(စ)-ခန္တီးမြို့နယ်ရှိ နန်ပုတ်ချောင်းမှ အလတ်စားရေအားလျှပ်စစ် ထုတ်လုပ်နိုင်ရေးအတွက် ကွင်းဆင်းတိုင်းတာပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ (၁၆.၉.၂၀၁၄)

ဦးလှထွန်း( ခန္တီး မဲဆန္ဒနယ်)ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန် အစည်းအဝေး (၂၆) ရက်မြောက် ၈-၇-၂၀၁၄ ရက်နေ့တွင် ခန္တီး-ဟုမ္မလင်း-ဖောင်းပြင်မြို့များသို့ မဟာဓာတ်အားလိုင်း သယ်ယူရန်အခက်အခဲရှိကြောင်း ၂၄ နာရီ လျှပ်စစ်မီး ရရှိနိုင်ရေးအတွက် ဒေသအတွင်း ရေအရင်းအမြစ်များ ရှာဖွေတင်ပြကြရာ လျှပ်စစ်ဝန်ကြီးဌာနမှ ဖြေကြားရှင်းလင်း သွားကြောင်း၊ ခန္တီးမြို့နယ်အတွင်းရှိ နန်ပုတ်ချောင်းကို ရေအားလျှပ်စစ်ထုတ်ယူမည် ဆိုပါက ကျေးရွာ များရွှေ့ပြောင်းခြင်း၊ လယ်ယာမြေများ လျော်ကြေးပေးရခြင်းမရှိဘဲ ရေအားလျှပ်စစ် ထုတ်လုပ်နိုင် မည်ဟု သုံးသပ်မိပါကြောင်း၊ ယခု ထုတ်လုပ်ရရှိသည့် လျှပ်စစ်သည် ခန္တီးမြို့နယ်အပါအဝင် ထန်ပါခွေ၊ လဟယ်မြို့နယ်များအထိရရှိမည်ဟုလည်း သုံးသပ်ရရှိပါကြေင်း၊ သို့ပါ၍ နန်ပုတ်ချောင်းကို ရေအားလျှပ်စစ် ထုတ်လုပ်၍ ရနိုင်/မရနိုင် ကွင်းဆင်းလေ့လာတိုင်းတာရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။


 

ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမော်သာထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမော်သာထွေးခန္တီးမြို့၏အထက်ဘက် ၁၀ မိုင်ခန့်အကွာ ချင်းတွင်းမြစ်ပေါ်တွင် စီးဝင်လျက်ရှိသော နန်ပုတ်ချောင်းမှ အလတ်စား ရေအားလျှပ်စစ် တည်ဆောက်ရန်အတွက် ဌာနတွင်စူးစမ်းလေ့လာ တိုင်းတာထားပြီးသော အချက်အလက်မရှိပါသဖြင့် ဝန်ကြီးဌာနအနေဖြင့် အဆိုပါချောင်းမှ ဓာတ်အားထုတ်လုပ် ရရှိနိုင်ရေးအတွက် ဖြစ်မြောက် နိုင်စွမ်းရှိ/မရှိကို ယခုလာမည့် ပွင့်လင်းရာသီတွင် စူးစမ်းလေ့လာတိုင်းတာသွားမည်ဖြစ်ကြောင်း မိမိတို့ကိုထပ်မံပြီး အကြောင်းကြားပေးနိုင်မည်ဆိုပါက ယခု ပွင့်လင်းရာသီမတိုင်ခင် လာမည့်ခရီးစဉ်တွင် တခြားချောင်းများကျန်ရှိပါကလည်း မိမိတို့ကို လွှတ်တော်တွင် မေးခွန်းမေးစရာမလိုဘဲ တိုက်ရိုက် အကြောင်းကြားမည်ဆိုပါက လူအင်အားခွဲပြီး တစ်ပြိုင်နက် ဒေသတွင်း ကွင်းဆင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။