(ခ)-မတူပီ-ပလက်ဝကားလမ်းမှ ကျန်ရှိသော (၃၁)မိုင် လမ်းပိုင်းအား ကျောက်ချောလမ်းအဖြစ် အဆင့် မြှင့်တင်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ (၂၀.၂.၂၀၂၀)


မိမိတို့ ချင်းပြည်နယ်သည် တောင်ကုန်တောင်တန်းများပေါများသည့်အတွက် တစ်နေရာမှ တစ်နေရာ ရာသီမရွေးဆက်သွယ်သွားလာနိုင်ရန် ယခုချိန်အထိ အလွန်ခက်ခဲနေဆဲ ဖြစ်ပါကြောင်း၊ အထူး သဖြင့် မိမိ၏မဲဆန္ဒနယ်ဖြစ်သည့်ပလက်ဝမြို့နယ်သည် မြို့နယ်အတွင်း တစ်နေရာမှတစ်နေရာသို့ ဆက်သွယ်သွားလာသည့်အခါ၌သော်လည်းကောင်း၊ မိမိတို့ချင်းပြည်နယ်အတွင်းရှိ အခြားမြို့နယ် များနှင့် ပြည်မဒေသများသို့ ဆက်သွယ်သွားလာသည့်အခါ၌သော်လည်းကောင်း အင်မတန်မှခက်ခဲ သည့် အခြေအနေတွင်ရှိပါကြောင်း၊  ဥပမာအားဖြင့် ပလက်ဝမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် များအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအနေဖြင့် ပလက်ဝမြို့မှ မိမိတို့ ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့ကို သွားမည်ဆိုလျှင် ပုံမှန်အားဖြင့် ပလက်ဝ-ကျောက်တော်-စစ်တွေ၊ စစ်တွေ-ရန်ကုန်-နေပြည်တော် ထိုမှတစ်ဆင့် မန္တလေး-ဂန့်ဂေါ-ဟားခါး စသည်ဖြင့် အဆင့်ဆင့်ဖြတ်သန်းသွားလာကြရပါကြောင်း၊ နောက်လမ်းကြောင်း တစ်ခုက ပလက်ဝ-ကျောက်တော်၊ ကျောက်တော်မှအမ်းမြို့ကိုဖြတ်ပြီး နေပြည်တော်-မန္တလေး-ဂန့်ဂေါ-ဟားခါး စသည့်လမ်းကြောင်းအတိုင်း သွားလာကြရသည့် အခြေအနေ ဖြစ်ပါကြောင်း၊
ယခုအခါ ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့့်် ပြည်နယ်အတွင်း တစ်နေရာမှတစ်နေရာ အဆင်ပြေစွာ ဆက်သွယ်သွားလာနိုင်အောင် ချင်းပြည်နယ်မြောက်ပိုင်းအစွန်ဆုံး ကျီးခါးမြို့မှ တောင်ပိုင်းအစွန်ဆုံး ပလက်ဝမြို့အထိ ကားလမ်းဖောက်လုပ်ရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊  အဆိုပါလမ်းကြောင်းမှ မတူပီ-ပလက်ဝလမ်းသည် မိုင် (၁၃၀) ကျော် ရှည်လျားပြီး မင်းတပ်ခရိုင်လမ်းဦးစီးမှ (၂၇/၃) မိုင် လမ်းအထူးအဖွဲ့ ၁၂ မှ (၃၂/၄) မိုင် စုစုပေါင်း (၅၉/၇) မိုင် ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း၊ ကျောက်ချောလမ်းစသဖြင့် အပိုင်းလိုက် အသီးသီးတာဝန်ယူဆောင်ရွက်ခဲ့ပြီး ၂၀၁၉-၂၀ ဘဏ္ဍာရေး နှစ်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ကျောက်ချောလမ်း (၄၀) မိုင်ကို ဆောင်ရွက်ရန် လျာထားပြီးဖြစ်သည့်အတွက် နောက်ထပ်ကျောက်ချော လမ်းဆောင်ရွက်ရန်(၃၁)မိုင် ကျန်ရှိနေ သေးကြောင်း သိရှိရပါကြောင်း၊ မတူပီမြို့သည် ယခုအခါ ခရိုင်အဆင့်ရုံးစိုက်ရာမြို့ဖြစ်လာသည့် အတွက် ပလက်ဝမြို့မှ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများသည် မတူပီမြို့နှင့် ဆက်သွယ် သွားလာရန် ယခုထက်ပိုမိုလိုအပ်လာသည့်အခြေအနေဖြစ်သည့်အပြင် မတူပီမြို့မှတစ်ဆင့် ဟားခါးမြို့နှင့် အခြားမြို့များသို့လည်း ချိတ်ဆက်သွားလာနိုင်မည်ဖြစ်ပါကြောင်း၊  သို့ဖြစ်ပါ၍ ပလက်ဝမြို့နယ်မှ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ မတူမြို့နှင့် ထိုမှတစ်ဆင့် ပြည်နယ်အတွင်း အခြားမြို့နယ်များသို့ အဆင်ပြေစွာ ဆက်သွယ်သွားလာနိုင်ရန်အတွက် မတူပီ-ပလက်ဝကားလမ်းမှ ကျန်ရှိသော မြေသားလမ်း(၃၁)မိုင် လမ်းပိုင်းအား ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ယနေ့သည် ချင်းပြည်နယ်နေ့ ဖြစ်ပါကြောင်း၊  မိမိတို့ ချင်းပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဤမေးခွန်းကို ဖြေကြားသွားမည်ဖြစ်ပါကြောင်း၊ အစိုးရသစ်တက်လာသည့် ၂၀၁၆ ခုနှစ်တွင် ဝန်ကြီးဌာနကို လမ်းညွှန်မှုရှိလာပါကြောင်း၊  ၎င်းလမ်းညွှန်မှုက မြန်မာနိုင်ငံ၏အဆင်းရဲဆုံး ပြည်နယ် များဖြစ်သည့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၏ လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဦးစား ပေး(၁)အဖြစ် ဆောင်ရွက်ရန်လမ်းညွှန်မှုအရ ဝန်ကြီးဌာနအနေဖြင့် ချင်း ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၏ လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ ယနေ့ မိမိအနေဖြင့် ချင်းပြည်နယ်၏ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆောင်ရွက်ခဲ့မှုများမှာ ၂၀၁၆ ခုနှစ် အစိုးရသစ်တက်လာချိန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့က တင်ပြတောင်းဆိုလာသည့် အဓိကအချက်က ချင်းပြည်နယ်၊ ဟားခါးမြို့မှ  ပလက်ဝကိုသွားမယ်ဆိုလျှင် ၎င်းတို့က ကိုယ့်ပြည်နယ်ထဲတွင်သွားရသည့်မြို့ တစ်မြို့ကို နှစ်ညအိပ်၊ သုံးညအိပ်ခန့် သွားရသည်ဟုတင်ပြလာပါကြောင်း၊
၎င်းတင်ပြလာသည့် တင်ပြချက်က ဟားခါးမှ ပထမဦးဆုံး မန္တလေးမြို့ကို သွားရပါကြောင်း၊ မန္တလေးမြို့မှတစ်ဆင့် ရန်ကုန်မြို့ ထိုမှတစ်ဆင့် ရန်ကုန်မြို့မှ စစ်တွေမြို့ကို လေယာဉ်နှင့်သွားရပြီး ပြီးမှ စစ်တွေမြို့ကတစ်ဆင့် ကျော်တော်ကတစ်ဆင့် ပလက်ဝသွားရပြီး ၎င်းလမ်းကြောင်းကို သွားရန်အတွက် သုံးညအိပ်ခန့်သွားရပါကြောင်း၊  နောက်ငွေကြေးကုန်ကျရန်လည်း အများကြီးဖြစ် သည့်အတွက် ချင်းပြည်နယ်ထဲတွင် ဟားခါးမြို့မှ ပလက်ဝမြို့အထိသွားရန် နံပါတ်(၁) ဖြစ်ပါကြောင်း၊ နံပါတ်(၂)က ၎င်းအချိန်တွင် အိန္ဒိယနယ်စပ်မြောက်ဘက်အစွန်ဆုံးမြို့ ကျီးခါးမြို့ အထိလည်း မော်တော်ယာဉ်ဖြင့် သွား၍မရသေးပါကြောင်း၊  ၎င်းရှိနေသည့် နမ့်စန်ချောင်းတို့ မြစ်ကူး၊ ချောင်းကူးတံတားသုံးစင်း ကျန်နေသေး၍ ကားနှင့်သွား၍မရသည့်အခြေအနေရှိပါကြောင်း၊ ထိုအတွက် တင်ပြလာသည့် ပြည်သူလူထု၏တင်ပြချက်ကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် ထိုငါးနှစ် တာကာလအတွင်းတွင် မြောက်ဘက်အစွန်ဆုံး ကျီးခါးမှ  တောင်ဘက်အစွန်ဆုံး ပလက်ဝမြို့အထိ မော်တော်ကားဖြင့် သွားနိုင်အောင် ဆောင်ရွက်ပေးမည်ဟု ကတိပြုခဲ့ပါကြောင်း၊ ၎င်းကတိပြုခဲ့ သည့်အတိုင်း ယနေ့ ကားနှင့်သွား၍မရသည့် ကျီးခါးကို သွား၍ရစေရန် ကြားတွင်ရှိနေသည့် နမ့်စန်တံတားအပါအဝင် တံတားကြီးသုံးစင်းကို ကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပြီးဖြစ်သည့်အတွက် တီးတိန်မြို့မှ ကျီးခါးအထိ မော်တော်ကားနှင့် တောက်လျောက်သွားလို့ရပါကြောင်း၊  ၎င်းထက်ပိုပြီးတိုးတက် အောင်လုပ်ပေးနိုင်သည်မှာ တံတားတင်မက (၈၂)မိုင်အရှည်ရှိသည့်  ကျီးခါး-တွန်းဇံ-တီးတိန် လမ်းကြီး တစ်လမ်းလုံးကို လာမည့် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကွန်ကရစ် လမ်းနှင့် ကတ္တရာလမ်းအဖြစ် တစ်ပိုင်းလုံးအဆင့်မြှင့်တင်ပေးသွားပြီးဖြစ်မည် ဖြစ်ပါကြောင်း၊
ထိုမှဆက်စပ်လာပြီး တီးတိန်မြို့နှင့်သိုင်းငင်းကြားတွင် အပိုင်းက ယခုနှစ် ၂၀၂၀ ခုနှစ် စက်တင်ဘာ မကုန်ခင်တွင် လမ်းတစ်ပိုင်းလုံးကို ကွန်ကရစ်လမ်းနှင့် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပြီး ဖြစ်မည်ဖြစ်ပါကြောင်း၊ သိုင်းငင်းနှင့်ဟားခါးကြား (၉၄)မိုင်ပိုင်းကို World Bank ၏ ဒေါ်လာသန်း ၁၁၀ ဖြင့့်် မြှင့်တင်ရန်အတွက် ပညာရှင်များဆောင်ရွက်လျက်ရှိပါကြောင်း၊ ဟားခါးမြို့မှ မတူပီမြို့ ကြား (၁၇၃)မိုင် ရှိပါကြောင်း၊ ထိုအပိုင်းလည်း လွန်ခဲ့သည့် လေးနှစ်လောက်တွင် မိုးရာသီတွင် သွားမရသည့်အပိုင်း ဖြစ်ပါကြောင်း၊ နွေရာသီမှသွားလို့ရသည့် အပိုင်း ဟားခါး-မတူပီ (၁၇၃)မိုင် လုံးကိုလည်း ယခု နွေ၊ မိုး၊ ဆောင်း သွားလို့ရအောင် အမာခံလမ်းအဖြစ် အဆင့်မြှင့်တင်ပြီး ဖြစ်ပါကြောင်း၊ ယခု နောက်ဆုံးကျန်နေသည့် ပလက်ဝအပိုင်းတွင်  ပလက်ဝနှင့် မတူပီ (၁၃၅)မိုင် ရှိပါကြောင်း၊  ၎င်းအပိုင်းကို ပြီးခဲ့သည့်သုံးနှစ်တာကာလတွင် မြေသားလမ်း အဖြစ် ပြီးအောင်ဖောက် လုပ်ပေးနိုင်ခဲ့သည့်အတွက် ယနေ့ မော်တော်ယာဉ်များသွားလာနေပြီ ဖြစ်ပါကြောင်း၊ မြောက် ဘက်အစွန်ဆုံး ကျီးခါးမှ     တောင်ဘက်အစွန်ဆုံးပလက်ဝမြို့အထိ ယနေ့မော်တော်ယာဉ်များ သွားလာနေပါကြောင်း၊ မိမိတို့ မိုးတွင်းတွင်လည်း သွားနိုင်သည့့်အဆင့် ဖြစ်နေပါကြောင်း၊ ယနေ့ တောင်းဆိုသည်မှာ ကျောက်ချောလမ်းအဖြစ် တစ်လမ်းလုံး (၁၃၅)မိုင်ရှည်ပါကြောင်း၊ မတူပီ-ပလက်ဝ(၁၃၅)မိုင်ကို ကျောက်ချောလမ်း ဖြစ်ရန်အတွက် (၃၁)မိုင်သာကျန်ပါကြောင်း၊ ၎င်းအပိုင်း ကို ဆောင်ရွက်ပေးရန် တောင်းဆိုခြင်း ဖြစ်ပါကြောင်း၊
မိမိအနေဖြင့် ချင်းပြည်နယ်ထဲတွင် တီးတိန်ရိဒ်ဆိုပြီး အိန္ဒိယနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းမကြီး ရှိပါကြောင်း၊ ၎င်းလမ်းကို အိန္ဒိယနိုင်ငံက ဒေါ်လာသန်း ၁၀၀ ဖြင့် အဆင့်မြှင့်တင်ရန် Environmental Clearance ကိစ္စများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းလမ်းပြီးလျှင် ထိုလမ်းကြီး ကို အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် အဆင့်မြှင့်တင်သွားပါမည် ဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံ Grand 8 ဒေါ်လာသန်း ၁၀၀ ဖြင့် ထိုလမ်းကြီးအား  အဆင့်မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့က မြောက်ဘက်ပိုင်းတွင်ရှိသည့် တွန်းဇံမြို့၊ တီးတိန်မြို့နှင့် ကျီးခါးတို့မှ ပြည်သူများသည် မန္တလေးမြို့နှင့် ရန်ကုန်မြို့သို့ သွားလာလိုလျှင် အရင်ဆုံး သိုင်းငင်းကိုသွားရပါကြောင်း၊ သိုင်းငင်းမှတစ်ဆင့် ကလေးမြို့ကိုဆင်းပြီး ထိုမှတစ်ဆင့် မန္တလေးမြို့ကိုသွားသည့်အခါ လမ်းကြောင်းအရှည်ကြီးသွားရမည် ဖြစ်ပါကြောင်း၊ ၎င်းအတွက် အစိုးရအသစ် သက်တမ်းသုံးနှစ် အတွင်းတွင် မြောက်ပိုင်းတွင်ရှိသည့် ပြည်သူလူထုအတွက် အတိုဆုံးဖြတ်လမ်းသည် ကလေးမြို့ နားတွင်ရှိသည့် ရာဇဂြိုဟ်ရွာကို ဖြတ်ဖောက်ရန် တွန်းဇံမြို့မှ ရာဇဂြိုဟ်လမ်းထိ ယခု လမ်း အကြမ်းပေါက်ပြီး ဖြစ်ပါကြောင်း၊ ၎င်းလမ်းကြမ်းအား မော်တော်ကားဖြင့် ဖြတ်မောင်းပြီး စမ်းသပ်ပြီး ဖြစ်ပါကြောင်း၊ ၎င်းကို လမ်းချောဖြစ်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အကယ်၍ ၎င်းလမ်းကြီးသည် လမ်းချောဖြစ်သွားလျှင် နောက်ပိုင်းတွင်ရှိသည့် တွန်းဇံ-ကျီးခါး-တီးတိန်မြို့မှ ပြည်သူများသည် အောက်ကိုဆင်းပြီး တကွေ့တပတ်ကြီးသွားစရာမလိုဘဲ ဖြတ်လမ်းမှ သွားမည်ဆိုလျှင် ရာဇဂြိုဟ်ရောက်ပြီး ထိုမှအချိန်တိုအတွင်း မုံရွာ-မန္တလေးတို့ကို ဆင်းလာနိုင်မည် ဖြစ်ပါကြောင်း၊
တစ်ပြိုင်နက်တည်း ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့့််  ချင်းပြည်နယ်တွင် မီးရထားလမ်းနှင့် ဘူတာရုံမရှိပါကြောင်း၊ သင်္ဘောနှင့်လည်းသွားလို့ မရပါကြောင်း၊ လှေ၊ သင်္ဘောသွားလို့မရသည့် အနေအထား ဖြစ်ပါကြောင်း၊ လေယာဉ်ကွင်းလည်းမရှိပါကြောင်း၊ ကားလမ်းတစ်ခုတည်း ဖြစ်သည့်အတွက် ကားလမ်းများဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးပါဟု အဆိုပြုခဲ့သည့့်အတွက် မိမိ တို့သည် မော်တော်ကားလမ်းများကို ဦးစားပေးဆောင်ရွက်ခဲ့သည် ဖြစ်ပါကြောင်း၊ ယခု ပို့ဆောင်ရေးဝန်ကြီးဌာနက ဆူပုံလေယာဉ်ကွင်းကြီးကိုလည်း မကြာမီဖွင့်လှစ်တော့မည် ဖြစ်ပါ ကြောင်း၊ မိမိတို့ ဖလမ်းရိဒ်နယ်စပ်ကုန်သွယ်ရေးလမ်းကြီးတစ်လမ်းကိုလည်း သုံးနှစ်တာ ကာလအတွင်းတွင် မိုးတွင်းကာလပါ သွားနိုင်ရန် အမာခံလမ်းအဆင့်မြှင့်တင်ခဲ့ပြီးဖြစ်ပါကြောင်း၊ စုစုပေါင်း (၆၇)မိုင် လမ်းကြီးတစ်လမ်းလုံးသည် နွေ၊ မိုး၊ ဆောင်းသွားနိုင်သည့် အခြေအနေရောက် ရှိပြီး ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် အိုက်ကားမှတစ်ဆင့်  လွေစွာ၊ လိုင်လင်းသီ စသည်ဖြင့် လွေစွာ၊ လိုင်လင်းသီလမ်းကိုလည်း လမ်းပေါက်အောင် ဖောက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကျန်နေသည့် မြေသားလမ်းများကို လာမည့်နှစ်များတွင် ကျောက်ချောလမ်းအဖြစ် ဆက်လက် မြှင့်တင်သွား မည်ဖြစ်ပါကြောင်း၊ ဂန့်ဂေါ-အိုက်ကားလမ်းအား ရာသီမရွေးသွားလာနိုင်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊  လွေစွာ၊ လိုင်လင်းသီလမ်း (၅၈)မိုင် ယခုအစိုးရသစ်လက်ထက်တွင် ဖောက်လုပ်နိုင် ခဲ့ရာတွင် ကျန်နေသေးသည့်မြေသားလမ်း (၃၃)မိုင် ကျန်ပါကြောင်း၊ ၎င်း (၃၃)မိုင်မြေသားလမ်းကို လည်း လာမည့်နှစ်များတွင် ရန်ပုံငွေထည့်ပြီး လိုင်လင်းသီအထိ ကျောက်ချောလမ်းဖြစ်အောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဂန့်ဂေါ-အိုက်ကားလမ်း(၇၄) မိုင်သည် ရာသီမရွေးသွားလာနိုင် သည့်လမ်းဖြစ်ပါကြောင်း၊ ဟားခါးမှ ဆာဆီချောက်အထိ လမ်းရှိပါကြောင်း၊ ဟားခါး-ဆာဆီ ချောက်သည် အိန္ဒိယနယ်စပ်အထိ ရောက်ရှိသည့် လမ်းမကြီးဖြစ်ပါကြောင်း၊ မတူပီ-ပလက်ဝ ကားလမ်းမှ ကျန်ရှိသော (၃၁)မိုင် လမ်းပိုင်းအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း
ဆမီးနှင့် ပလက်ဝ-မတူပီလမ်း(၁၃၅)မိုင်တွင် (၃၁)မိုင်ကျန်ရှိပါကြောင်း၊ (၃၁)ကျန်ရှိနေသည့် နေရာသည် ဗွေလီမှ ဆမီးအထိ (၃၁)မိုင်ကျန်ရှိသည့်အပိုင်း ရှိပါကြောင်း၊ ၎င်းအပိုင်းအား လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှစပြီး ရန်ပုံငွေများထည့်သွင်းပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ကျောက်ချောလမ်းအဖြစ် ဆက်လက်အဆင့်မြှင်တင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြား ပါသည်။ 
ဦးစိန်အောင်(ပလက်ဝမဲဆန္ဒနယ်)    က    ဆက်စပ်မေးခွန်း မေးမြန်းပါသည်။ 
မိမိအဓိက မေးမြန်းသည်မှာ မတူပီ-ပလက်ဝကားလမ်းတွင် ကျန်ရှိသည့် ၃၂ မိုင်လမ်းပိုင်းအား ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ရန်ကိစ္စဖြစ်ပါကြောင်း၊ ယခုသတင်းမီဒီယာများတွင် ပလက်ဝ မြို့၏အခက်အခဲ အားလုံးသိကြမည် ဖြစ်ပါကြောင်း၊ ပလက်ဝမြို့နှင့် ကျောက်တော်မြို့ ကြားတွင် တိုက်ပွဲများနှစ်ပတ်လောက် ဆက်တိုက်ဖြစ်သည့်အခါတွင် စားနပ်ရိက္ခာများနှင့် ဆီများပြတ်လပ်ပြီး ဒုက္ခရောက်နေသည့်အနေအထားလည်း သတင်းမီဒီယာတွင် ကြားသိရပါကြောင်း၊ ချင်းပြည်နယ် သည် သာမန်အားဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ထဲတွင် ပလက်ဝမြို့မှာ ပိုခက်ခဲပါ ကြောင်း၊ ၎င်းကိုထောက်ရှုပြီး မတူပီ-ပလက်ဝ (၁၃၅) မိုင်အထဲမှ ယခုကျန်ရှိသည့် (၃၁)မိုင် မြေသားလမ်းအား လမ်းချောအဖြစ်အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန်အတွက် လာမည့်ပြင်ဆင် ဘတ်ဂျက်တွင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း        
ပလက်ဝ-မတူပီလမ်းပြီးလျှင် ပလက်ဝမြို့ထိရောက်ရန်အတွက် ပလက်ဝတံတားသည်လည်း ရှိပါကြောင်း၊ ယခု ပလက်ဝတံတားသည် သံဘောင်တပ်ဆင်ပြီးဖြစ်ပါ၍ သွားလာနိုင်ရန်အတွက် Load Test လုပ်ရပါကြောင်း၊ ပလက်ဝတံတားသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး နည်းပညာ အသစ်ဖြင့်တည်ဆောက်ထားသည့် သံမဏိကုန်းတံတားဖြစ်ပါကြောင်း၊ ပလက်ဝမြို့ ပြည်သူများ အတွက် တည်ဆောက်သည်ဖြစ်သည့်အတွက် (၁၃၅)မိုင်ထဲတွင် ၎င်းတံတားအပါအဝင် ဖြစ်ပါ ကြောင်း၊ ၎င်းတံတားပြီးလျှင် ပလက်ဝမြို့မှ မတူပီမြို့အထိ မော်တော်ယာဉ်ဖြင့် တောက်လျှောက် မောင်းနိုင်မည် ဖြစ်ပါကြောင်း၊ ယခင် (၃၁)မိုင်မြေသားလမ်းကိုလည်း မိမိတို့က ကျောက်ချောလမ်း အဖြစ် လာမည့်နှစ်တွင် ရန်ပုံငွေထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပလက်ဝတံတား သည် ယခုပြီးစီးပြီဖြစ်သည့်အတွက် Load Test လုပ်ပြီးပါက ပြည်သူများအတွက် အမြန်ဆုံး ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။