(ဆ)-မြန်မာနိုင်ငံတစ်ဝန်းမြို့နယ်များရှိ အ.ထ.က ကျောင်းများတွင် အားကစားလေ့ကျင့်ရေးပစ္စည်းများ ကို ထားရှိဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၈ ) ရက်မြောက်နေ့ (၁၉.၁၂.၂၀၁၉)

မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ်များတွင် အထက်တန်းကျောင်းများတွင် အားကစားလေ့ကျင့်ရေး ပစ္စည်းများကို ထားရှိဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းကို မေးမြန်းသွားမည်ဖြစ်ပါ ကြောင်း၊ အဆိုပါမေးခွန်းကို မေးမြန်းရခြင်းအကြောင်းအရင်းမှာ ယခင်ပညာရေးစနစ်တွင် မူလတန်းမှ အထက်တန်းအထိ ကျောင်းများတွင် အားကစားပြုလုပ်ရမည့်အချိန်များကို ထည့်သွင်း ထားပြီး ကျောင်းသား/ကျောင်းသူများ ဉာဏ်ပညာဖွံ့ဖြိုးတိုးတက် ရွှင်လန်းစေရန် ရည်ရွယ်၍ ကာယ လေ့ကျင့်ခန်းများ၊ ဘတ်စကတ်‌ဘော၊ ဘော်လီဘော၊ လန်ဒန်၊ သံပြားဝိုင်း၊ သံလုံးပစ်၊ အဝေးခုန် စသည့် အားကစားပညာရပ်များကို လေ့ကျင့်သင်ကြားပေးခြင်း၊ ကျောင်းသားအားကစားပွဲများကို နှစ်စဉ် ဒီဇင်ဘာလမှ ဇန်နဝါရီလအတွင်း ကျောင်းချိန်ပြင်ပတွင် လေ့ကျင့်ပေးလေ့ရှိခဲ့ပါကြောင်း။

မျက်မှောက်ခေတ်တွင် စာသင်ကျောင်းများရှိ ကျောင်းသား/ကျောင်းသူများသည် ကျောင်းစာမှလွဲ၍ မည်သည့်အားကစားမျှ လုပ်ဆောင်နိုင်ခြင်းမရှိသည့်အပြင် ကျောင်းပြင်ပတွင်လည်း ကျောင်းနှင့် ကျူရှင်ကို အိပ်ချိန်နှင့် စားချိန်ကို မနည်းအချိန်လု၍ လုပ်ဆောင်နေကြရပါသဖြင့် ကျောင်းသား/ ကျောင်းသူများ ကိုယ်လက်လေ့ကျင့်လှုပ်ရှားမှုများ နည်းပါးလာကြပြီး အချိန်ပြည့် ဘာသာရပ် အလိုက် ကျက်မှတ်လေ့လာနေရသည်ဖြစ်၍ မအားလပ်နိုင်အောင် ရှိနေကြပါကြောင်း၊ သို့ဖြစ်ပါ၍ မူလတန်းမှ အထက်တန်းကျောင်းများတွင် ခေတ္တခဏအားလပ်ချိန်၊ နားချိန်များတွင်                     က‌လေးငယ်များ ခြေလွှဲ၊ ခါးလှည့်၊ လက်လှည့်၊ အကြောလျှော့ပစ္စည်းများကို ကျောင်းအလိုက် ထား ပေးနိုင်မည်ဆိုပါက ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာလေ့ကျင့်၍ ရွှင်လန်းတက်ကြွစွာဖြင့် ပညာသင်ကြားရေးတွင် များစွာ အထောက်အကူ ပြုနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍  မြန်မာ နိုင်ငံတစ်ဝန်း မြို့နယ်အလိုက် အထက်တန်းကျောင်းများတွင် လည်းကောင်း၊ ကျွန်းစုမြို့နယ်ရှိ အထက်တန်းကျောင်းများတွင် လည်းကောင်း၊ အားကစားလေ့ကျင့်ရေး ပစ္စည်းများကို ထားရှိ ပေးနိုင်ခြင်း ရှိ/မရှိကို သိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာအဆင့်၏ လက်ရှိပညာရေးစနစ်တွင် အခြေခံပညာ ကျောင်းတိုင်းရှိ ကျောင်းသင်ဘာသာရပ် သင်ခန်းစာသင်ရိုးများတွင် စာသင်ချိန်များအပြင် ကာယ ပညာနှင့် အားကစားအချိန်များကိုပါ ထည့်သွင်းရေးဆွဲပြီး အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်းများတွင် ကာယပညာ ဆရာဆရာမများက သင်ကြားပေး လျက်ရှိပါကြောင်း၊ ကာယပညာဆိုင်ရာဆရာဆရာမများ ခန့်ထားခြင်းမပြုနိုင်သေးသည့်  အခြေခံ ပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်းများတွင် ကျောင်းအုပ်ကြီး၏ စီမံခန့်ခွဲမှုဖြင့် အားကစားဝါသနာပါပြီး အားကစားထူးချွန်သူဆရာဆရာမများကို ရွေးချယ်ပြီး သင်ကြားမှု ပြုစေခဲ့ပါကြောင်း၊ မူလတန်းအဆင့်ကျောင်းများတွင် ပညာရေးကောလိပ်က သင်တန်း ဆင်းလာသည့် ဆရာဆရာမများထဲမှ အားကစားဝါသနာပါ၍ အားကစားထူးချွန်သော ဆရာ ဆရာမများကို တာဝန်ပေးပြီးသင်ကြားရေးဆောင်ရွက်နေပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံ ပညာဦးစီးဌာနအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ခရိုင် ၆၃ ခုအတွက် နိုင်ငံခြားဖြစ် စားပွဲတင်တင်းနစ်ခုံ ၆၃ ခုပေးပို့ခဲ့ပါကြောင်း၊ ပြည်တွင်းဖြစ်  စားပွဲတင် တင်းနစ်ခုံ ၃၈၃၀ စုံ ကို တစ်ပြည်လုံးရှိ ကျောင်းများသို့ ဖြန့်ဖြူးပေးခဲ့ပါကြောင်း၊

၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် အခြေခံပညာဦးစီးဌာနအောက်ရှိကျောင်းများသို့ ကာယပညာ သင်ကြားရေးအတွက် အသုံးပြုရန်လိုအပ်သော ဘောလုံး ၁၀၄၉၆၆ လုံးနှင့် ဘော်လီဘော ဘောလုံး ၂၀၃၅၉ လုံး စုစုပေါင်း ၁၂၅၃၂၅ လုံးကို ပထမအကြိမ် ပေးပို့ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုနှစ်တွင် ဒုတိယအကြိမ် ထပ်မံခွဲဝေခဲ့ရာ ဘောလုံး ၂၇၃၈၁ လုံး၊ ဘော်လီဘောဘောလုံး ၂၀၃၅၉ လုံး စုစုပေါင်း ၄၇၇၄၀ လုံး ထပ်မံခွဲဝေခဲ့ရာတွင် ကိုယ်စားလှယ်တော်ကြီး၏ မဲဆန္ဒနယ်ဖြစ်သော တနင်္သာရီတိုင်းဒေသကြီးအတွက် ဘောလုံး ၃၀၅၈ လုံး၊ ဘော်လီဘောဘောလုံး ၆၀၂ လုံး စုစုပေါင်း ၃၆၆၀ လုံး ခွဲဝေပေးပြီး ကျွန်းစုမြို့နယ်အတွက်ကို ဘောလုံး ၃၇၀ လုံး၊ ဘော်လီဘောဘောလုံး ၈၀ လုံး စုစုပေါင်း ၄၅၀ လုံးအား ပေးပို့ဆောင်ရွက်ခဲ့ပါကြောင်း၊ ဒုတိယအကြိမ်အနေဖြင့်လည်း တနင်္သာရီတိုင်းဒေသကြီးအတွက် ဘောလုံး ၃၈၉၂ လုံး၊ ဘော်လီဘောဘောလုံး ၁၂၀၄ လုံး စုစုပေါင်း ၅၀၉၆ လုံးခွဲဝေခဲ့ပြီး ၎င်းအနက် ကျွန်းစုမြို့နယ်အတွက် ဘောလုံး ၄၇၈ လုံး ဘော်လီဘောဘောလုံး ၁၆၀ လုံး စုစုပေါင်း ၆၃၈ လုံး ခွဲဝေဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများသို့ ဆက်လက်ပြီး အားကစား လေ့ကျင့်ရေးပစ္စည်းများ ထောက်ပံ့နိုင်ရန် လျာထားဆောင်ရွက်ပြီးဖြစ်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်ကြီးတင်ပြသော ခြေလွှဲ၊ ခါးလှည့်၊ လက်လှည့်၊ အကြောလျှော့ပစ္စည်းများအတွက် လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။