ကသာမြို့နယ် ဧရာဝတီမြစ်အရှေ့ဘက်ကမ်း (ပုလွေရွှေလမ်း) မှ သာယာကုန်းအထိ ဆိုလျှင် ၂၁ မိုင်၊ ၂၂ မိုင်ခန့်ရှည်သည့် လမ်းသည် အမှန်တကယ် နှီးနွှယ်လျှက်ရှိသည့် ရွာသူ/သားများအတွက် အင်မတန် အသုံးဝင်ပါကြောင်း၊ ကုန်ထုတ်လမ်းအဖြစ် သော်လည်းကောင်း၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အတွက်သော်လည်းကောင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့်လည်း ဆက်စပ်လျှက် ရှိပါကြောင်း၊ တစ်ခါတောင်ဘက်ကို သွားပြန်လျှင်လည်း ရွှေလီမြစ်ရိုးအထိ သွားသည့်လမ်း ဖြစ်ပါကြောင်း၊
သို့သော် ၂၀၁၀-၁၁ ခုနှစ်တွင် ၎င်းလမ်းကို ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ပေးခဲ့ပါကြောင်း၊ ၂၀၁၅-၁၆ ခုနှစ်တွင် ကတ္တရာလမ်း ၂ မိုင် ၅ ဖာလုံ၊ ကချင်ပြည်နယ်နှင့် ဆက်စပ်နေသော သာယာကုန်းရွာအား ခင်းပေးရပါကြောင်း၊ ၂၀၁၆-၁၇ ခုနှစ်တွင် ပေ ၄၀ အထိချဲ့ပြီးမှ လမ်းပေါ်ကို မြေသားတင်ပါကြောင်း၊ နောက် ၂၀၁၈-၁၉ ခုနှစ်တွင် ပြင်ထိန်းလမ်းကို ကြည့်လိုက်လျှင် ၂၀၁၀ ခုနှစ်ခန့်က လုပ်လာသည့် ကိစ္စသည် ၂၀၁၉ ခုနှစ်အထိ မည်သို့မျှအဆင်မပြေသည့် အနေအထား မရှိပါကြောင်း၊
လမ်းအနေအထားက ပြင်ထိန်းနှင့်ပိုက်ဆံများလည်း ကုန်လျှက်ရှိပြီ ဖြစ်ပါကြောင်း၊ ထို့အတွက်ကြောင့် ကာလတာရှည် ဖြစ်လာသည့် လမ်းဖြစ်သည့်အတွက် ပြည်ထောင်စုကိုအားကိုးပြီး ပြည်ထောင်စု ဘတ်ဂျက်မှ ချပေးနိုင်ခြင်းရှိ/မရှိ တောင်းခဲ့ပါကြောင်း၊ ၎င်းလမ်းသည် ပြည်ထောင်စုလမ်းမကြီး စာရင်းများတွင် မပါပါကြောင်း၊ အဆိုပါလမ်းသည် အမှန်တကယ် ကတ္တရာစေးလမ်း ဆက်ခင်းမည် ဆိုပါက ၁၇ မိုင်ကျော်ခန့်သာ လိုတော့ပါကြောင်း၊ အစပိုင်း ၂ မိုင် ၂ ဖာလုံက နှစ်စဉ်ရေကြီးသည့် အချိန်တွင် ရေအောက်ကို ရောက်သည့်အတွက် ထည့်စဉ်းစားစရာ မလိုပါကြောင်း၊
နောက်ပြီး မြေပြန့်များဖြစ်သည့်အတွက် ၁၇ မိုင်ခန့်ကို ပြည်ထောင်စုကသော်လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကသော်လည်းကောင်း စီစဉ်ဆောင်ရွက် ပေးနိုင်မည်ဆိုလျှင် အင်မတန် အဆင်ပြေသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့ မူဝါဒများလည်း ရှိပါကြောင်း၊ ကျေးလက်လမ်းများကို ၈၀ ရာခိုင်နှုန်းအထိ ရာသီမရွေးသွားလာနိုင်သည့် လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန်၊ ကျေးလက်လူမှုဘဝ ဆင်းရဲခြင်းလျှော့ချရန်၊ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရန်၊ နောက် GDP တိုးတက်မြင့်မားရန်၊ ရာသီမရွေးလွယ်ကူစွာ သွားလာနိုင်သော ကုန်ထုတ်လမ်း၊ စက်ရုံများ၊ ဈေးကွက်များကို ကုန်များ အချိန်မီ ရောက်ရန်ဆိုသည့် မူဝါဒလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် သမ္မတကြီးကလည်း ထိုကျေးလက်လမ်း မိုင် ၁၀၀၀ ခန့်ကို ကတ္တရာစေးလမ်း သို့မဟုတ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးမည်ဟု ပါရှိသည့်အတွက် ကျန် ၁၇ မိုင် လမ်းလေးကို ဖြစ်နိုင်လျှင် ထည့်သွင်းစဉ်းစားပြီး ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့် တင်ရန် လိုအပ်သော ပုလွေရွှေလမ်းအား ကျောက်သားများ လိုအပ်သလို ပြန်လည်ဖြည့်စွက် မွမ်းမံခြင်း၊ ကတ္တရာလမ်းခင်းခြင်းတို့အတွက် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘတ်ဂျက်မှ ချမှတ်ခွင့်ပြုနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကသာ- ရွှေကူ- ဗန်းမော်လမ်း (ပုလွေရွှေလမ်း) သည် ၂၁ မိုင် ၁ ဖာလုံ ရှည်လျားပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦစီးဌာနပိုင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့် လမ်းဖြစ်ပါကြောင်း၊ ၃၀-၉-၂၀၁၈ ရက်နေ့အထိ လမ်းအခြေအနေက ၁၂ ပေအကျယ် ကတ္တရာလမ်း ၂ မိုင် ၅ ဖာလုံ၊ ကျောက်လမ်း ၁၆ မိုင် ၂ ဖာလုံနှင့် မြေသားလမ်း ၂ မိုင် ၂ ဖာလုံ စုစုပေါင်း ၂၁ မိုင် ၁ ဖာလုံ ဖြစ်ပါကြောင်း၊ ကသာ- ရွှေကူ- ဗန်းမော်လမ်းအား ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် သာမန်ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေ ကျပ် ၁၃.၃၅၄ သန်း ခွင့်ပြုရရှိခဲ့ပါကြောင်း၊
၂၀၁၉-၂၀ လာမည့်ဘဏ္ဍာရေးနှစ်တွင်လည်း ရန်ပုံငွေအကန့်အသတ်အရ ငွေလုံးငွေရင်း ရန်ပုံငွေ မပါရှိပါကြောင်း၊ မပါရှိဘဲနှင့် သာမန်ရန်ပုံငွေကျပ် ၂.၉၈၂ သန်း ပါဝင်သည့်အတွက် အဆိုပါလမ်းမှာ Geometric ဒီဇိုင်းနှင့် လမ်းပုံထုတ်ဒီဇိုင်းစသည့် ဒီဇိုင်းများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး လမ်းအဆင့်မြှင့်ခြင်းကို ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်မှစပြီး ရန်ပုံငွေများထည့်သွင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။
