(စ)-၂၀၁၆-၁၇ ပညာသင်နှစ်တွင်တက္ကသိုလ်ဝင် တန်း ကျောင်းသားဦးရေမည်မျှရှိ၍သမိုင်းဘာသာ ရပ် ပြဋ္ဌာန်းစာများကို ပြန်လည်စိစစ်ပြဋ္ဌာန်းရန်အစီ အစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ (၁၇.၁၁.၂၀၁၆)

ဦးမင်းသိန်း (တောင်တွင်းကြီး)၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းကို ဖြေဆိုမည့်ကျောင်းသားဦးရေ မည်မျှရှိပါသနည်း၊ ၎င်း  ကျောင်းသား ဦးရေထဲတွင် သမိုင်းဘာသာတွဲဖြေဆိုမည့် ကျောင်းသားဦးရေ မည်မျှပါဝင်ပါသနည်း၊ထို့နောက် တက္ကသိုလ်ဝင်တန်း များတွင် ပြဋ္ဌာန်း ထားသည့် မြန်မာ့သမိုင်းပြဋ္ဌာန်းစာများကို ပြန်လည်ပြုစုရေးသားရန် အစီအစဉ်ရှိ/မရှိ မေးမြန်းလိုခြင်းဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်တန်း တွင် ဘာသာတွဲအမျိုးမျိုးရှိပါကြောင်း၊ ယခုလိုဘာသာတွဲအမျိုးမျိုးမှာ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာတွဲနှင့် ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒဘာသာတွဲများကိုသာ သင်ယူပြီးဖြေဆိုသည့် သူများကများပြားပါကြောင်း၊ သမိုင်းဘာသာတွဲကို သင်ယူသူနည်းပါး လှပါကြောင်း၊ သမိုင်းဘာသာတွဲကို သင်ယူသူကျောင်းသားများသည် အများကြိုက်သည့် ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ သစ်တောတက္ကသိုလ်စသည့် တက္ကသိုလ်များကိုတက်ရောက်ခွင့်၊ ဝင်ရောက်ခွင့် မရကြ ပါကြောင်း၊ ထို့ကြောင့် တက္ကသိုလ်ဘွဲ့ရအသီးသီးနှင့် ယနေ့လူငယ်လူလတ်ပိုင်းများသည် သမိုင်းဗဟုသုတ အလွန် နည်းပါးလာပြီး သမိုင်းကိုမသိရလေအောင် တမင်တကာဖန်တီးထားသကဲ့သို့ အချို့က သံသယဝင်နေကြပါကြောင်း၊ History is writing by the winner သမိုင်းကို အနိုင်ရသူ၊ အောင်မြင်သူကအရေးကြီးသည့် ၁၇ ရာစုက နပိုလီယန်၏ အယူအဆသည် အာဏာရှင်တို့ အကြိုက်ဖြစ်ခဲ့ပါကြောင်း၊ စာပေဝေဖန်ရေးဆရာ ဗင်ဂျီမင်နှင့် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ချာချီတို့ကလည်း ၎င်းစကားကို မကြာမကြာသုံးခဲ့ဖူးပါကြောင်း၊ သမိုင်းဝါသနာရှင်များ၊ သမိုင်းဆရာများသိကြပါကြောင်း၊ ၎င်းသမိုင်းကိုပြုစုခဲ့သည့် အချိန်ကာလအုပ်စိုးသူများ၏သြဇာသည် သမိုင်းစာအုပ်များအပေါ် သက်ရောက်နေတတ် ပါကြောင်း၊ မြန်မာ့သမိုင်းမှာလည်း ကျောင်းသားလေးတွေ သင်ယူနေရတဲ့ ပြဋ္ဌာန်းစာအုပ်တွေဟာ အုပ်စိုးသူ  အစိုးရ၏အလိုကျ ပြုစု၊ တည်းဖြတ်၊ ပြင်ဆင်ခဲ့ကြပါကြောင်း၊ သမိုင်းပါမောက္ခဆရာကြီး ဒေါက်တာသန်းထွန်းက သမိုင်းကို မအ အောင်သင်ရသည်ဟု ပြောခဲ့ပါကြောင်း၊ သို့သော် သမိုင်းစစ်၊ သမိုင်းမှန်၊ ဘက်မလိုက်သည့် သမိုင်းမဟုတ်ဘဲ သမိုင်းမှား၊ သမိုင်းတု၊ သမိုင်းယောင်ဆောင်ထားသော ဝါဒဖြန့်သမိုင်းစာများကို သင်ကြားရ၊ ဖတ်ရပါက ပို၍ပင် အ သွား နိုင်ပါကြောင်း၊ ထို့ကြောင့် ဓာတုဗေဒ equation တစ်ခုသည် အလွန်အရေးကြီးသကဲ့သို့ ယနေ့ကျောင်းသားများသင်နေရသော သမိုင်းဝါကျ တစ်ကြောင်းသည်လည်းပဲ အလွန် အရေးကြီးလှပါကြောင်း၊ ထို့ကြောင့် ရှုထောင့်ပေါင်းစုံ၊ ဘက်ပေါင်းစုံ၊ ပုဂ္ဂိုလ်ပေါင်းစုံတို့၏အမြင်နှင့် ဘက်မလိုက်သော သမိုင်း၊ ဝါဒဖြန့်မဟုတ်သောသမိုင်းစာအုပ်များ၊ သမိုင်းပြဋ္ဌာန်းစာအုပ်များ ပြန်လည်ပြုစုရေးသားရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦး‌ဝင်းမော်ထွန်း၂၀၁၆-၂၀၁၇ ပညာသင်နှစ်၊ တစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်တန်း ပညာသင်ယူနေသော ကျောင်းသားကျောင်းသူ ဦးရေ စုစုပေါင်း ၄၁၅၄၈၆ ဦးရှိပါကြောင်း၊  တက္ကသိုလ်ဝင်တန်းတွင်ပို့ချနေသော ဘာသာအတွဲပေါင်း စုစုပေါင်း ၈ တွဲရှိပါကြောင်း၊ ၎င်း ၈ တွဲတွင် သမိုင်းဘာသာရပ်ကို သင်ကြားပေးနေသည့်ဘာသာရပ်က ၄ တွဲရှိသည့်အတွက် ပညာရပ်အတွဲ၏ ၅၀ ရာခိုင်နှုန်းရှိပါကြောင်း၊ လက်ရှိသမိုင်းဘာသာရပ်ပါဝင်သည့် ဘာသာအတွဲ ၄ တွဲတွင်  ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူဦးရေ စုစုပေါင်းသည် ၅၁၆၄၀ ဦးဖြစ်ပါကြောင်း၊ ကျောင်းသူ ကျောင်းသား ၁၀၀ ဦးတွင် ၁၃ ဦးသည် သမိုင်းဘာသာသင်ကြားလျက်ရှိပါကြောင်း၊မိမိတို့ ပညာရေး ဝန်ကြီးဌာနအနေဖြင့် ကျောင်းသူကျောင်းသားများကို စိတ်ကြိုက်ရွေးချယ်မှုကန့်သတ်ထားခြင်းမပြုပါကြောင်း၊မိမိတို့၏ အားသန်ရာ၊နှစ်ခြိုက်ရာ၊ဦးတည်ရာ၊ဝါသနာအရ စိတ်ကြိုက်ရွေးချယ်စေခြင်းဖြင့် သင်ယူမှုအခွင့်အလမ်းအားလုံး ပေးထား ပါကြောင်း၊ဒုတိယမေးခွန်းဖြစ်သည့် သမိုင်းသင်ရိုးနှင့်စပ်လျဉ်း၍  မိမိတို့တွင် အစီအစဉ်များစွာရှိပါကြောင်း၊ ယခင်နှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အမျိုးသားပညာရေးဥပဒေအရ အမျိုးသားပညာရေးမူဝါဒကော်မရှင်ကို ပြီးခဲ့သည့် ပြည်ထောင်စုလွှတ်တော်ကြီး၏ အတည်ပြုချက်ဖြင့် ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊ ၎င်းဥပဒေအရ အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီကိုလည်း ဖွဲ့စည်းပြီး ဖြစ်ပါကြောင်း၊ အဆိုပါကော်မတီသည် သမိုင်းဘာသာရပ်သာမက အခြားသောဘာသာရပ်များကိုပါ စိစစ်တည်းဖြတ်ခြင်း၊ဖြည့်စွက်ခြင်း၊ထပ်မံ ဆန်းစစ်ခြင်းတို့အပြင် လိုအပ်သည်များ တိုးချဲ့သင်ကြားခြင်းတို့ကို ပညာရေးဝန်ကြီးဌာနသို့ ညွှန်ကြားဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။