပြီး စုစုပေါင်း ကျောင်းသားကျောင်းသူ ၇၅၄ ဦးရှိပါကြောင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း လေးကျောင်းနှင့် အခြေခံပညာ အထက်တန်းကျောင်းခွဲခြောက်ကျောင်းတွင် ဘာသာတွဲ(၂) ဝိဇ္ဇာ ဘာသာတွဲသင်ယူသူ ကျောင်းသား/ ကျောင်းသူများမှာ ကြို့ပင်ကောက်အခြေခံအထက်တန်းကျောင်းတွင် နှစ်ဦး၊ ရွှေပန်းတောအခြေခံ ပညာအထက်တန်းကျောင်းတွင် ၄၉ ဦး၊ လယ်တီအခြေခံပညာ အထက်တန်းကျောင်းတွင် ၃၀ ဦး စသည်ဖြင့် စုစုပေါင်း ဝိဇ္ဇာဘာသာတွဲ သင်ယူသူ ၈၁ ဦးရှိပါကြောင်း၊ပန်းတင်အခြေခံပညာ အထက်တန်းကျောင်းနှင့် ကျန်အခြေခံပညာအထက်တန်း ကျောင်းခွဲခြောက်ကျောင်းတွင် ဘာသာတွဲ (၂)ဝိဇ္ဇာ ဘာသာတွဲသင်ယူသူမရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ဘာသာတွဲ(၂) ဝိဇ္ဇာဘာသာတွဲ သင်ယူသူကျောင်းသားကျောင်းသူများကို သင်ကြားပေးနိုင်သော ဆရာဆရာမများမှာ ကြို့ပင်ကောက် အခြေခံ ပညာအထက်တန်းကျောင်းတွင် ငါးဦး၊ ရွှေပန်းတော အခြေခံပညာအထက်တန်းကျောင်းတွင် ခြောက်ဦး၊ လယ်တီအခြေခံပညာအထက်တန်းကျောင်းတွင် ခုနစ်ဦး အသီးသီးရှိပြီး သင်ကြားသင်ယူမှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊
ပညာရေးဝန်ကြီးဌာနအနေဖြင့် အဋ္ဌမတန်းစာမေးပွဲအောင်မြင်ပြီး နဝမတန်းသို့ တက်ရောက်မည့် ကျောင်းသားကျောင်းသူများကို ဘာသာတွဲရွေးချယ်ရာမှာ မိမိတို့စိတ်ကြိုက်ရွေးချယ်မှုအခွင့်အလမ်း ပေးထားပါကြောင်း၊ သို့ဖြစ်ပါ၍ ဝိဇ္ဇာဘာသာတွဲသင်ယူလိုသူ ကျောင်းသူကျောင်းသားတိုင်း ဝိဇ္ဇာ ဘာသာတွဲ သင်ကြားခွင့်ရရှိနေပါသဖြင့် ဝိဇ္ဇာဘာသာတွဲကို သီးခြားသင်ကြားမည့် အခြေခံပညာ အထက် တန်းကျောင်း ဖွင့်လှစ်ရန်အစီအစဉ်မရှိပါကြောင်း ဖြေကြား ခဲ့ပါသည်။
