(ဂ)-ချင်းပြည်နယ်၊ တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ် နှစ်ခုပေါင်း၍ တီးတိန်ခရိုင်အဖြစ် သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဥ္စမနေ့(၁၉.၁၁.၂၀၁၉)

တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်ရှိ လူဦးရေသည် ချင်းပြည်နယ် လူဦးရေ၏ လေးပုံ တစ်ပုံခန့် ရှိကြောင်း၊ ချင်းပြည်နယ်တွင် ခရိုင် လေးခုရှိပြီး ဖလမ်းခရိုင်၊ ဟားခါးခရိုင်၊ မင်းတပ်ခရိုင်နှင့် မတူပီခရိုင်တို့ ဖြစ်ကြောင်း၊ တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တို့သည် ဖလမ်းခရိုင်အတွင်းရှိ မြို့နယ်များအဖြစ် တည်ရှိခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီး ဖြစ်ကြောင်း၊ ကျီးခါးမြို့၊ တွန်းဇံမြို့နယ်နှင့် တီးတိန်မြို့နယ်တို့မှ ဖလမ်းခရိုင်သို့ သွားရာတွင် တိုက်ရိုက်လိုင်းကားများ မရှိပါသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးဖြစ်သည့် ကလေးမြို့ကို သွားရ ကြောင်း၊ ကလေးမြို့မှတစ်ဆင့် ဖလမ်းခရိုင်ရုံးကို မိုင် ၈၀ ခန့် ထပ်မံသွားရပါသဖြင့် ခရီးသွားချိန် နှစ်ရက်ကြာမြင့်ခဲ့ရကြောင်း၊ သို့ဖြစ်ပါ၍ တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်မှ ဌာနဆိုင်ရာများ၊ ပြည်သူများ၊ ခရိုင်ရုံးနှင့်ဆက်သွယ်ရာတွင် ကြုံတွေ့နေရသည့် အခက် အခဲများကို ထည့်သွင်းစဉ်းစားပေးပြီး တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ် နှစ်ခုပေါင်း၍ တီးတိန်ခရိုင်အဖြစ် သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၄ တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသအတွင်းရှိသည့် ကျေးရွာအုပ်စု/ရပ်ကွက်/မြို့/မြို့နယ် သို့မဟုတ် နယ်နိမိတ်များ ပြင်ဆင်ရန်၊ ဖွဲ့စည်းရန် သို့မဟုတ် အမည် ပြောင်းလဲရန် ပေါ်ပေါက်လျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြပြီး နိုင်ငံတော်သမ္မတက လိုအပ်သလို ဆောင်ရွက်ပေးရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊

ချင်းပြည်နယ်အတွင်းရှိ ကျေးရွာ/ကျေးရွာအုပ်စု/ရပ်ကွက်/မြို့/မြို့နယ် သို့မဟုတ် နယ်နိမိတ် များ ပြင်ဆင်ရန်၊ ဖွဲ့စည်းရန် သို့မဟုတ် အမည်ပြောင်းလဲရန်အတွက် လိုအပ်မည့် အခြေ အနေများ စိစစ်၍ ဦးစားပေး အစီအစဉ်အလိုက် ထောက်ခံတင်ပြခြင်းနှင့် အမှုတွဲ ပြုစုတင်ပြ ခြင်းတို့ကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ချင်းပြည်နယ်အတွင်းရှိ ခရိုင်/မြို့/ ရပ်ကွက်ကျေးရွာအုပ်စု/ကျေးရွာများ တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ် အစိုးရ အဖွဲ့အစည်းဝင်များ၊ ခရိုင်မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၁၉)ကို ၂၂-၈-၂၀၁၉ ရက် နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ၎င်းအစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် မေးမြန်းသည့် တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်နှစ်ခုအား ပေါင်း၍ တီးတိန်ခရိုင်အဖြစ် ဖွဲ့စည်းနိုင်ရေးကိစ္စကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း၊

အစည်းအဝေး၏ ဆုံးဖြတ်ချက်အပိုဒ်(က)အရ တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တို့ကို ဖွဲ့စည်းပြီး တီးတိန်ခရိုင်အဖြစ် တိုးမြင့်ဖွဲ့စည်းနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ပြီး ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ချင်းပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြရန် သဘောတူ ဆုံးဖြတ်ခဲ့ပါကြောင်း၊ ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ၃-၉-၂၀၁၉  ရက်နေ့တွ၍် တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တို့ကို စုစည်းပြီး တီးတိန်ခရိုင်အဖြစ် တိုးမြင့်ဖွဲ့စည်းနိုင်ရေးအတွက် အမှုတွဲအား လုပ်ထုံးလုပ်နည်းနှင့်အညီ ပြုစုပြီး နိုင်ငံတော် သမ္မတသို့ ဆက်လက်တင်ပြရန် သင့်/မသင့်အား ချင်းပြည်နယ် အစိုးရအဖွဲ့ အစည် အဝေး တွင် အတည်ပြုဆုံးဖြတ်ချက် ရယူပေးနိုင်ပါရန် တင်ပြခဲ့ပြီးဖြစ်ပါသဖြင့် ချင်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့် အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေး၍ ဆုံးဖြတ်ချက်နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။