(က)-လှိုင်သာယာမြို့နယ်မြို့သစ်များယာဉ်ကြောပိတ် ဆို့မှုမရှိသောမြို့နယ်များတွင်မော်တော်ဆိုင်ကယ်စီး နင်းခွင့်ပြုရန်နှင့်သက်ဆိုင်ရာမြို့နယ်အလိုက်လိုင်စင် များပြုလုပ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ (၁၇.၁၁.၂၀၁၆)

ဦးဉာဏ်လင်း(ရွှေပြည်သာမဲဆန္ဒနယ်)ရွှေပြည်သာမြို့သည် တောင်နှင့်မြောက် ၈.၂၀ မိုင်ရှိပြီးတော့ အရှေ့နှင့် အနောက် ၂.၅၆ မိုင်ကျယ်ဝန်းပြီး လူဦးရေ ၂၃၂၃၃၇ ဦး မှီတင်းနေထိုင်သော စက်မှုဇုန်မြို့တစ်မြို့ ဖြစ်ပါကြောင်း၊မြို့နေလူဦးရေ၏ ၉၀ ရာခိုင်နှုန်းကျော်သည် သာမန်လက်လုပ်လက်စား၊ စက်ရုံလုပ်သား အခြေခံလူတန်းစားများ ဖြစ်ကြပါကြောင်း၊မြို့နယ်အတွင်း လမ်းပေါင်း ၁၄၅၆ လမ်းရှိပြီး ကတ္တရာလမ်း၊ ကွန်ကရစ် လုံးဝမခင်းရသေးသည့် မြေသားလမ်း ၇၃၉ လမ်းရှိပြီး ရန်ကုန် တိုင်းဒေသကြီးအတွင်း၌ လူမှုစီးပွားဖွံ့ဖြိုးမှု လွန်စွာနိမ့်ကျကျန်ရစ်နေသည့် မြို့သစ်တစ်မြို့ ဖြစ်ပါကြောင်း၊

မိမိတို့မြို့နယ်သည် ခရီးသည်တင် လိုင်းကားပြေးဆွဲသည့် အဓိကလမ်းကြောင်းသည် မြို့လယ်၌ လမ်းကြောင်းတစ်ကြောင်းသာရှိပြီး လူအများစုမှာ အိမ်ကနေ ကားဂိတ်၊ ဈေး၊ ဆေးရုံ၊ရုံး၊စက်ရုံ စသည့် နေရာများကို အချို့က မိုင်ဝက်ခန့် တစ်မိုင်ကျော်သည်အထိ နေ့စဉ် လမ်းလျှောက်ပြီး သွားရောက်လုပ်ကိုင်နေကြရပါကြောင်း၊ စက်ရုံလုပ်သားများတွင် မိန်းကလေးလုပ်သား ၁၅၀ ရာခိုင်နှုန်းကျော် ပါဝင်နေပါကြောင်း၊ စက်ရုံအနည်းငယ်သာ Ferry ကားပေးနိုင်ပြီး ထို Ferry ကားများကလည်း နီးစပ်ရာ ဘတ်စ်ကားပြေးလမ်းပေါ်သာ ချပေးခဲ့ပြီး အိမ်ကို လမ်း‌လျှောက်ပြန်ကြရပါကြောင်း၊ ထိုကဲ့သို့ ခရီးသွားလာရေး ပင်ပန်းဆင်းရဲမှုဒဏ်ကို မခံနိုင်ကြသဖြင့် ဆိုင်ကယ်ဖြင့် ဈေးသွားဈေးပြန်၊ ကျောင်းပို့ ကျောင်းကြို၊ အလုပ်သွားအလုပ်ပြန် စသဖြင့် သွားလာရေးအခက်အခဲပြဿနာများကို ဖြေရှင်းကြရပါကြောင်း၊ ထို့ကြောင့် ရွှေပြည်သာတွင် အိမ်တိုင်းလိုလိုတွင် ဆိုင်ကယ်သည် မရှိမဖြစ် အနေအထားဖြစ်လာပါကြောင်း။ သို့သော် ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်စသည့် မြို့သစ်များတွင် ဆိုင်ကယ်စီးခွင့် မပြုကြောင်းကို ၁၉၉၄ ခုနှစ်ခန့်က အမိန့်ထုတ်ပြန်ထားသည့်အတွက် မြို့နယ်စီမံချက်၊ ခရိုင်စီမံချက်ဟူ၍ မကြာခဏ ဖမ်းဆီးခံခဲ့ကြရပါကြောင်း၊ ရွှေပြည်သာမြို့နယ်တွင် ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ခံရသည့်အကြောင်းကို လေ့လာကြည့်ရာ နေပြည်တော်တွင် အစိုးရရုံးမစိုက်မီကာလက ရန်ကုန်မြို့တွင် အဓိကပုဂ္ဂိုလ်၏ လမ်းကြောင်းများ အနှောင့်အယှက်ဖြစ်၍ ယာဉ်ကြောပိတ်ဆို့သည်ဆို၍ ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ခံရသည့် အထဲတွင် ရွှေပြည်သာမြို့နယ် ပါဝင်သွားသည်ကို လေ့လာသိရှိရပါကြောင်း၊ ရွှေပြည်သာမြို့နယ်တွင် မည်သည့်အဓိကပုဂ္ဂိုလ်လမ်းကြောင်းမှ မရှိသကဲ့သို့ ယာဉ်ပိတ်ဆို့မှုလည်း လုံးဝ မရှိပါကြောင်း၊ ဆိုင်ကယ်စီးခွင့် ရသင့်သော်လည်း မရခဲ့သဖြင့် သွားလာရေး အခက်အခဲဖြစ်နေသည်မှာ အနှစ် ၂၀ ကျော်ခန့် ရှိပြီဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်စသည့် မြို့သစ်များနှင့် ယာဉ်ကြောပိတ်ဆို့မှု မရှိသောမြို့သစ်များတွင် ဆိုင်ကယ်စီးနင်း ခွင့်ပြုရန်နှင့် သက်ဆိုင်ရာမြို့နယ်အလိုက် ဆိုင်ကယ်စီးနင်းခွင့်လိုင်စင်များ ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်စီးရေများပြားလာ ခြင်း၊ ယာဉ်တွေ စည်းကမ်းတကျမောင်းနှင်မှုမရှိခြင်း၊ ပြိုင်မောင်းခြင်းများကြောင့် ယာဉ်အန္တရာယ် များပြားလာသဖြင့် လမ်းအသုံးပြုသူများ သွားလာမှုလွယ်ကူချောမွေ့ရေး၊ ယာဉ်အန္တရာယ် လျော့ကျစေ ရေးအတွက် ၁.၄.၁၉၉၉ ရက်နေ့မှစပြီး မော်တော်ဆိုင်ကယ်များကို ရန်ကုန်စည်ပင် သာယာရေးနယ်နိမိတ်အတွင်း မှတ်ပုံတင်ခွင်‌့မပြုရန် ရန်ကုန်တိုင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ၏ ညွှန်ကြားချက်အရ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ရန်ကုန်တိုင်း စည်ပင်သာယာရေး နယ်နိမိတ်အတွင်း မော်တော်ဆိုင်ကယ်များ မှတ်ပုံတင် ခွင့်မပြုခဲ့ခြင်း ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၄၅ မြို့နယ် ရှိသည့် အနက် ၃၁ မြို့နယ်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဧရိယာနယ်နိမိတ် အတွင်းမှာ ရှိသည့် အတွက် ၁၃.၁၁.၂၀၁၄ ရက်နေ့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ခွင့်ပြုချက်မရှိဘဲ မော်တော်ဆိုင်ကယ်စီးနင်းခြင်း၊ ဝင်ရောက်ခြင်းမပြုရန် အမိန့် အမှတ်( ၂/၂၀၁၄) ဖြင့် တားမြစ်သည့်အထဲတွင် ရွှေပြည်သာမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့ပါဝင်ပါကြောင်း၊  မော်တော်ဆိုင်ကယ်သည် မော်တော်ကားထက် စီးနင်းသူအား မတော်တဆထိခိုက်မှု အန္တရာယ် ပိုမိုဖြစ်ပွားစေပါကြောင်း၊ မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြည့်မည်ပါက ၂၀၁၆ ခုနှစ် ဇန်နဝါရီလကမှ စက်တင်ဘာလ အထိ ယာဉ်မတော်တဆနှင့် မော်တော်ဆိုင်ကယ်ကြောင့် ယာဉ်တိုက်မှုသည် ၁၂၅၄၅ ကြိမ်၊ ဒဏ်ရာရသူ ၂၀၀၇၄ ယောက်၊ သေဆုံးသူ ၃၆၀၃ ယောက် ဖြစ်ပါကြောင်း၊ မော်တော်ဆိုင်ကယ် မတော်တဆဖြစ်ပွားမှု တစ်နိုင်ငံလုံးအနေဖြင့် ကြည့်မည် ဆိုပါက ဖြစ်ပွားချိန် ၆၀၅၁  စုစုပေါင်း ၄၈.၂၃ ရာခိုင်နှုန်းရှိပြီး၊ ဒဏ်ရာရသူ ၉၇၉၀ ဦး ၊ ရာခိုင်နှုန်း အား ဖြင့် ၄၈.၇၇ ရာခိုင်နှုန်း နှင့် သေဆုံးသူ ၁၅၃၅ ဦး၊  ရာခိုင်နှုန်းအနေဖြင့် ၄၂.၆ ရာခိုင်နှုန်းရှိပါကြောင်း ၊

ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်အတွင်း ယာဉ်မတော်တဆဖြစ်ပွားမှု ၅၃ ချိန် ဝ.၈၈ ရာခိုင်နှုန်း၊ ဒဏ်ရာရသူ ၆၄ ဦး ဝ.၆၅ ရာခိုင်နှုန်းနှင့် သေဆုံးသူ ၁၆ ဦး၊ ၁.၀၄ ရာခိုင်နှုန်း ရှိသည်ကိုတွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ မြို့နယ်ရှိသည့် အနက် ၎င်းမြို့နယ်နှစ်ခုတွင် ဖော်ပြခဲ့သည့် နှုန်းကိုကြည့်မည်ဆိုပါက တားမြစ်ထားသည့် မြို့နယ်တွင် ၎င်းအကြိမ်ရေတွေဖြစ်နေသည့်အတွက် အန္တရာယ်ရှိသည်မှ သိသာထင်ရှားနေပါကြောင်း၊ ထို့ကြောင့် လူဦးရေထူထပ်သည့် ၎င်းမြို့နယ်များတွင် မော်တော်ဆိုင်ကယ်စီးနင်းမှုကြောင့် ပြည်သူများ ဘေးအန္တရာယ်ဖြစ်စေနိုင်၍  မော်တော်ဆိုင်ကယ်စီးနင်းခြင်းကို ခွင့်ပြုနိုင်ခြင်း မရှိသေးပါ‌ကြောင်းနှင့် လိုင်စင်ထုတ်ပေးခြင်း မရှိသေးပါကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဖြေကြားထားပါကြောင်း၊

မိမိတို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအ နေဖြင့် ဒေသအာဏာပိုင်ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောထားနှင့်အညီ ထုတ်ပြန်ထားသောအမိန့် ညွှန်ကြားချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ပြည်သူများဘေးအန္တရာယ်ဖြစ်စေနိုင်သဖြင့် လတ်တလော အခြေအနေတွင် မော်တော်ဆိုင်ကယ်စီးနင်းမှုအခြေအနေအား ခွင့်ပြုပေးနိုင်ခြင်းမရှိပါကြောင်း ဖြေကြားပါသည်။