(ဂ)- စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် အထက်ပိုင်းဆုံးအထိကိုဆက်သွယ်ထားသည့်သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းမကြီးအား လမ်းအဆင့်မြှင့်တင်ခြင်း နှင့်စပ်လျဉ်း၍ နှစ်အလိုက်မည်သို့စီစဉ်ဆောင်ရွက်သွားမည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့(၁၄.၁၁.၂၀၁၉)

 

(ဂ)-ချင်းတွင်းမြစ်ဝှမ်းဒေသရှိ စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် အထက်ပိုင်းဆုံးအထိကိုဆက်သွယ် ထားသည့် သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းမကြီးအား လမ်းအဆင့်မြှင့်တင်ခြင်း နှင့်စပ်လျဉ်း၍ နှစ်အလိုက်မည်သို့စီစဉ်ဆောင်ရွက်သွားမည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

အစိုးရသစ် တာဝန်ယူခဲ့သည့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှစ၍ တစ်နိုင်ငံလုံးတွင် လမ်းပန်း ဆက်သွယ်ရေး၊ အခြေခံအဆောက်အဉီများ၊ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခဲ့ရာ ယခင်က လမ်းပန်းဆက်သွယ်ရေးညံ့ဖျင်းသည့်အတွက် လူမှုစီးပွားဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့သည့် စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်းမှ မိမိ၏မဲဆန္ဒနယ်မြေဖြစ်သည့် ဖောင်းပြင်မြို့နယ်မှာ  သိသိ သာသာတိုးတက်လာသည်ကို တွေ့ရပါကြောင်း၊ ဖောင်းပြင်-ပင်လည်ဘူးလမ်းကို ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်သမ္မတကြီး၏သီးသန့်ရန်ပုံငွေမှ ၅.၅၇၅ ဘီလီယံကျပ် ခွင့်ပြု၍ လမ်းအဆင့်မြှင့်တင်ပေးခဲ့ခြင်းနှင့် တိုင်းဒေသကြီးရန်ပုံငွေမှ နှစ်စဉ်ခွင့်ပြုငွေများ သုံးစွဲပေးခဲ့ သည့်အတွက် ယခုတွင် မန္တလေးမှ နံနက် ၄ နာရီခွဲ ထွက်သည့် VIP ခရီးသည်တင်ယာဉ်များသည် ဖောင်းပြင်မြို့ကို ညနေ ၄ နာရီ၊ ၄ နာရီခွဲတွင်ရောက်ရှိနိုင်ပါကြောင်း၊ ချင်းတွင်းမြစ်ကြောင်း လမ်းဘက်သည်လည်း ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် မော်လိုက်မြို့နယ်အတွင်းရိုးလာ ရေလမ်း ကောင်းမွန်ရေးအတွက်သဲစုပ်သောင်တူးလုပ်ငန်း ၁၉၅၂ ပေအတွက်နှင့် ကွန်ကရစ်ရေကာလုပ်ငန်း ပေ ၈၀၀ အတွက် ငွေလုံးငွေရင်း ရန်ပုံငွေမှ ကျပ်သန်း ၁၅၀ ခွင့်ပြုပေးခဲ့သည့်အတွက် မြစ်ကြောင်း လမ်းဘက်သည်လည်း အဆင်ပြေချောမွေ့မည်ဟု ထင်ကြောင်း၊ ချင်းတွင်းမြစ်နှင့်အပြိုင် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနှင့် အထက်ပိုင်း အဆုံးအထိကို ဆက်သွယ်ဖောက်လုပ်ထား သည့်လမ်းမကြီးသည် သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းမကြီး ဖြစ်ပါကြောင်း၊ အဆိုပါလမ်းမကြီးသည် မိုင်ပေါင်း ၃၃၀ ရှည်လျားပြီး National Highway(NH 48) လမ်းမကြီး ဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှစပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အထိ ၃၄ ပေအကျယ် အမာခံလမ်းအဆင့်ကို ဆောင်ရွက်ပေးခဲ့ခြင်းနှင့် လိုအပ်သည့်နေရာအားလုံးတွင် သံကူကွန်ကရစ် တံတားများဆောက်လုပ်ပေးခဲ့သည့်အတွက် လမ်းပန်းဆက်သွယ်ရေးသည် သိသာစွာတိုးတက် ပြောင်းလဲလာခဲ့ပါကြောင်း၊ ယခု ၂၀၁၉ ခုနှစ် မိုးရာသီတွင် ခရီးသည်တင်မော်တော်ယာဉ်များနှင့် ကုန်တင်ယာဉ်ငယ်များ အဆက်မပြတ်သွားလာနိုင်သည်ကို တွေ့ရပါကြောင်း၊ ယခင်ကုန်စည်များ ကို ရေကြောင်းလမ်းတစ်ခုတည်းကသာ သယ်ယူပို့ဆောင်ကြရသည့်အတွက် မန္တလေးမှကုန်စည် သည် ဖောင်းပြင်ကိုရောက်သည်အထိ ၁၀ ရက်ပတ်ဝန်းကျင်ကြာမြင့်ပါကြောင်း၊ ယခုတွင် မန္တလေးမှ ကုန်စည်သည် ဖောင်းပြင်ကို နှစ်ရက်အတွင်းရောက်လာပါကြောင်း၊ ကုန်လမ်း/ရေလမ်း နှစ်ဖက်စလုံးဖွံ့ဖြိုးလာသည့်အတွက် ကုန်စည်ပို့ဆောင်သည့် ဝန်ဆောင်ခနှုန်းထားများသည် လည်းညှိပေးသကဲ့သို့ဖြစ်ပြီး ကုန်စည်ဈေးနှုန်းအပေါ် ကောင်းကျိုးသက်ရောက်မှုများရှိကြောင်း ကုန်သည်များထံမှ ကြားသိရပါကြောင်း၊ ထို့အတွက် ပေါင်းစပ်ညှိနှိုင်း၍ အဆင်ပြေသည့်ဝန်ကြီး ဌာနများအပါအဝင် အစိုးရသစ်ကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါကြောင်း၊ ယခု မိမိ တင်ပြမည့် သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းမကြီးကို ယခင်လမ်း အဆင့်မြှင့်တင် နိုင်သည်ထက် ယခုလမ်းအားအဆင့်မြှင့်တင်နိုင်လျှင် ပို၍အဆင်ပြေချောမွေ့သွားမည်ဖြစ်ပါ ကြောင်း၊ ဤလမ်းမကြီး၏ ခန့်မှန်းခြေစီမံကိန်းတန်ဖိုးသည်ကျပ်သန်းပေါင်း ၂၈၅၂၈၅ ဘီလီယံ ဖြစ်ပြီး ၂၀၁၀-၁၁ ခုနှစ်ကတည်းက စတင်ခဲ့သည်ဟုသိရှိရပါကြောင်း၊ ပြည်‌ထောင်စုဘဏ္ဍာ ရန်ပုံငွေသည် ၂၀၁၈-၁၉ ခုနှစ်အထိ ရရှိပြီး ဘဏ္ဍာငွေမှာ ကျပ်သန်း ၁၀၀၀ ဖြစ်ပြီး ယခု ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၁၅၂၀.၇ သုံးစွဲရန် ခွင့်ပြုထားပြီး ဖြစ်ပါကြောင်း၊ ခန့်မှန်းကုန်ကျ ရမည့်စီမံကိန်းတန်ဖိုးနှင့် နှိုင်းယှဉ်လျှင် ဘဏ္ဍာရေးနှစ်တစ်နှစ်တွင် ခွင့်ပြုပေးသည့် ငွေပမာဏမှာ အလွန်နည်းနေပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့်မေးမြန်းလိုသည်မှာ စီမံကိန်းတန်ဖိုးကျပ်သန်း ၂၈၅၀၀ သည် ကတ္တရာလမ်း၊ ကွန်ကရစ်လမ်းစသဖြင့် မည်သည့်လမ်းအမျိုးအစားကို တည်ဆောက်ရန် ရည်ရွယ်ထားသနည်း၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီးရန်ပုံငွေတို့တွင် မည်မျှသုံးစွဲပြီးဖြစ်ပါသနည်း၊ စီမံကိန်းတန်ဖိုးအားဖြင့် မည်မျှသုံးစွဲရန် ကျန်ရှိနေပါသနည်း၊ နှစ် အလိုက်မည်သို့တိုးတက်သုံးစွဲသွားရန် အစီအစဉ်ရှိသည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းသည် မိုင်တိုင် စုစုပေါင်း ၃၃၅ မိုင် ရှည်လျားပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လမ်းဖြစ်ပါကြောင်း၊ လမ်းအခြေအနေမှာ ကတ္တရာကွန်ကရစ်လမ်း ၅ ဖာလုံ၊ ကွန်ကရစ်လမ်း ၂၇ မိုင် ၄ ဖာလုံ၊ ကတ္တရာလမ်း ၁ မိုင် ၇ ဖာလုံ နှင့် အမာခံလမ်း ၃၀၅ မိုင်ရှိပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အထိ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေတို့တွင် လမ်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် ရန်ပုံငွေ ၂၈ ဘီလီယံနှင့် တံတား လုပ်ငန်းများဆောင်ရွက်ရန်အတွက် ရန်ပုံငွေ ၁၇.၅ ဘီလီယံတို့ဖြင့် လမ်းအရှည် ၁၈ မိုင်အား ကွန်ကရစ်လမ်းခင်းခြင်း၊ လမ်းအရှည် ၁၅၃ မိုင် ၂ ဖာလုံ အား လမ်းတာဘောင်ချဲ့ခြင်းနှင့် ကျောက်စရစ်ရော မြေခင်းကြိတ်ခြင်း၊ ၁ ဖာလုံအား အမာခံ လမ်းခင်းခြင်း၊ လမ်းအရှည် ၁၂ မိုင် ၆ ဖာလုံအား လျှောစောက်နှိမ့်ချခြင်း၊ အရှည် ၄၉၀၀ ပေရှိ ကွန်ကရစ်/ကျောက်စီမြေထိန်း နံရံတည်ဆောက်ခြင်း၊ အရှည်ပေ ၃၆၀၀ ကျော်ရှိ ကွန်ကရစ် ရေမြောင်းတည်ဆောက်ခြင်းနှင့် အရှည်ပေ ၁၈၀ အထက် ကွန်ကရစ်တံတား ၁၁ စင်းတည်ဆောက်ခြင်း၊ ပေ ၁၈၀ အောက် ကွန်ကရစ်တံတား ၃၂၆ စင်းတည်ဆောက်ခြင်း၊ အရှည် ၁၈၀ ပေအောက် သစ်သား တံတား၊ ဘေလီတံတားတစ်စင်း တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊

အဆိုပါလမ်း၏ လမ်းအရှည် ၅ မိုင် ၃ ဖာလုံအား ကွန်ကရစ်လမ်းခင်းခြင်း၊ လမ်းအရှည် ၃၇ မိုင် ၅ ဖာလုံအား လျှောစောက်နှိမ့်ချခြင်း၊ လမ်းတာပေါင်တင်ချဲ့ခြင်းနှင့် အမာခံလမ်းခင်းခြင်း၊ လမ်းအရှည် ၂ ဖာလုံကို ကျောက်တောင်မိုင်းခွဲခြင်း၊ အရှည် ၂၈၇၀ ပေ ကွန်ကရစ်/ ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်း၊ အရှည်ပေ ၄၃၀၀ ကျော် ကွန်ကရစ်ရေမြောင်း တည်ဆောက်ရန်နှင့် အရှည် ၁၈၀ ပေ ကွန်ကရစ်တံတားရှစ်စင်း တည်ဆောက်ရန်၊ Box Culvert ၃၇ စင်း တည်ဆောက်ရန်၊ တံတားငါးစင်းအား ကြမ်းခင်းလဲလှယ်ခြင်းနှင့် တံတားခြောက်စင်းအား တံတားပေါ်ကတ္တရာခင်းခြင်း တို့ဆောင်ရွက်ရန်အတွက်၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှာ ရန်ပုံငွေ ၅၉၃၃.၇၉၁ သန်း လျာထားပြီး ဖြစ်ပါကြောင်း။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင်ရှိသည့် မိုင် ၃၃၅ မိုင်ရှည်လျားသော သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းအား အကျယ် ၁၈ ပေ ကွန်ကရစ်လမ်းအဆင့်နှင့် တံတား အားလုံးအားနှစ်လမ်းသွား ကွန်ကရစ်တံတား အဆင့်ရောက်ရှိရေးနှင့် Road Structure အားလုံး ဆောင်ရွက်ရန်အတွက် ရန်ပုံငွေ ဘီလီယ၂၀၀ ကျော် ထပ်မံလိုအပ်ဉီးမည်ဖြစ်သည့်အတွက် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်အထိ ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေများ တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။