မြစ်သားမြို့တွင် အရေးပါသော Class (A) အဆင့်ရှိသည့် ခရုတုပ်-လက်ပံပင်-ကျားမြီးဆွဲ-ကလုံလမ်းကို လမ်းအဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းမေးမြန်းသွားမည် ဖြစ်ကြောင်း၊ အဆိုပါလမ်းသည် ကင်းတားတမံသို့သွားရာလမ်းနှင့် ခရိုင်ချင်းဆက်လမ်း အမှတ်(၂)ကို ဆက်သွယ်ထားသော ၁ မိုင် ၄ ဖာလုံအရှည်ရှိသည့် Class(A) အမျိုးအစား ဝင်လမ်းဖြစ်ပါကြောင်း၊ ယခု မေးခွန်းပါလမ်းသည် မြစ်သားမြို့၏ အင်မတန်အဓိကကျသည့် လမ်းနှစ်ခုကို ဆက်သွယ်ပေးထားသော အရေးပါသည့် လမ်းဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ အဆိုပါလမ်းကို အဆင့်မြှင့်တင်ပေးမည်ဆိုပါက ယခုမေးခွန်းပါ ခရုတုပ်-လက်ပံပင်-ကျားမြီးဆွဲ-ကလုံရွာများသာမက အခြားနီးစပ်သည့် ဆက်စပ်ရွာများရှိ ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိသည်တို့ တိုးတက်မြင့်မားလာမည်ဖြစ်ပါသဖြင့် အဆိုပါလမ်းအား အဆင့်မြှင့်တင်ပေးနိုင်ရန်အတွက် မြစ်သားမြို့နယ်အတွင်းရှိ အရေးပါလှသော Class(A) အဆင့်ရှိ လမ်းဖြစ်သည့် ခရုတုပ်-လက်ပံပင်-ကျားမြီးဆွဲ-ကလုံလမ်းကို လမ်းအဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် အတွင်းရှိ ခရုတုပ်-လက်ပံပင်-ကျားမြီးဆွဲ-ကလုံ လမ်း၏လမ်းအရှည်သည် စုစုပေါင်း ၂ မိုင် ၄ ဖာလုံသာ ရှိပါကြောင်း၊ လမ်းသည် အရှည်ကြီး မဟုတ်ပါကြောင်း၊ ဤလမ်းသည် ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ စီမံခန့်ခွဲသောလမ်း ဖြစ်ပါကြောင်း၊ အဆိုပါ ၂ မိုင် ၄ ဖာလုံ အနက် ၁ မိုင်သည် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ဂဝံလမ်းအဖြစ် ခင်းခဲ့ပြီးဖြစ်သည့်အတွက် ၁ မိုင် ၄ ဖာလုံကျန်နေပါကြောင်း၊ ၎င်းအခက်အခဲသည် ၁ မိုင် ၄ ဖာလုံမှာ လမ်းကျသည့်အခါ အဆင့်(A)အဖြစ် သတ်မှတ်ထားပြီး အဆင့်(A)ဆိုလျှင် လမ်းပုခုံးလုပ်ရန်၊ ရေမြောင်းလုပ်ရန်အတွက် လမ်းနယ်ဆိုသည်မှာ လိုအပ်ပါ ကြောင်း၊ သို့သော်လည်း ၎င်းမှာ ဒေသခံများက လမ်းနယ်မပေးသည့်အတွက် လမ်းနယ်မရှိဘဲ လှည်းလမ်းအဆင့်ရောက်နေသည့်အတွက် အရင်ဆုံး Class(A)အဆင့် လမ်းနယ်ပေ ၁၀၀ မဟုတ်တော့ ဘဲ Class(A)ကို ပေ ၆၀ အထိ လျှော့ချထားသည့်အတွက် ပေ ၆၀ လမ်းနယ် ရရှိရေးအတွက်ကို အရင်ဦးဆုံး ညှိနှိုင်းပေးရန်လိုအပ်ပါကြောင်း၊ ညှိနှိုင်းပေးမှသာ ၎င်းကိုမြေသား လမ်းအဆင့်မြှင့် မည်ဖြစ်ကြောင်း၊ ထို့နောက် ကျောက်လမ်း၊ ကတ္တရာလမ်း Class(A)ဆိုလျှင် တစ်ချိန်မှာကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်းဖြစ်ရန်ရှိပါကြောင်း၊ ထိုအခါလမ်း မပျက်စီးရန်အတွက် ရေမြောင်း လိုအပ်လာသည့်အတွက်၊ လမ်းနယ်လိုအပ်သည့်အတွက် အဆိုပါ လယ်ပိုင်ရှင်များ၊ မြေပိုင်ရှင်များမှ ၎င်းမြေနေရာကို စွန့်လွှတ်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ ပြည်သူများကပါ အားလုံးဝိုင်းဝန်း၍ ညှိနှိုင်းပေးရန်လိုအပ်ပါကြောင်း၊ ထိုသို့ ညှိနှိုင်းပေးမည်ဆိုလျှင် ကျန်နေသေးသည့်တစ်မိုင်ကျော်ကို လာမည့် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ရန်ပုံငွေတွင် ထည့်သွင်းလျာထား၍ ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
