တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကိုကာကွယ်စောင့်ရှောက်သည့်ဥပဒေကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၈/၂၀၁၅)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေအရ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးအပြည့်အဝရရှိစေရန်နှင့် လူမှုအကျိုးစီးပွား များကို ကြိုးစားဖော်ဆောင်နိုင်ရေးအတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကိုလည်း ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊
သို့ပါ၍ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေတွင် ပါရှိသော အခွင့်အရေးများမဆုံးစေရေး ပျောက်ကွယ်လုနီးပါးဖြစ်သော တိုင်းရင်းသားလူမျိုးများနှင့် ၎င်းတို့ ၏ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ တိုင်းရင်း သား မျိုးနွယ်စု၏အမှန်စာရင်းများကို သိရှိနိုင်ရန်အတွက် မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် လက်ရှိ အသိအမှတ်ပြုခေါ်ထားသောလူမျိုး ၁၃၅ မျိုးကို မည်သည့်အချိန်၊ မည်သည့်ကာလ၊ မည်သည့် လက်ထက်၊ မည်သို့သောသတ်မှတ်ချက်ဖြင့် လူမျိုး ၁၃၅ မျိုးကို မှန်ကန်မှု ရှိ/မရှိကို ယခုမျက်မှောက်ခေတ်တွင် ပြန်လည်စစ်ဆေးရန်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ်လူဦးရေသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၁၉၇၃ ခုနှစ် တွင် တစ်ကြိမ်၊ ၁၉၈၃ ခုနှစ်တွင် တစ်ကြိမ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၁၉၇၃ ခုနှစ် သန်းခေါင် စာရင်းကောက်ယူခဲ့ရာတွင် လူမျိုးမေးခွန်းကို ထည့်သွင်းရန်အတွက် မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြသော တိုင်းရင်းသားလူမျိုးနွယ်စုစာရင်းကို ပြုစုခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် နေထိုင် သည့် တိုင်းရင်းသားမျိုးနွယ်စု အမည်စာရင်းများ သတ်မှတ်ပြုစုရာတွင် ၁၉၃၁ ခုနှစ် ဗြိတိသျှ ကိုလိုနီလက်ထက်ကပင် သန်းခေါင်စာရင်းကောက်ယူဖော်ထုတ်တွေ့ရှိရသည့် လူမျိုးစုစာရင်းအရ လည်းကောင်း၊ ၁၉၅၃-၅၄ ခုနှစ် လူမျိုးစုစာရင်းအရလည်းကောင်း၊ ၁၉၆၀ ခုနှစ်တွင် ယဉ်ကျေးမှု ဝန်ကြီးဌာနလက်အောက်ရှိ ရှေးဟောင်းစာပေနှင့် ယဉ်ကျေးမှုရုံး၏ အကြံပြုချက်နှင့် မြန်မာနိုင်ငံ သမိုင်းကော်မရှင်၏ အကြံပေးချက်အရသော်လည်းကောင်း၊ ၁၉၆၁ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီး ဌာန ရှေးဟောင်းစာပေနှင့် ယဉ်ကျေးမှုရုံး၏ အကြံပြုချက်နှင့် မြန်မာနိုင်ငံသမိုင်းကော်မရှင်၏ အကြံပြုချက်အရသော်လည်းကောင်း၊ ၁၉၇၂ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟို ကော်မတီဌာနချုပ် တိုင်းရင်းသားလူမျိုးစုရေးရာကော်မတီ၏ ညှိနှိုင်းချက်အရသော်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးစုစာရင်းအား အဆင့်ဆင့်စိစစ်စစ်ဆေးပြီးမှ ဖော်ပြခဲ့သည်ဟု လေ့လာတွေ့ရှိ ရပါကြောင်း၊ ၁၉၇၃ ခုနှစ်၊ ပြည်လုံးကျွတ်အဆင့်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူသည့် နေရာနှင့် ၁၉၈၃ ခုနှစ် ပြည်လုံးကျွတ်အဆင့် လူဦးရေသန်းခေါင်စာရင်း ကောက်ယူသည့် နှစ်ကြိမ်လုံးတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးကိုအခြေခံပြီး ဆောင်ရွက်ခဲ့သည်ကိုလည်း သိရှိရပါကြောင်း၊
၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူသည့်နေရာတွင် လည်း လူမျိုးကိုထည့်သွင်းကောက်ယူခဲ့ပြီး စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့် စာရင်းပြုစုခြင်း လုပ်ငန်းကို လွယ်ကူစေရန် နိုင်ငံအတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများကိုရနိုင်သမျှ ကြိုတင်စာရင်း ပြုစုထားခဲ့ပါကြောင်း၊ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းတွင် မြန်မာ နိုင်ငံတွင်နေထိုင်သော တိုင်းရင်းသားမျိုးနွယ်စုအမည်စာရင်းများ သတ်မှတ်ပြုစုရာတွင်လည်း တစ် ဦးတစ်ယောက်တည်း၊ အဖွဲ့အစည်းတစ်ခုတည်းမှသတ်မှတ်ပြုစုပြီး မရနိုင်သည့်အတွက် ယခင် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းတွင် အသုံးပြုခဲ့သော လူမျိုးစာရင်းကိုအခြေခံပြီး လူမျိုးအမည် ကုတ်များကို အုပ်စုများခွဲပြီး ပြုစုခဲ့ရပါကြောင်း၊ အဆိုပါလူမျိုးစာရင်းတွင် မပါဝင်သူများကို ကုတ် နံပါတ် ၉၁၄ ဖြည့်သွင်းပြီး ကောက်ယူစေခဲ့ပါကြောင်း၊
သန်းခေါင်စာရင်းမကောက်ယူမီနှင့် သန်းခေါင်စာရင်းကောက်ယူပြီးကာလများမှာ လူမျိုးအမည်၊ ဖွဲ့စည်းမှု၊ လူမျိုးအုပ်စုများနှင့်ပတ်သက်၍ အငြင်းပွားဖွယ်ရာကိစ္စရပ်များရှိနေပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ လွှတ်တော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့အစည်းများထံမှလည်း မေးမြန်းချက်များ၊ တင်ပြချက်များကို များစွာလက်ခံ ရရှိနေဆဲဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းမေးခွန်းတွင် လူမျိုးမေးခွန်းထည့်သွင်းရာ၌ လူမျိုးအမည်သည် မှားယွင်းနေကြောင်း၊ တိုင်းရင်းသား ၁၃၅ မျိုးအပေါ် အခြေခံခြင်းသည် ပကတိ အခြေအနေနှင့် ကိုက်ညီမှု မရှိကြောင်း၊ လူမျိုးအုပ်စုကြီးများတွင်ပါဝင်နေသည့် လူမျိုးစုငယ် အရေအတွက်များကွဲနေကြောင်း၊ သီးခြားလူမျိုးသတ်မှတ်ပေးရေးကိစ္စ၊ မျိုးနွယ်စုပြောင်းလဲ သတ် မှတ်ရေးကိစ္စ၊ တိုင်းရင်းသားလူမျိုးအဖြစ် သတ်မှတ်ပေးရေးကိစ္စ စသည့်တောင်းဆိုမှုများ များစွာ ရှိနေပါကြောင်း၊
ယခုအချိန်တွင် တိုင်းရင်းသားလူမျိုးနွယ်စုများ၏ လူဦးရေစာရင်းထုတ်ပြန်နိုင်ရေးနှင့် တိုင်းရင်းသား လူမျိုးနွယ်စု လူဦးရေးစာရင်းများကို ပိုမိုတိကျရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးနှင့် ညှိနှိုင်းဆောင်ရွက်နေဆဲဖြစ်ပါကြောင်း၊ ထို့ကြောင့် လူမျိုး ၁၃၅ မျိုးကို မျက်မှောက်ကာလတွင် သီးသန့်ပြန်လည်စိစစ်ရန် အစီအစဉ်မရှိကြောင်းနှင့် ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းပေါ်မူတည်၍ ဆက်လက်ထုတ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
