(ဍ)-မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်ကျေးရွာအုပ်စု၊ နားယုန့်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း(ခွဲ)အား လာမည့်ဘဏ္ဍာရေးနှစ်တွင် အသစ်ပြုပြင်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၅. ၆. ၂၀၁၉)

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့နယ်သည် ဟောင်ကန်ကျေးရွာအုပ်စုသည် ရှမ်း တိုင်းရင်းသားလူမျိုးများ၊ လွယ်လ(ဝ) တိုင်းရင်းသား လူမျိုးများနှင့် လားဟူလူမျိုးများ စုပေါင်းနေထိုင်သည့် ကျေးရွာအုပ်စုကြီး တစ်ခုဖြစ်ပါကြောင်း၊ အိမ်ထောင်စုအားဖြင့် ၄၆၀ အိမ်ထောင်စုရှိပြီး လူဦးရေအားဖြင့် ၂၀၃၃ ခန့်၊ ရွာပေါင်း ၁၀ ရွာခန့်ရှိသည့်အနက် နားယုန့်ကျေးရွာသည် လွယ်လ(ဝ)တိုင်းရင်းသားလူမျိုးများ အများဆုံး မှီတင်းနေထိုင်သည့် ကျေးရွာဖြစ်ပါကြောင်း၊ အိမ်ထောင်စုအားဖြင့် ၇၀ အိမ်ထောင်စုခန့် ရှိပြီး ပညာရေးကို လိုလားသည့် ကျေးရွာဖြစ်သည့် အားလျော်စွာ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး အခြေခံပညာမူလတန်းကျောင်းကို ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်အစိုးရမှ အခြေခံပညာမူလတန်းကျောင်း(ခွဲ)အဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊

ဆရာမတစ်ဦးနှင့် ကျောင်းသူကျောင်းသားအင်အားပေါင်း ၄၀ ဦးခန့်သည် ပညာသင်ကြားရေး၊ သင်ယူရေးကိစ္စရပ်များကို အားတက်သရော ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့သော် ကျေးရွာ အနေအထားအရ ချို့တဲ့သည့်အတွက် စာသင်ကျောင်းကို ဒေသထွက် ဝါး၊ ဝါးကပ်၊ သစ်မျှောတိုင်နှင့် သက်ငယ်များ၊ နောက်ပျက်စီးနေသည့် သွပ်များ ဆောက်လုပ်ပြီး စာသင်ကြားနေရသည့် အခြေအနေကို တွေ့ရှိရပါကြောင်း၊

ထို့ကြောင့် ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်ကျေးရွာအုပ်စုအတွင်းရှိ နားယုန့်ကျေးရွာ အခြေခံ ပညာမူလတန်းကျောင်း(ခွဲ)၏ ပျက်စီးယိုယွင်းနေသော စာသင်ဆောင်အဆောက်အဦကို လာမည့် ဘဏ္ဍာရေးနှစ်တွက် ပြန်လည် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာနအနေဖြင့် လာမည့် ဘဏ္ဍာရေးနှစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံး ငွေရင်းတည်ဆောက်ရေးရန်ပုံငွေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှာ အသစ်ဆောက်လုပ်ပေးမည့် ကျောင်း ၁၁ ကျောင်း၊ အန္တရာယ်ရှိကျောင်းဆောင်အဟောင်းကိုဖျက်သိမ်းပြီး အသစ်ဆောက်လုပ်ပေးရန် ငါးကျောင်း၊ တိုးချဲ့အသစ်ဆောက်လုပ်မည့် ကျောင်း ခြောက်ကျောင်း၊ သိပ္ပံဆောင် ဆောက်လုပ်ရန်တစ်ကျောင်း၊ ဝန်ထမ်းအိမ်ရာတစ်ကျောင်း၊ စာကြည့်တိုက်ဆောက်လုပ်ရန် တစ်ကျောင်း စုစုပေါင်း ၂၅ ကျောင်းကို ဘဏ္ဍာငွေလျာထားပါကြောင်း၊ ထိုသို့ လိုလျာထားရာတွင် မိုင်းပျဉ်းမြို့နယ်ရှိ အသစ်ဆောက်လုပ်မည့် ကျောင်း တစ်ကျောင်း၊ သိပ္ပံဆောင်တစ်ကျောင်း စုစုပေါင်း နှစ်ကျောင်းပါရှိသော်လည်း နားယုန့် ကျေးရွာ အခြေခံ ပညာမူလတန်းကျောင်း(ခွဲ)အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်း လျာထားနိုင်ခြင်း မရှိပါကြောင်းနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် ဘဏ္ဍာငွေ လျာထားဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။