မိမိတို့နိုင်ငံတွင် မကြာမီနိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက် လာမည်ဖြစ်သောကြောင့် SME များနှင့် လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ Supermarketကြီးများ၊ ကုန်သည်ပွဲစားများ၊ ကုန်စည်ဒိုင်များနှင့် UNFCCT ကုန်သည်အသင်းကြီးနှင့် NGO အဖွဲ့များအနေဖြင့် ကြိုတင်ပြင် ဆင်မှုများ နိုးကြားနေရ မည်ဟု ယူဆမိသည့်အလျောက် နိုင်ငံ အတွင်း နေ့စဉ်နှင့် အမျှ သုံးစွဲနေသော အလေးချိန်ခွင်၊ အရောင်းအဝယ် အတိုင်းအတာ အရေအတွက်များကို နိုင်ငံတကာစံချိန်စံညွှန်းမီသော စံယူနစ်တစ်ခုသို့သုံးစွဲရန် အထူးလိုအပ်မည်ဟု ထင်မိပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် UNFCCTက စံကိုက်အလေးနှင့် အချိန်ကို ကြပ်မှတ်ဆောင်ရွက်နေသည်ကိုတွေ့ရှိရသော် လည်း နေရာဒေသ၊ လမ်းပန်းဆက်သွယ်ရေး နှင့် ရှေးရိုးအစဉ်အလာများပေါ် မူတည်၍ တင်း၊ တောင်း၊ ပုဒ်၊ အိတ်၊ အိုး၊ ပုလင်း၊ ဗူး၊ ခွက်၊ ဆွဲကြိမ်နှင့် ဓါတ်ခဲ အမျိုမျိုးကို အကြောင်းပြချက်အမျိုးမျိုးဖြင့် ကိုင်တွယ်နေကြပါကြောင်း၊ ထိုကဲ့သို့ စံချိန်းစံညွှန်း မရှိသော အချိန်အတွယ်များကို လမ်းလျှောက်ပွဲစားမှသည် နိုင်ငံတကာ Export လုပ်နေသော ကုမ္ပဏီများအထိ အခေါ်အဝေါ်အမျိုးအမည်အမျိုးမျိုးဖြင့် ယနေ့အထိရှိနေသုံးစွဲနေခြင်းသည် နိုင်ငံတကာ၏ အရောင်းအဝယ် စနစ်ကို အဟန့်အတားဖြစ်စေသည့်အပြင် မမှန်မကန် ဆောင်ရွက်နေခြင်းများ လည်း တွေ့ရှိရသောကြောင့် ၂၀၁၅ခုနှစ် After ကိုလည်း ကြိုဆိုရာ ရောက်မည်ဟု မထင်ပါကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်အရ လွတ်လပ်စွာရောင်းဝယ်ခွင့် ပေးသည်မှန်ပါသော်လည်း ဥပဒေစနစ် စည်းကမ်းမရှိလျင် တစ်နိုင်ငံလုံးတိုးတက်ရန် အကြောင်းလည်း မရှိနိုင်ပါကြောင်း၊ ယခု နိုင်ငံ အတွင်း ရောင်းဝယ်နေသည့် အချိန်အတွယ်များမှာ လျှပ်စစ်ကို ကီလိုဝက်နာရီ၊ ဆက်သွယ်ရေးတယ်လီဖုန်းကို မိနစ်၊ သစ်ကို တန်၊ ရေကို ကုဗမီတာ၊ လီတာ၊ စားသောက်ကုန်အမျိုးမျိုးကို Supermarket ကြီးများတွင် Matric စနစ်ဖြစ်သော လီတာ၊ ကီလို ဂရမ်ဖြင့် လည်းကောင်း၊ Digital ကတ္တားများဖြင့် လည်းကောင်း၊ အများဆုံး ရောင်းဝယ်ကြသော်လည်း ကွဲပြားမှု ရှိနေပါကြောင်း၊ အချို့မြို့ရွာများတွင် ဆန်စပါးကို ပေါင်း၊ ဆင်း၊ အိတ် စသည်ဖြင့်လည်းကောင်း၊ စားသုံးဆီကို ပိဿာ၊ ကျပ်သား၊ အလေးချိန်၊ ပီပါဖြင့် လည်းကောင်း ရောင်းဝယ်နေသည်ကိုတွေ့ရပါကြောင်း၊ ပီပါတွင်လည်း ပီပါ ၁ လုံးကို ၁၁၀ ပိဿာမှ ၁၁၅ ပိဿာ၊ ၁၁၆ပိဿာစသည်ဖြင့် ထည့်သောပိဿာချိန်မတူညီသည်ကိုလည်းတွေ့ ရှိရပါကြောင်း၊ စက်သုံးဆီကို လီတာ ဂါလံ၊ ပုံး၊ပီပါ စသည်ဖြင့်လည်းကောင်း၊ စွမ်းအင်ဝန်ကြီးဌာနမှ ယနေ့ရောင်းချနေသည်မှာ ကားဘောက်ဇာ အချိန်အတွယ်ဖြင့်ပေး၍ လီတာ၊ ဂါလံငွေကျပ် ဖြင့်လက်လီရောင်းနေရာ လီတာနှင့်ပေး၍ လီတာဖြင့်ရောင်း သင့်ပါကြောင်း၊ ပဲမှာမျိုးစုံများတွင်လည်း မြေပဲတောင့်ကို ပေါင်ဖြင့်လည်းကောင်း၊ တင်ချိန်၊ တင်းဆိုက်အမျိုးမျိုးဖြင့် ချိန်တွယ် နေကြ သည်ကိုတွေ့ရှိရပါကြောင်း၊ အခြားစိုက်ပျိုးသီးနှံဟူသမျှနှင့် သယံဇာတ ထုတ်ကုန်ပစ္စည်းများ တွင်လည်း အခေါ်အဝေါ်တူ၊ အရေအတွက်တူ တန်ဖိုးခြင်းမတူသော အရောင်းအဝယ်စနစ်ကို တိုင်းဒေသကြီး/ပြည်နယ်အလိုက်၊ ဒေသအလိုက်ယနေ့တိုင် ရောင်းဝယ်နေကြတာကိုတွေ့ မြင်နေရပါကြောင်း၊ အိန္ဒိယနိုင်ငံတွင်တစ်ချိန်က အရောင်းအဝယ်အလေးချိန်စနစ်ကို အမျိုးမျိုးသုံးစွဲနေရာမှ စံယူနစ်တစ်ခုတည်းကို သာ ပြောင်းလဲသုံးစွဲခဲ့ခြင်းကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု အချိန် တိုးမြင့်လာသည်ကို အကြောင်းပြုခြင်း အားဖြင့် နိုင်ငံတစ်နိုင်ငံ၏ DTPတိုးတက်ရန်နှင့် စံချိန်စံညွှန်း မှန်ကန်ရန် စံယူနစ်တစ်ခုအပေါ် အခေါ်အဝေါ် တစ်ခုတည်းကို ပစ္စည်းအမျိုးအမည်ကိုလိုက်၍ ဥပဒေပြုနိုင်မှသာ စံချိန်စံညွှန်း တစ်ရပ် ဖြစ်လာမည်ဖြစ်ပြီး တစ်နိုင်ငံလုံးတစ်ပြေးညီ တိုးတက်လာမည့်အပြင် တောင်သူလယ်သမားများ၏ ဆင်းရဲမွဲတေမှု လျော့ချရေး ကိုလည်း အထောက်အကူပြု မည်ဖြစ်သည့်အတွက် အရောင်းအဝယ်စနစ်တွင် နိုင်ငံတကာစံချိန် စံညွှန်းနှင့်အညီ ကုန်ပစ္စည်းအမျိုးအမည်လိုက်၍ စံအလေး၊ စံယူနစ်တစ်ခုတည်းသော အသုံးအနှုန်းကိုနိုင်ငံတော်မှ မည်ကဲ့သို့ ဥပဒေပြဋ္ဌာန်း ပေးပါမည်နည်း။ ဥပဒေပြဋ္ဌာန်းထားပါက ဥပဒေ စည်းမျဉ်းစည်းကမ်းကို လိုက်နာမှုရှိ/မရှိနှင့် လိုက်နာမှုမရှိလျှင် မည်ကဲ့သို့စီမံကွပ်ကဲ ဆောင်ရွက်မည်ကိုသိလိုပါမေးမြန်းပါသည်။
မိမိအနေဖြင့် ပထမဦးစွာ မြန်မာနိုင်ငံ၏ အလေး၊ တင်းတောင်း၊ အချိန်အတွယ် အချိန်နှင့်ပတ်သက်သော တည်ဆဲ အက်ဥပဒေ ၃ ခုအကြောင်း မြန်မာနိုင်ငံတွင် ၁၈၇၁ ခုနှစ်၊ အောက်တိုဘာ ၃၀ရက်နေ့တွင်အတည်ပြုခဲ့သော အိန္ဒိယ အက်ဥပဒေအမှတ် The Weights and Measures of Capacity Act ဆံ့သောပမာဏ၏ အလေးချိန်များနှင့် အချိန်အတွယ်ဆိုင်ရာ အက်ဥပဒေတွင် တင်းမှန် ၊ခွဲ၊ စိပ်၊ ပြည်၊စလယ်၊ ဂါလန် တို့နှင့် ပတ်သက်၍ လည်းကောင်း၊ ၁၈၈၉ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့သော အိန္ဒိယအက်ဥပဒေအမှတ် (၂) ၁၈၈၉ ခုနှစ် The Measures Of Length Act အရှည်တိုင်းတာခြင်း ဆိုင်ရာအက်ဥပဒေတွင် စံကိုက်၊ စံပေ၊ စံလက်မတို့နှင့်ပတ်သက်၍ လည်းကောင်း၊ ၁၉၃၉ ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းသော မြန်မာနိုင်ငံ အက်ဥပဒေအမှတ်(၁) ၁၉၃၉ ခုနှစ် The Measuring Basket Standardization Act တင်းတောင်းစံပမာဏအက်ဥပဒေတွင် တင်းမှန်၊ ခွဲ၊ စိပ်၊ ပြည်၊ စလယ်၊ ဂါလန်တို့နှင့် ပတ်သက်၍ လည်းကောင်း အဓိပ္ပာယ်ဖော်ပြချက်၊ ဥပဒေဆိုင်ရာ အခြားဖော်ပြချက်နှင့် ပြစ်မှုပြစ်ဒဏ်များကို ဖော်ပြထားပါသည်။
အလေး၊ အချိန်အတွယ်တင်းတောင်းနှင့် အတိုင်းအတာများဆိုင်ရာနှင့် ပတ်သက်၍ ရာဇသတ်ကြီးဥပဒေ၏ ပုဒ်မ ၂၆၄ တွင် မမှန်သော အချိန်အတွယ်ကိရိယာကို လိမ်လည်လှည့်ဖြားလိုသော သဘောဖြင့်သုံးခြင်းနှင့်ပတ်သက်၍ ပုဒ်မ ၂၆၅၊ ပုဒ်မ ၂၆၆၊ ပုဒ်မ ၂၆၇များ ပြဋ္ဌာန်း၍ ကျူးလွန်သည့် ပြစ်မှုအလိုက်ငွေဒဏ်၊ ထောင်ဒဏ်များကို သတ်မှတ်ပြဋ္ဌာန်းထားကြောင်း သိရှိရပါကြောင်း၊ အချိန်အတွယ်၊ အတိုင်းအတာများပြောင်းလဲလာမှု အခြေခံ အချက်အလက်များနှင့်ပတ်သက်၍လည်း Unit များဆိုင်ရာစနစ်များကို ယခင်က ကမ္ဘာ့နိုင်ငံအသီးသီးတွင် Foot-Pound-Second System(FPS)(British) စနစ်ဖြင့် အသုံးပြုကြရာမှာ အရှည်(length)ကို ပေ၊ အလေးချိန်(Mass)ကိုပေါင်၊ အချိန်(Time)ကိုစက္ကန့်နှင့် တိုင်းတာခဲ့သော်လည်း ၁၈၇၄ ခုနှစ်တွင် British Association for the Advancement of Science Centimeter-Gram-Second System (CGS) စနစ်ခေါ်(Metric) စနစ်ဖြစ်သော အရှည်(length)ကို စင်တီမီတာ၊ အလေးချိန်(Mass)ကို ဂရမ်၊ အချိန် (Time) ကို စက္ကန့်ဖြင့်လည်းကောင်း တိုင်းတာသည့် စနစ်ကို စတင်မိတ်ဆက်ခဲ့သည့်အပြင် ၁၈၈၉ ခုနှစ်တွင် ထပ်မံ၍ Meter, Kilogram, Second(MKS) စနစ်ကိုဖန်တီးခဲ့ရာ အရှည် (length)ကို မီတာ၊ အလေးချိန်(Mass)ကို ကီလို ဂရမ်၊ အချိန်ကို စက္ကန့်ဖြင့် တိုင်းတာလာခဲ့ကြရာ၊ ၁၉၆၀ ခုနှစ်တွင် the Eleventh General Conference on Weights and Measures မှ ယူနစ်များဆိုင်ရာ နိုင်ငံတကာစနစ် International System of Units (SI System)ကို ချမှတ်ပြီးကျင့်သုံးခဲ့ကြရာ ယနေ့ခေတ်၏ အတိုင်းအတာစနစ်များအားလုံးကို SI Systemကို အစားထိုးသုံးစွဲနေကြပြီး SI Systemသည် MKS System ကိုထပ်မံချဲ့ထွင်ထားခြင်း ဖြစ်ကြောင်းကိုတွေ့ ရှိရမှာဖြစ်ပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ လက်ရှိအချိန်တွင် ယှဉ်တွဲကျင့်သုံးနေတဲ့ တိုင်းတာမှုများမှာ-
(က) ရှေးမြန်မာဘုရင်များလက်ထက်ကတည်းက ကျင့်သုံးခဲ့တဲ့ ပြည်၊ တင်း၊ တောင်း၊ ပိဿာ၊ ကျပ်သား စသည့် ရှေးရိုးအစဉ်အလာစနစ်၊
(ခ) အိန္ဒိယနိုင်ငံနှင့် တွဲဖက်အုပ်ချုပ်ရာမှ စတင်ကျင့်သုံးခဲ့သော လက်မ၊ ပေ၊ ကိုက်၊ မိုင်၊ ဂါလံ စတဲ့ အင်္ဂလိပ်တိုင်းတာမှုစနစ်၊
(ဂ) ယနေ့ကာလကုန်တိုက်များနှင့် ထုတ်ပိုးပြီးကုန်စည်များတွင် သုံးသော လီတာ၊ ကီလိုဂရမ်၊ Metric တန် စသည့် Metric စနစ် အခေါ်အဝေါ်ယူနစ်များ စ ရောနှော နေတာကိုတွေ့ရမှာ ဖြစ်ပါကြောင်း။
ထိုသို့တိုင်းတာမှုစနစ်များ တွဲဖက်သုံးစွဲနေရသောကြောင့် လေ့လာစမ်းစစ်တွေ့ရှိရသည့် အခက်အခဲများ မှာ ရှေးရိုးမြန်မာ လက်ထက်စနစ်တွင် ဆတိုးကိန်း တစ်သမတ်တည်း မရှိသဖြင့် တွက်ချက်ရာတွင် လွယ်ကူမှု မရှိခြင်း၊ တစ်နိုင်ငံထဲတွင် ဒေသအလိုက်ရေတွက်ပုံကွဲလွဲခြင်း၊ ထုထည်တူသော ကုန်စည် အမျိုးမျိုး၏ အလေးချိန် မတူညီခြင်း၊ အလျား၊ မြေဧရိယာ၊ ဓာတ်ထုအချိန်အဝင်များအား အင်္ဂလိပ်စနစ်ကို ဆက်လက်သုံးစွဲနေခြင်းနှင့် နိုင်ငံ တကာနှင့် ကုန်သွယ်ရာတွင်လည်း နိုင်ငံတကာနှင့် ကူးသန်းရောင်းဝယ်ရာတွင် မိမိတို့ နိုင်ငံ၏တိုင်းတာမှု စနစ်အနေနှင့် တစ်သမတ်တည်း မဖြစ်သည့် ရောင်းဝယ် ဖောက်ကားရာတွင် ရှင်းလင်းလွယ်ကူမှုမရှိဘဲ အချိန်နှင့်လူ အင်အားသုံးစွဲရခြင်း၊ ပြည်တွင်း ယူနစ်ဖြင့် ဝယ်ယူထားသော ထုတ်ကုန်များကို ပြည်ပတင်ပို့ရန် Metric စနစ်ဖြင့် ပြန်လည်ထုတ်ပိုးချိန်တွယ်ရခြင်း၊ အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသတည်ထောင်ရာတွင် Metric စနစ်ကိုသာအသုံးပြုထားခြင်း၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ၊ ကုန်သွယ်စီးပွားဆက်သွယ်ရာတွင် သတ်မှတ် ချက်များ၊ စာလုံးများမတူညီပါက ကုန်သွယ်ရေးတွင် မျှတမှုမရှိခြင်း၊ ရောင်းဝယ်ရာမှာ အသိအမှတ်ပြုလိုက်သော ကုမ္ပဏီများက အာမခံ ထုတ်လုပ်သော အချိန်အတွယ်၊ အတိုင်းအတာ ကိရိယာ များကို အသုံးပြုမှု အားနည်းခြင်းတို့ကြောင့် ကုန်သွယ်ဘက်နိုင်ငံက မိမိတို့နိုင်ငံ၏ ချိန်တွယ် ထုတ်ပိုးမှုကို အသိအမှတ် မပြုဘဲ ပြန်လည် စစ်ဆေးသည့်အခါ အချိန်နှင့် ငွေကြေး၊ ကုန်ကျမှုပိုမိုများပြားလာသော အခက်အခဲများ ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ယခုအခါ အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးသည် အတိုင်းအတာများကို မီတာ၊ ကီလို ဂရမ်ဖြင့်သာ အခြေခံ၍ တိုင်းတာမှုပြုနေကြပြီဖြစ်သည့်နည်းတူစွာ မြန်မာနိုင်ငံတွင်လည်း နိုင်ငံတကာတွင် အသုံးပြုနေတဲ့ SI System ကို ပြောင်းလဲကျင့်သုံးရေးကို ဦးတည်ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင်လည်း မြန်မာနိုင်ငံ၏ အဓိက ပုဂ္ဂိုလ်များဖြစ်သော ဆန်၊ ပဲ၊ ပြောင်း၊ လယ်ယာထွက်ကုန် ပစ္စည်းကိရိယာများကို တင်ပို့ရာတွင် ကီလိုဂရမ်ကို အခြေခံတိုင်းတာတွက်ချက်ပြီးတော့ တင်ပို့လျက်ရှိသောကြောင့် စိုက်ပျိုး ထုတ်လုပ်သူများ၊ ရောင်းချသူများအပါအဝင် တစ်နိုင်ငံလုံးမှ SI System ကို တွင်ကျယ်စွာ လိုက်ပါပြောင်း လဲကျင့်သုံးနိုင်ရေး ဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေနှင့် သီးနှံကဏ္ဍဆိုင်ရာအသင်းအဖွဲ့များ၊ တစ်နိုင်ငံလုံးမှာ ရှိ ကုန်စည်ဒိုင်များ၊ ကုန်သွယ်လုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး အစဉ်အလာနှင့် လက်ရှိအခြေအနေကို မပျက်ယွင်းစေဘဲ ခေတ်နှင့်အညီ နိုင်ငံတကာစံနှုန်းမီသည့် ဖွံ့ဖြိုးတိုးတက်သော လက်ကားကုန်စည်ဒိုင်များ တိုးတက်ဖြစ်ထွန်းရေး စားပွဲဝိုင်း ဆွေးနွေးပွဲများကို ၂၀၀၈ ခုနှစ် မတ်လတွင် စတင်ပြုလုပ်ခဲ့ပြီးနောက် ကုန်စည်ဒိုင် အလုပ်ရုံဆွေးနွေးပွဲများကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ယခုအချိန်အထိ (၈) ကြိမ်မြောက်ကျင်းပခဲ့ ပြီးဖြစ်ပါကြောင်း၊ အဆိုပါ အလုပ်ရုံ ဆွေးနွေး ပွဲတွေမှ အလေး၊ တင်းတောင်း၊ အချိန်အတွယ်နှင့် ပတ်သက်ပြီး တစ်နိုင်ငံလုံးတွင် တစ်ပြေးညီဖြစ်စေရေး ဆုံးဖြတ်ချက်များ အပါ အဝင် ကုန်စည်ဒိုင်များ တိုးတက်ဖြစ်ထွန်းရေး၊ စည်းစနစ်တကျရောင်းဝယ်ဖောက်ကားရေး၊ ဈေးနှုန်း မှန်ကန်ရေးနှင့် အရည်အသွေး မှန်ကန်ရေးကိစ္စများပေါ်မှာ ဆုံးဖြတ်ချက်များစွာ ချမှတ်ထားပြီးဖြစ်ပါကြောင်းနှင့် ဆုံးဖြတ်ချက်များ အပေါ် ကုန်စည်ဒိုင်များ၊ ကုန်သွယ်ပွဲစားများမှ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသင်းအဖွဲ့များ အလိုက်လည်း တာဝန်ရှိသူ များက ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ အလေး၊ တင်တောင်း၊ အချိန်အတွယ်နှင့် အရည်အသွေး စံချိန်စံညွှန်းများကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ဦးစီး ဦးဆောင်ပြု ဆောင်ရွက်လျက်ရှိရာ အလေးချိန်အတိုင်း အတာနှင့်ပတ်သက်၍ နိုင်ငံတကာသုံး စနစ်သို့ ပြောင်း လဲနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခင် ဗဟိုသုတေသနဌာန လက်အောက်ရှိ စံသတ်မှတ်ရေးဌာနသည် Metric စနစ်ပြောင်းလဲရေးအတွက် ၁၉၇၀ ခုနှစ်ကျော် များက သုတေသန အဖွဲ့ခွဲ၍ လေ့လာခဲ့ပြီး ထိုအချိန်က ဆိုရှယ်လစ်စီးပွားရေးစနစ်ဖြစ်သောကြောင့် နိုင်ငံပိုင်လုပ်ငန်းများ အားလုံးကို Metric စနစ်ပြောင်းလဲရာတွင် ကုန်ကျမည့်စရိတ်ကို ခန့်မှန်း တွက်ချက်တင်ပြခဲ့ပါကြောင်း၊ မလွဲမသွေဆောင် ရွက်သင့်သော လုပ်ငန်းဖြစ်သောကြောင့် စက်မှုလုပ်ငန်းများ မဖွံ့ဖြိုးမီကတည်းက ဆောင်ရွက်ထားပါမှ အသားကျပြီးတော့ ကုန်ကျစရိတ်ပိုမိုသက်သာမှာဖြစ်ကြောင်းနှင့် ကူးပြောင်းမှုကာလကို ၁၀ နှစ်ကြာ သတ် မှတ်ကြေညာ၍ ဆောင်ရွက်သင့်ကြောင်းကို အစီရင်ခံခဲ့ပြီး အလေးချိန်နှင့် အတိုင်းအတာများ အရေးယူဆောင် ရွက်မှုအက်ဥပဒေမူကြမ်းကို ပြုစုခဲ့ကြောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ မြန်မာ့သိပ္ပံနှင့် နည်းပညာ သုတေသနဦးစီးဌာန စံသတ်မှတ်ရေးဌာနသည် အင်္ဂလိပ်ခေတ်ကပြဋ္ဌာန်းခဲ့သော အလေး၊ တင်းတောင်းဆိုင်ရာ ဥပဒေများ ခေတ်မမီတော့ခြင်း၊ သိပ္ပံနည်းကျမဖြစ်ခြင်း၊ ဌာနဖွဲ့စည်းပုံများပြောင်းလဲသွားပြီဖြစ်၍ တိကျစွာ အရေးယူ ဆောင်ရွက်မည့်ဌာနများ မရှိတော့ခြင်းကြောင့် ၂၀၀၇ ခုနှစ်မှာ အာဆီယံ နယူးဇီလန် အကူအညီပေးရေး အစီအစဉ်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာတွင် နယူးဇီလန်က ကျွမ်းကျင်သူတစ်ဦး မြန်မာနိုင်ငံသို့ စစ်တမ်းကောက် ယူခဲ့ပြီး ဥပဒေအရ တိကျစွာ တိုင်းတာမှုနည်းပညာဆိုင်ရာဥပဒေ (Legal Metrology Law) မူကြမ်းကို ကျွမ်းကျင်သူက ဖော်ပြခဲ့ပြီး မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသောဥပဒေများနှင့် ကိုက်ညီအောင် ညှိနှိုင်းဆောင် ရွက်ခဲ့ပါကြောင်း၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနသည် ၂၀၁၂ ခုနှစ် ဇူလိုင်လမှ ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်း ဝန်ကြီးဌာနအသီးသီးနှင့် အစိုးရ မဟုတ်သောအဖွဲ့အစည်းများ ပါဝင်သော စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာ ဥပဒေနှင့်တိကျတိုင်းတာမှုဆိုင်ရာ နည်းဥပဒေများ၊ ပြဋ္ဌာန်းရေးညှိနှိုင်းအစည်းအဝေး ၄ ကြိမ်ပြုလုပ်ခဲ့ရာ ဥပဒေအရတိကျစွာ တိုင်းတာမှု နည်းပညာဥပဒေ ပထမမူကြမ်း၏ အင်္ဂလိပ်ဘာသာနဲ့ မြန်မာဘာသာတို့ကို အရေးယူစစ်ဆေးမှုပြုလုပ်နိုင်မည့် အရင်းအမြစ်ရှိသောဌာနအဖွဲ့အစည်းထံမှ သဘောထားမှတ်ချက်များ တောင်း ခံခဲ့ပြီး တိကျတိုင်းတာမှုနည်းပညာဥပဒေအရ ပြည့်စုံသော SI Unit ကိုတရားဝင်အဖြစ်ကြေညာရမှာ ဖြစ်ပါကြောင်း၊ အခြားနိုင်ငံဥပဒေများကဲ့သို့ SI Unit နှင့် လက်ရှိရှေးရိုးတိုင်းတာမှုစနစ်များကို တိကျသော ပြောင်းလဲနှုန်း Convention များနှင့် ပူးတွဲအသုံးပြုသွားရမှာဖြစ်ပြီး အများပြည်သူများကို ပညာပေးမှုပြုလုပ်၍ ကျင့်သားရလာသည့် အချိန်တွင် Metric စနစ်သို့ပြောင်းလဲကျင့်သုံးရမှာဖြစ်သည့်အတွက် လုပ်ငန်း နယ်ပယ်အသီးသီးတွင်လည်း ယခုကတည်းက Metric စနစ်ဖြင့် ပြောင်းလဲကျင့်သုံး ထုတ်လုပ်ရောင်းဝယ် သွားကြရန်လိုအပ်ပါကြောင်း၊ ဥပဒေ အတည်ပြုပြီးပါက ချိန်တွယ်တိုင်းတာကိရိယာတွေကို စံချိန် စံညွှန်းမကိုက်အောင် မသမာမှုများ ပြုလုပ်ခြင်း မရှိစေရန် ပညာပေးပြီး စံချိန် စံညွှန်းကိုက်ထုတ်လုပ်မှုရှိ/မရှိ ကြီးကြပ်စစ်ဆေးမှုများပါဝင်လာမှာ ဖြစ်ပါကြောင်းနှင့် ချိန်တွယ်တိုင်းတာ ကိရိယာများ၊ ကတ္တားများ၊ ပေါင်ချိန်စက်များ အလေး၊ တင်းတောင်းစခါများကို မသမာမှုများမရှိစေရေး အတွက် အသုံးပြုချိန်တွယ်သော ချိန်တွယ်ကိရိယာများ၊ ထုတ်လုပ်သူများ၊ သုံးစွဲသူများနှင့် စပ်လျဉ်းသော သတ်မှတ်ချက်များလည်း ပါဝင်လာမှာ ဖြစ်ပါကြောင်း နိုင်ငံတကာ Metric Convention ဖြင့်ချိတ်ဆက် နိုင်ရန် အမျိုးသားတိကျတိုင်းတာမှုဌာန ထူထောင်ရမည်ဖြစ်ပြီး ဥပဒေအရ ကြီးကြပ် အရေးယူရေးအတွက် လိုအပ်သော စံအလေးချိန်၊ စံယူနစ်များ၊ စံကိုက်ကိရိယာတွေကို ဝယ်ယူစုဆောင်းမှုနှင့် စစ်ဆေးရေးအရာရှိများကိုလည်း သိပ္ပံနည်းကျတိုင်းတာနည်းများ လေ့ကျင့်သင်ကြားပေးရန် အချိန် ကုန်ကျစရိတ်များ လိုအပ်မှာ ဖြစ်ပါကြောင်း၊ Metric စနစ်ကို တဖြည်းဖြည်းနှင့် စနစ်တကျပြောင်းလဲမှု မျိုးဖြင့် နိုင်ငံအများစုက ပြောင်း လဲခဲ့ကြောင်း ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် SI Unit ကို တရားဝင် Unit အဖြစ်ကြေညာပြီး Metric စနစ်ဖြင့် ပြောင်းလဲ ကျင့်သုံးမည့် ဥပမာဖြစ်ပါကြောင်း၊ တိကျတိုင်းတာမှု နည်းပညာဥပဒေ မူကြမ်းကို ပြုစုနေပါကြောင်းနှင့် ဥပဒေ အတည်ပြုပြီးပါက ပြည်သူများ ကျင့်သား ရလာစေရန် အတွက် ချောမွေ့ စွာပြောင်း လဲနိုင်ရန် ဆောင်ရွက်နေ ပါကြောင်း၊ ဥပဒေစည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုရှိစေ ရန် အရေးယူ စိစစ်ခြင်းပြုနိုင်မည့် ဌာနများကို ညှိနှိုင်း နေပါကြောင်းနှင့် စံအလေး၊ စံယူနစ်၊ စံတိုက်ကိရိယာများ စုဆောင်းကာ စစ်ဆေးရေးအရာရှိ များကို လေ့ကျင့်သင်ကြား၍ Metric စနစ်သို့ပြောင်းလဲရေး အတွက် ပြည်သူ လူထုအကြား ပညာပေးဆောင် ရွက်လျက်ရှိပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။
