ပြည်ထဲရေးဝန်ကြီးဌာနက သိမ်းယူထားသော ဘားအံမြို့နယ်၊ လှာကဒေါင် ကျေးရွာအုပ်စု၊ လက္ခဏ ကျေးရွာ၊ ဝါဂွမ်းလှိုင်ထိပ်ကွင်း၊ ကွင်းအမှတ်(၁၁၂၅၊ ၁၁၂၆၊ ၁၁၂၈)ရှိ အမည်ပေါက် လယ်မြေ များအား ပြန်လည်လုပ်ကိုင်ခွင့်ပြုရန် မည်ကဲ့သို့စီမံဆောင်ရွက်ပေးမည်ကိုသိလိုခြင်းနှင့် စပ်လျဉ်း သည့်မေးခွန်း
မိမိမေးခွန်းကို မူလပိုင်ရှင် ဦးစောခင်လှမြိုင်ပါ ၈၄ ဦးကလည်း ယခင်အစိုးရလက်ထက် ကတည်း က တင်ပြတိုင်ကြားခဲ့ပါကြောင်း၊ ယခုအစိုးရလက်ထက်တွင်လည်း ထပ်မံတင်ပြတိုင်ကြားလာ သည့်အတွက် ဘားအံမြို့နယ် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ကော်မတီက စိစစ်တွေ့ရှိချက်အစီရင်ခံစာကို ခရိုင်/ပြည်နယ်/ဗဟိုလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်ကို ရောက်ရှိသွားပြီလည်း ဖြစ်ပါကြောင်း၊
မိမိပါဝင်သော ဘားအံမြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုပြန်လည်စိစစ်ရေး ကော်မတီ၏ ကွင်းဆင်းစိစစ်တွေ့ရှိချက် အစီရင်ခံစာဖြစ်ပါကြောင်း၊ လယ်မြေသိမ်းဆည်းခံရသူ တောင်သူ ၈၄ ဦးကလည်း တင်ပြထားမှုများကြောင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုပြန်လည်စိစစ်ရေးဗဟိုကော်မတီက ကရင်ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုပြန်လည်စိစစ်ရေးကော်မတီကို စိစစ်ဆောင်ရွက်မှုအား ပြန်လည်တင်ပြရန် အကြောင်းကြားစာ ပေးပို့ထားပါကြောင်း၊ ဗဟိုလယ်ယာမြေနှင့် အခြားမြေသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီက ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးကော်မတီ၏ တင်ပြပေးမှုကြောင့် ကရင်ပြည်နယ် လယ်ယာမြေသိမ်းဆည်းခံရမှု စိစစ်ရေးကော်မတီကို ဆောင်ရွက်ပြီးစီးမှု တင်ပြပေးရန် တစ်ဆင့်အကြောင်းကြားစာ ပေးပို့ထားပါကြောင်း၊
မြို့နယ်မှ ခရိုင်၊ ခရိုင်မှ ပြည်နယ် အဆင့်ဆင့်ကို ကွင်းဆင်းစိစစ်ဆောင်ရွက်များ ပြုလုပ်ခဲ့ပါ ကြောင်း၊ ဗဟိုလယ်ယာမြေနှင့် အခြားမြေသိမ်းဆည်းခံရမှုပြန်လည်စိစစ်ရေးကော်မတီက ခရိုင်/ ပြည်နယ်/ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီ၏ ဆောင်ရွက်ပြီးစီးမှုကို ပြန်လည်တင်ပြရန်လည်း အကြောင်းကြားစာများ ပေးပို့ခဲ့ပါကြောင်း၊ သို့ သော်လည်း အဆိုပါမြေယာကိစ္စသည် ဗဟိုမှ ပြည်နယ်၊ မြို့နယ်၊ မြို့နယ်မှ ဗဟိုအထိ အောက်ခြေမှအထက် အထက်မှ အောက်ခြေအထိ အဆင့်ဆင့်တင်ပြမေးမြန်းစိစစ်ခြင်းလည်း သုံးနှစ်ကျော်နေပြီဖြစ်ပါကြောင်း၊ ယခုထိ မရှင်းလင်းပေးနိုင်သေးပါသဖြင့် တောင်သူလယ်သမား များမှ ကျေနပ်မှုမရှိခြင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ရပ်အဖြစ် လယ်ယာမြေကို မှီခို အားထားနေရသည့်အတွက် ပြန်လည်လုပ်ကိုင်လိုကြောင်း တင်ပြလာခြင်းကြောင့် မည်ကဲ့သို့ စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
၃-၂-၁၉၉၈ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး ၂ မှ ဦးဆောင်ကျင်းပပြုလုပ်သော တိုင်းဒေသကြီး/ပြည်နယ်ဥက္ကဋ္ဌများနှင့် ဝန်ကြီးများတွေ့ဆုံရှင်းလင်း ပွဲတွင် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ မြေလွတ်၊ မြေရိုင်း၊ ကွက်လပ်မြေ၊ ရေနက်ကွင်း၊ ရေအောက်မြေ စုစုပေါင်းဧရိယာ ၂၂၄၄၂၆၀ ဧကရှိရာ နွေ၊ မိုး၊ ဆောင်းသုံးရာသီလုံးတွင် ရေမြေရာသီဥတုနှင့် ကိုက်ညီသောသီးနှံများအား စီမံချက်ချမှတ်၍ စိုက်ပျိုးထုတ်လုပ်သွားနိုင်ရေးအတွက် လယ်ယာမြေ များဖော်ထုတ်သွားရန်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနရှိ အကျဉ်းသားများ နေ့စဉ် စားသုံးရန် နိုင်ငံတော်မှကျခံကျွေးမွေးရသောဆန်ကို တဖြည်းဖြည်းလျော့ကျစေပြီး ယင်းတို့၏ စားသုံးမှုဖူလုံပါက လူနေမှုဘဝမြှင့်တင်ရေးအတွက် ဆန်စပါးစိုက်ပျိုးရေးထုတ်လုပ်ရန် လမ်းညွှန် ချက်အရ လက္ခဏစိုက်ပျိုးမွေးမြူရေး၊ အသက်မွေးမှု၊ အတတ်သင်စခန်းအား ၁၄-၁-၁၉၉၉ ရက်နေ့တွင် အကျဉ်းသားလုပ်အားရှင် ၁၀၀ ဦးဖြင့်စတင်ဖွင့်လှစ်ခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သော်လည်း လယ်ယာမြေမရှိသဖြင့် ကရင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီထံသို့တင်ပြခဲ့ရာ ၁၈-၆-၁၉၉၉ ရက်နေ့တွင်ကျင်းပပြုလုပ်သော ကရင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစည်းအဝေးအမှတ်စဉ် (၃၃/၉၉) ဆုံးဖြတ်ချက် အပိုဒ် ၉ အရ မည်သူမျှစိုက်ပျိုးခြင်းမရှိသောလယ်မြေ ၇၁၂.၀၅ ဧကနှင့် စခန်းအဆောက် အဦဆောက်လုပ်ရန် ၁၆.၁၁ ဧက စုစုပေါင်း ၇၂၈.၁၆ ဧကအား လုပ်ကိုင်ခွင့်ပြုခဲ့သဖြင့် ကရင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ၅-၇-၁၉၉၉ ရက်စွဲပါစာအမှတ်ဖြင့် ရှေးဦးဌာနပိုင်မြေဖြင့် သတ်မှတ်ခွင့်ပြုပေးခဲ့ပါသည်။
လက္ခဏစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတက်သင်စခန်းအနေဖြင့် တရားဝင်လုပ်ကိုင် ခွင့်ပြုထားသော ၇၁၂ ဧကသည် စပါးအထွက်နှုန်းနည်းသည့်အတွက် မြေစာရင်းဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး၍ လယ်ယာမြေဥပဒေအရ မည်သူတစ်ဦးတစ်ယောက်မျှ ပိုင်ဆိုင်ခြင်းလည်းမရှိ၊ စိုက်ပျိုးရေးလုပ်ငန်းများလည်း ဆောင်ရွက်ခြင်းမရှိသော တောရိုင်းမြေကဲ့သို့ ကျူတော၊ ကိုင်းတော များ ဖုံးလွှမ်းနေသော မြေလပ်များကို အကျဉ်းသားများလုပ်အားဖြင့် ခုတ်ထွင်ရှင်းလင်းခြင်း၊ စက်မှု လယ်ယာမှ ထွန်စက်များအသုံးပြု၍ မြေပြုခြင်း၊ အားဖြည့်မြေသြဇာများထည့်သွင်းခြင်းတို့အားဖြင့် အသင့်စိုက်ပျိုးနိုင်သော လယ်မြေ ၁၇၄.၉၃ ဧကကို ထပ်မံဖော်ထုတ်လုပ်ကိုင်နိုင်ခဲ့သဖြင့် စုစုပေါင်း ၉၀၃.၀၉ ဧက ရယူ၍ အကျဉ်းသားများ သက်သာချောင်ချိရေးအတွက် နှစ်စဉ်လယ်မြေ ဖော်ထုတ်ခြင်း၊ စိုက်ပျိုးခြင်းကို လုပ်ကိုင်လျက်ရှိပါကြောင်း၊ လက္ခဏစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု၊ အတတ်သင်စခန်းမှ ရယူအသုံးပြုလျက်ရှိသော မြေ ၉၀၃.၀၉ ဧကအနက် ဦးစောခင်လှမြိုင်နှင့် ဦးအောင်မြတင်တို့နှစ်ဦးမှ တောင်သူ ၂၉ ဦးတို့နှင့်အတူ ပြန်လည် လုပ်ပိုင်ခွင့်ပြုပါရန် တိုင်ကြားမှုနှင့်ပတ်သက်၍ ၉-၁၀-၂၀၁၅ ရက်နေ့တွင် ကရင်ပြည်နယ် မြေအသုံးချရေးနှင့်စီမံခန့်ခွဲရေးကော်မတီ၌ ကျင်းပပြုလုပ်သည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁၀/၂၀၁၅)၏ဆုံးဖြတ်ချက်အရ ပြန်လည်စွန့်လွှတ်ပေးပါရန် အကြောင်းကြားလာရာ အကျဉ်းဦးစီးဌာနအနေဖြင့် စခန်းပြင်ပမှရယူလုပ်ကိုင်နေသော ၁၇၃ ဧက၊ ၁၇၄.၉၃ ဧကမှ အကျဉ်းသားများထားရှိသော ဆူးဂျုံးဝမ်းလုံခြုံရေးဧရိယာ ၈၃.၈၃ ဧကကိုချန်လှပ်၍ ၉.၁၀ ဧကကို ပြည်ထဲရေးဝန်ကြီးဌာနမှ ၂-၄-၂၀၁၆ အမိန့်ကြော်ငြာစာအမှတ် (၁၁၁၇/၂၀၁၆) ဖြင့် နိုင်ငံတော် ပိုင်မြေ State လည်းသတ်မှတ်ပြီး ခရိုင်အုပ်ချုပ်ရေးဦးစီးမှူးထံသို့ ၁၆-၆-၂၀၁၆ ရက်နေ့တွင် လွှဲွပြောင်းပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊
ဦးစောခင်လှမြိုင်ပါတောင်သူ ၈၄ ဦးမှ အဆိုပါလက္ခဏစခန်းရယူထားသော ဧရိယာအတွင်းမှ ကွင်းအမှတ် ၁၁၂၅၊ ၁၁၂၆ နှင့် ၁၁၂၈ တို့ရှိ မြေများကို လုပ်ကိုင်ခွင့်ပြုပါရန် ထပ်မံလျှောက်ထား လာခဲ့ပါကြောင်း၊ ၎င်းတို့ ထပ်မံလျှောက်ထားလာသော ကွင်းအမှတ် ဧရိယာများသည် ၂၀၀၂ ခုနှစ် မှစ၍ အကျဉ်းဦးစီးဌာနပိုင်အဖြစ် လယ်ယာမြေလုပ်ကိုင်ခွင့်ရရှိထားသော စိုက်ပျိုးမြေများဖြစ်ပြီး နိုင်ငံတော်ရှိ အကျဉ်းသားများသက်သာချောင်ချိရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက် နေသည့် နိုင်ငံတော်အတွက် အကျိုးတူဖြစ်ထွန်းစေမည့် စီမံကိန်းဝင်မြေများဖြစ်ပါကြောင်း၊ ထိုစီမံကိန်းဝင်မြေမှ ကွင်းအမှတ် ၁၁၂၈-က နှင့် ၁၁၂၈-ခ တို့မှာ ၁၀၈.၇၅ ဧကခန့်ကို တောင်သူများမှ ကျူးကျော်၍ ရာဘာ၊ စပါးသီးနှံ စိုက်ပျိုးခြင်းနှင့် ယာယီအဆောက်အဉီများ ဆောက်လုပ်နေထိုင်ခြင်း ပြုလုပ်နေမှုကို သက်ဆိုင်ရာစခန်းတာဝန်ခံရုံးမှ လယ်ယာမြေ စီမံခန့်ခွဲ ရေးကော်မတီသို့ ဥပဒေနှင့်အညီ ဖြေရှင်းချက်ပေးရန် တင်ပြထားရှိပါကြောင်း၊
အကျဉ်းဦးစီးဌာနသည် အကျဉ်းသားများလုပ်အားဖြင့် ကုန်ထုတ်လုပ်ရေးအဖွဲ့ရန်ပုံငွေ အကျိုး အမြတ်ဖြစ်ထွန်းစေရန်အတွက် အထွက်နှုန်းကောင်းမွန်သော တန်ဖိုးမြှင့်စိုက်ပျိုးမြေဖြစ်လာစေရန် စဉ်ဆက်မပြတ်ပြုပြင် စိုက်ပျိုးခြင်းအထွက်နှုန်းကောင်းမွန်သော လယ်ယာမြေကောင်းဖြစ်လာပါက ရရှိမည့်အကျိုးအမြတ်ကို အကျဉ်းသားများမှ ခံစားပိုင်ခွင့်ရရှိမည်ဖြစ်ခြင်းတို့ကြောင့် စီမံကိန်းအား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အဆိုပါလယ်ယာမြေများကို စီမံကိန်း ဆောင်ရွက်ခြင်းမပြုတော့သည့်အချိန်မှသာ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ ၃၂ အရ ပြန်လည်အပ်နှံရန် စီစဉ်ထားရှိပါကြောင်း၊ သို့ပါ၍ အကျဉ်းဦးစီးဌာနအနေဖြင့် လက္ခဏစိုက်ပျိုး မွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းကို အကျဉ်းသားများ၏လုပ်အားဖြင့် ၎င်းတို့၏ သက်သာချောင်ချိရေးအတွက် အကျိုးဖြစ်ထွန်းစေသည့် စီမံကိန်းအဖြစ် ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသခံဦးစောခင်လှမြိုင်ပါ တောင်သူ ၈၄ ဦးအနေဖြင့် အကျဉ်းဦးစီးဌာနမှ ၁၆-၆-၂၀၁၆ ရက်နေ့တွင် စွန့်လွှတ်အပ်နှံထားသော လယ်ယာမြေ ၉၁.၁၀ ဧကကိုသာ လယ်ယာမြေ လုပ်ပိုင်ခွင့်လျောက်ထားရန်နှင့် အကျဉ်းဦးစီးဌာနမှ လက်ရှိလုပ်ကိုင် လျက်ရှိသော ၈၁၁.၉၉ ဧကမှ ထပ်မံစွန့်လွှတ်ပေးနိုင်ခြင်းမရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
