ယနေ့အချိန်အခါတွင် မိမိတို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသား တိုင်းရင်းသား ပြည်သူများအားလုံး လုံခြုံစိတ်ချမှုနှင့်အတူ ဘက်စုံကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက် လာစေနိုင်ရေးအတွက် မိသားစု တိုင်းအနေဖြင့် စီးပွားရေးလုပ်ငန်းများကို ထူထောင် တည်ဆောက်ရန် လိုအပ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ခိုင်မာသော မြေဂရန်များ၊ အိမ်ထောင်စုတိုင်း လက်ဆုပ်လက်ကိုင် ရရှိနိုင်ရေးသည် အဓိကလိုအပ်ချက်ဖြစ်သည်နှင့်အညီ နိုင်ငံတော်အစိုးရအနေဖြင့် တာဝန်ယူ၊ တာဝန်ခံ၍ လုပ်ဆောင်ရန် လိုအပ်ပါသည်ဟု တင်ပြလိုပါကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော်အစိုးရအနေဖြင့် အခြေခံမိသားစု လူတန်းစားများအပါအဝင် နယ်မြေဒေသအားလုံး တပြေးညီဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ငွေစု၊ ငွေချေးလုပ်ငန်းများကိုလည်း ပြည်သူများအနေဖြင့် ခိုင်မာသောအိုးအိမ်မြေဂရန်နှင့် အိမ်ခြံမြေ ဂရန်များရှိမှသာ ယင်းတို့ကို ပေါင်နှံချေးငှားခြင်းများ ပြုလုပ်၍ မိသားစုစီးပွားရေးလုပ်ငန်းများကို မတည် ရင်းနှီးထူထောင်နိုင်မည်ဖြစ်ပါကြောင်း။
နိုင်ငံတော်မှ နိုင်ငံသူနိုင်ငံသား မိဘပြည်သူများကို ခိုင်မာသောအိုးအိမ်မြေဂရန်များ ရရှိစေရန် ဆောင်ရွက်ပေးရာတွင် အခက်အခဲများနှင့် ကြုံတွေ့ရမည်ကိုလည်း တွက်ချက်မိပါကြောင်း၊ မိဘ ပြည်သူ များအနေဖြင့် အိမ်ခြံရောင်းဝယ်ရေးစာချုပ်စာတမ်းများပျောက်ဆုံးခြင်း၊ ဂရန်ပျောက်ဆုံးခြင်း/သက်တမ်း ကုန်ဆုံးခြင်း၊ ညီတစ်ကိုမောင်နှမအချင်းချင်းအငြင်းပွားခြင်း စသည့် အရှုပ်အရှင်းများ ရှိနိုင်သော်လည်း မိဘ ပြည်သူများအနေဖြင့် ခိုင်မာသော အိုးအိမ်မြေဂရန်နှင့် အိမ်ခြံမြေဂရန်များရရှိမှသာလျှင် ပေါင်နှံချေး ငှား၍ မိသားစုစီးပွားရေးလုပ်ငန်းများကို ထူထောင်တည်ဆောက်နိုင်မှာဖြစ်သည့်အတွက် နိုင်ငံတော် အစိုးရအနေဖြင့် တာဝန်ယူ၊ တာဝန်ခံ၍ မိဘပြည်သူများကို အထူးစီမံချက်ချမှတ်၍ တစ်ပြည်လုံး အတိုင်းအတာအနေဖြင့် ခိုင်မာသောအိုးအိမ်မြေဂရန်နှင့် အိမ်ခြံမြေဂရန်မဖြစ်မနေ ပြုလုပ်ပေးနိုင်ပါရန် လျှောက်ထားတင်ပြပါကြောင်း၊ အထက်ပါ တင်ပြလျှောက်ထားတောင်းခံ မေးမြန်းမှုအပေါ် ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် မည်သို့၊ မည်ပုံ ကူညီပံ့ပိုးပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း(၁) အခြေခံမူများ၊ ပုဒ်မ ၃၇ ပုဒ်မခွဲ(က)တွင် နိုင်ငံတော် သည် နိုင်ငံတော်ရှိမြေအားလုံး၊ မြေပေါ်မြေအောက်နှင့် လေထုအတွင်းရှိ သယံဇာတပစ္စည်းအားလုံး၏ ပင်ရင်း ပိုင်ရှင်ဖြစ်သည် ဟူ၍လည်းကောင်း၊ ပုဒ်မ ၃၇ ပုဒ်မခွဲ(ဂ)တွင် နိုင်ငံသားများအား ပစ္စည်း ပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်၊ ကိုယ်ပိုင်လုပ်ကိုင်ခွင့်၊ တီထွင်ခွင့်နှင့် မူပိုင်ခွင့်တို့ကို ဥပဒေပြဋ္ဌာန်းချက်နှင် အညီ ခွင့်ပြုရမည်ဟု ပြဋ္ဌာန်းထားတာရှိပါကြောင်း။
မြေငှားစာချုပ်များဆောင်ရွက်ပေးခြင်းနှင့်ပတ်သက်ပြီးဆောက်လုပ်ရေးဝန်ကြီးဌာနမှ ရန်ကုန်တိုင်း ဒေသ ကြီး အတွင်းရှိ ဘိုးဘွားပိုင်မြေ၊ ဂရန်မြေ၊ အစိုးရမြေ၊ လိုင်စင်မြေ စသည့် အမျိုးအစားများအနက် ရန်ကုန် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ အစိုးရမြေများကိုသာ ဂရန်ပေးရပါကြောင်း။ ရန်ကုန်နှင့် မန္တလေး တိုင်းဒေသကြီးတို့၏ စည်ပင်သာယာရေးနယ်နိမိတ်အတွင်းများတွင် သက်ဆိုင်ရာ စည်ပင် သာယာရေး ကော်မတီများမှ လည်းကောင်း၊ နေပြည်တော် ကောင်စီတွင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီနှင့် ကျန်မြို့နယ်များတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ မြေငှား လိုင်စင်၊ မြေငှားစာချုပ်များ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
မြေဂရန်ထုတ်ပေးရာတွင် ၁၈၉၈ ခုနှစ် အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာများအက်ဥပဒေ ပုဒ်မ ၁၆ နှင့် နည်းဥပဒေအခန်း(၂)ပါ ဥပဒေများအရ အမှန်ခံစားခွင့်ရှိသူများကို သေချာစွာစိစစ်ပြီး မြေပိုင်ဆိုင်မှု ခိုင်မာစွာ တင်ပြလာလျှင် ဂရန်ထုတ်ပေးရေးအတွက် ဆောင်ရွက်ပေးရပါကြောင်း။ မြေဂရန်များ လျှောက် ထားမှုမရှိဘဲ ထုတ်ပေးမည်ဆိုပါက ၁၈၉၈ ခုနှစ် အောက်မြန်မာပြည် မြို့နှင့်ကျေးရွာများဥပဒေပါ ပြဋ္ဌာန်း ချက်များ၊ အထက်မြန်မာပြည် မြေနှင့်အခွန်စည်းမျဉ်းဥပဒေ၊ နည်းဥပဒေအရလည်းကောင်း၊ အမှန် တကယ်သက်ဆိုင်သူအား ထုတ်ပေးခြင်းမပြုမိဘဲ မသက်ဆိုင်သူထံသို့ ထုတ်ပေးခြင်းမျိုး ဖြစ်လာနိုင်ခြင်း တို့ကြောင့် မြေငှားဂရန် လျှောက်ထားသူကိုသာ စိစစ်ထုတ်ပေးရခြင်းဖြစ်ပါကြောင်း၊ မြေဂရန်များ ပျောက် ဆုံးခြင်းအတွက် မိတ္တူမှန်လျှောက်ထားနိုင်သလို သက်တမ်းကုန်ဆုံးခြင်းအတွက် သက်တမ်းတိုးခြင်းလည်း လျှောက်ထားဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ သွက်လက်မြန်ဆန်စေရန် အတွက် မြေငှားဂရန်များ ခွင့်ပြုပေးရာမှာ ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် မြေစီမံခန့်ခွဲသော ရုံး၊ ဌာနများအနေဖြင့် စီစဉ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း။
ခိုင်မာသော မြေဂရန်ရရှိခြင်းရန်အတွက် နိုင်ငံတော်အစိုးရမှ အထူးစီမံချက်ချမှတ်၍ တစ်ပြည်လုံး အတိုင်း အတာအနေဖြင့် အိမ်တိုင်ရာရောက် သွားရောက်စစ်ဆေး၍ မြေဂရန်များကို ပြုလုပ်နိုင်ရေးနှင့် ပတ်သက်၍ မြေဂရန်ရယူလိုသူများသည် မြေစီမံခန့်ခွဲသော ရုံး၊ ဌာနများသို့ လျှောက်ထားရန် လိုအပ်ပါကြောင်းနှင့် မြေစီမံခန့်ခွဲမှုပြုလုပ်နေသော ရုံး၊ ဌာနအသီးသီးမှလည်း လုပ်ငန်းစဉ်များကို အတတ်နိုင်ဆုံး ဖြေလျှော့၍ လျင်မြန်စွာဆောင်ရွက်ပေး လျက်ရှိပါကြောင်း။ မြေငှားစာချုပ် လျှောက်ထားခြင်း၊ လျှောက်ထားမှု မပြုခြင်းတို့သည် မြေအသုံးချသူ၏ သဘောဆန္ဒအတိုင်း လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိသော ကိစ္စရပ် ဖြစ်သည့်အတွက် မြေငှားစာချုပ် လာရောက်လျှောက်ထားခြင်းမရှိဘဲ အိမ်တိုင်ရာ ရောက်သွားရောက် စစ်ဆေးပြီး မြေငှားစာချုပ်ပြုလုပ် ပေးခြင်းကို ဆောင်ရွက်ပေး၍ မရပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။
