ပြည်တွင်းသို့ မော်တော်ကားများတင်သွင်းရာတွင် ကောက်ခံနေသော အခွန်မျိုးစုံအား သင့်လျော်သော နှုန်းထားသို့ ဖြေလျှော့ပေးခြင်း၊ မော်တော်ယာဉ်ပိုင်ရှင်တို့အား လမ်းဘေးတွင်ယာဉ်ရပ်နားခ၊ ညအိပ်ရပ်နားခ၊ မောင်းနှင်နေစဉ် လမ်းအသုံးပြုခတို့ကို တိုးမြှင့်ကောက်ခံပြီး ဥပဒေနဲ့မညီသည့် အသုံးပြုသောယာဉ်နှင့် ယာဉ်အသုံးပြုသူတို့အား ထိရောက်သော အရေးယူခြင်းတို့ပြုလုပ်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပါကြောင်း၊ အရာရာကို နိုင်ငံခြားကိုအားကိုးနေရသည်မှာ အလွန် အဆင်မပြေပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ပြေးဆွဲနေကြသော ယာဉ်အားလုံးကို ဥပဒေ လွှမ်းခြုံစေလို၍ မေးမြန်းရခြင်းဖြစ်ပါကြောင်း၊
မိမိတို့မြန်မာနိုင်ငံတွင် သိန်း ၅၀၀ ခန့်ပေးရသောကားတစ်စီးနှင့် ပုံစံတူကားတစ်စီးကို တစ်ဖက် နိုင်ငံတွင် ထက်ဝက်ခန့်သာရှိပါကြောင်း၊ ထိုကဲ့သို့ဖြစ်နေရခြင်းမှာ ကားတန်ဖိုးထက် အခွန်မျိုးစုံများပြား နေသည်ကို ပြနေခြင်းဖြစ်ပါကြောင်း၊ ကားတင်သွင်းခွန်ကို တိုးထားသော်လည်း ကားများကို လမ်းပေါ်တွင်ထား၊ လမ်းပေါ်တွင်နား၊ လမ်းပေါ်တွင်အိပ်ဖြစ်နေကြသည့်အခြေအနေများသည် မြို့ကြီး များတွင် အလွန်များပြားသည်မှာ မဖြစ်သင့်ပါကြောင်း၊ လမ်းကို မည်သို့တိုးချဲ့ပြီးလုပ်လုပ် သမင် မွေးရင်း ကျားစားရင်းဖြစ်နေသည်မှာ အလွန်ကြာမြင့်ပြီဖြစ်ပါကြောင်း၊ အန္တရာယ်လည်း အလွန်များ ပါကြောင်း၊
လိုင်စင်ခမျိုးစုံကဈေးကြီးသည့်အခါ လိုင်စင်မလုပ်တော့ဘဲ အဆင်ပြေသလိုလုပ်လာပါကြောင်း၊ အဂတိများ၊ စည်းကမ်းမလိုက်နာမှုများ ဖြစ်ပေါ်လာပါကြောင်း၊ ဒုစရိုက်မှုများ၊ ဥပဒေမဲ့မှုများ လုပ်လာကြပြီး ပြဿနာဖြစ်ပါက ပိုင်ရှင်မဲ့ဆိုသည့်ခေါင်းစဉ်အောက်ကိုရောက်ပြီး သွားသွားပုန်းနေ ကြပါကြောင်း၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေး၊ စည်းကမ်းဥပဒေလေးစား လိုက်နာရေးတို့ကို စိန်ခေါ်နေခြင်းဖြစ်ပါကြောင်း၊ မြို့နယ်များဖြတ်ကျော်သွားသည့်ကားများ လမ်း အသုံးပြုခက ကားငယ်တစ်စီး တစ်မိုင်လျှင် ငါးကျပ်ဖြစ်ပါကြောင်း၊ မြို့ဝင်ကြေးက ၂၀၀ ကျပ် ဖြစ်ပါကြောင်း၊ တန်ကျော်ပေးနေရသော မည်သည့်ကားမျှ ၎င်းတို့မြို့ထဲကိုတော်တော်နှင့်မဖြတ် ပါကြောင်း၊ မြို့ထဲမဝင်သော်လည်း ပေးရပါကြောင်း၊ လတ်တလောတွင် မပေးရတောကြောင်း ကြားသိရ၍ ဝမ်းသာပါကြောင်း၊
မိမိတို့နယ်ဒေသများတွင် လက်ရှိအစိုးရခေတ်တွင်အပြောင်းအလဲဖြစ်၍ လမ်းများစွာတိုးချဲ့ပြီး ဖောက်လုပ်ပါကြောင်း၊ လမ်းများစွာရှိလာသော်လည်း လုပ်ငန်းလိုအပ်ချက်အရ ကားလည်းလိုအပ် ပါကြောင်း၊ သို့သော် မိမိတို့နယ်ကလူများက ဝင်ငွေနည်းပါးသည့်အတွက် ကားစီးနိုင်သည့်ဦးရေ အလွန်နည်းပါးပါကြောင်း၊ ကားလိုအပ်ချက်ကရှိသော်လည်း ကားဝယ်ရန်ဈေးကကြီးမြင့်ပါကြောင်း၊ တစ်ဖက်ကလည်း Black ကားများက ဝင်ရန်အဆင်သင့်လည်းဖြစ်နေသည့်အခါ လူများကဥပဒေကို မလေးစားကြတော့ပါကြောင်း၊ အဆင်ပြေသလိုလုပ်လိုသူများ အလွန်တရာများ လာပါကြောင်း၊ ဆိုလိုသည်မှာ တိုးတက်ပြောင်းလဲနေသောအခြေအနေမျိုးစုံများကို လေ့လာသုံးသပ်ပြီး အပြောင်း အလဲနှင့် လိုက်လျောညီထွေေ နနိုင်သူများသာလျှင် ရှင်သန်တတ်သည်မှာ လောကတွင်ဓမ္မတာ ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ တစ်နိုင်ငံလုံးမော်တော်ယာဉ်များ မျှတစွာသုံးစွဲနိုင်စေရန်နှင့် သင့်လျော်မျှတသော အသုံးပြု ခများ၊ အခွန်အခများရရှိကြပြီး ပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း၍ ဥပဒေကို လေးစားလိုက်နာသော ပြည်သူများဖြစ်လာကြစေရန် ကောင်းမွန်၍ထိရောက်သော အစီအစဉ်များ ပြုလုပ်ထားရန် အစီအစဉ်ရှိ/မရှိသိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်တွင်းသို့ မော်တော်ကားများတင်သွင်းရာတွင် ကောက်ခံနေသည့်အခွန်မျိုးစုံကို သင့်လျော်သော နှုန်းထားသို့ ဖြေလျှော့ပေးရေးကိစ္စနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်၏စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ကုန်သွယ်မှုကဏ္ဍများကို နိုင်ငံတကာကုန်သွယ်မှုကျင့်စဉ်များနှင့်အညီ ပွင့်လင်းမြင်သာစွာဆောင်ရွက်နိုင်စေရန် ကုန်သွယ်မှု ဆိုင်ရာအတားအဆီးများကို ဖြေလျှော့ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိရာ မော်တော်ယာဉ်တင်သွင်းခြင်း နှင့် သက်ဆိုင်သည့်လုပ်ငန်းများကြီးကြပ်ရေးကော်မတီကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိ သူများဖြင့်ဖွဲ့စည်းပြီး မော်တော်ယာဉ်တင်သွင်းခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပြီး ကော်မတီက ၂၀၁၉ ခုနှစ်အတွက် ပြည်ပမှမော်တော်ယာဉ်တင်သွင်းရာတွင် ထုတ်လုပ်သည့်ခုနှစ်၊ သတ်မှတ်သည့် အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၈) ကို ၂၆-၁၀-၂၀၁၈ ရက်နေ့တွင် ထုတ်ပြန်၍ လူစီးမော်တော် ယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များ၊ ဘတ်စ်ကားများနှင့် ထရပ်ကားများကို တင်သွင်းခွင့်ပြုပေး လျက်ရှိပါကြောင်း၊
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနက ၂၀၁၄-၁၅ ခုနှစ်နှင့် ၂၀၁၅-၁၆ ခုနှစ်တို့တွင်ပြဋ္ဌာန်းခဲ့သော ပြည်ထောင်စု၏အခွန်အကောက်ဥပဒေများတွင် ၁၈၀၀ cc အထက် Van၊ ဆလွန်း၊ ဆီဒင်၊ Estate Wagon နှင့် Coupe ကားများနှင့်စပ်လျဉ်းပြီး ကုန်သွယ်လုပ်ငန်းခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံရန်ပြဋ္ဌာန်းခဲ့သော်လည်း ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေတွင် ၁၅၀၀ cc မှ ၂၀၀၀ cc အထိ အဆိုပါကားအမျိုးအစားများအပေါ် ကုန်သွယ်လုပ်ငန်းခွန် အပေါ် ၂၀ ရာခိုင်နှုန်းအထိ လျှော့ချကောက်ခံရန်ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့် ၂၀၁၈-၁၉ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေတို့တွင် ၁၀ ရာခိုင်နှုန်းအထိ ထပ်မံလျှော့ချကောက်ခံရန်အသီးသီးပြဋ္ဌာန်းခဲ့ပါကြောင်း၊
ထို့အပြင် ၂၀၁၅ ခုနှစ်တွင်ပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေမှစပြီး Double Cab 4-Door Pick up ကားများကို ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ပြုထားခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင်ပြဋ္ဌာန်းခဲ့သော ပြည်ထောင်စု၏အခွန်အကောက်ဥပဒေမှစပြီး ပြည်တွင်း၌ အသုံးများသော ကားများဖြစ်သော ၁၅၀၀ cc အောက်ကားများအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုထား ပြီးလည်းဖြစ်ပါကြောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အကောက်အခွန်ဦးစီးဌာနအနေဖြင့် ပြည်တွင်းသို့မော်တော်ယာဉ်တင်သွင်းမှုအပေါ် လက်ရှိကောက်ခံသော အကောက်ခွန်နှုန်းထားများမှာ ယာဉ်အမျိုးအစားကိုလိုက်၍ ယာဉ်တန်ဖိုး၏ သုံးရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်း အတွင်းသာရှိပြီး အဆိုပါ နှုန်းထားများက အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအတွင်း ဆွေးနွေးညှိနှိုင်းသတ်မှတ်ထားသော ASEAN Harmonized Tariff Nomenclature 2017 (AHTN 2017) အရ ၁-၁၀-၂၀၁၇ ရက်နေ့တွင် စတင်ကျင့်သုံးခြင်းဖြစ်သဖြင့် လတ်တလောလျှော့ချရန် အစီအစဉ်မရှိသေးပါကြောင်း၊
၂၀၁၁ ခုနှစ် စက်တင်ဘာလမှစတင်၍ မြန်မာနိုင်ငံရှိ သက်တမ်းလွန်မော်တော်ယာဉ်များကို ပိုင်ရှင်၏ ဆန္ဒအရအပ်နှံ၍ ယာဉ်အစားထိုးတင်သွင်းရန် မော်တော်ယာဉ်တင်သွင်းခြင်းမူဝါဒ ပြောင်းလဲခဲ့ပြီး နောက် ပြည်ပကလွတ်လပ်စွာတင်သွင်းလာသော မော်တော်ယာဉ်များအပေါ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ပြည်ပတင်သွင်း ယာဉ် မှတ်ပုံတင်ခ၊ ကနဦးမှတ်ပုံတင်ခနှင့် အခြားမှတ်ပုံတင်ဆိုင်ရာအခများကို ပြည်ထောင်စုအစိုးရ အဖွဲ့၏ခွင့်ပြုချက်ဖြင့်ကောက်ခံ၍ နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေသို့ပေးသွင်းလျက် ရှိပါကြောင်း၊ ပြည်ပ ကတင်သွင်းလာသည့် မော်တော်ယာဉ်များ၏ ကနဦးမှတ်ပုံတင်ရာတွင်ကောက်ခံသော ပြည်ပ တင်သွင်းယာဉ်မှတ်ပုံတင်ခကို မော်တော်ယာဉ်၏မူလတန်ဖိုး FOB ဈေးနှုန်းအပေါ် ငါးရာခိုင်နှုန်းမှ ၁၂၀ ရာခိုင်နှုန်းအထိ စက်စွမ်းအားအလိုက်သတ်မှတ်ကောက်ခံရာတွင် အများပြည်သူသယ်ယူပို့ဆောင်ရေး နှင့်ဆိုင်သောလုပ်ငန်းသုံးယာဉ်၊ ခရီးသည်တင်ယာဉ်များကို FOB ၏ငါးရာခိုင်နှုန်းသာကောက်ခံပြီး လူစီးဇိမ်ခံကားများကို စက်စွမ်းအားအလိုက် ၃၀ ရာခိုင်နှုန်းမှ ၁၂၀ ရာခိုင်နှုန်းအထိ ကောက်ခံလျက် ရှိပါကြောင်း၊ လူနာတင်ယာဉ်၊ မီးသတ်ယာဉ်၊ နိဗ္ဗာန်ယာဉ်၊ သာသနာတော်ဆိုင်ရာယာဉ်နှင့် အစိုးရ ဌာနအဖွဲ့အစည်းပိုင်ယာဉ်များကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက တည်ဆဲမော်တော် ယာဉ်ဥပဒေနှင့်အညီ ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခများ ကင်းလွတ်ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ လက်ရှိကောက်ခံနေသော ယာဉ်မှတ်ပုံတင်ခနှုန်းထားများက ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြု နှုန်းထားများဖြစ်ပြီး နိုင်ငံတော်အတွက်ရသင့်ရထိုက်သောဘဏ္ဍာငွေများရရှိစေရန်၊ နိုင်ငံတော်၏ရသုံး မှန်းခြေငွေစာရင်းပါလျာထားချက်များ ပြည့်မီကျော်လွန်စွာကောက်ခံရရှိနိုင်ရန်အတွက် ရည်မှန်းချက် ဖြင့် စိစစ်ကောက်ခံနေခြင်းဖြစ်ပါကြောင်း၊ ကင်းလွတ်ခွင့်ပြုသင့်သည့်ယာဉ်များကိုလည်း ဥပဒေနှင့် အညီ စိစစ်ခွင့်ပြုပေးလျက်ရှိပါသဖြင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပ တင်သွင်းယာဉ်မှတ်ပုံတင်ခများကို ဖြေလျှော့ပေးရန်အစီအစဉ်မရှိသေးပါကြောင်း၊
မော်တော်ယာဉ်ပိုင်ရှင်တို့ကို လမ်းဘေးတွင် ယာဉ်ရပ်နားခ၊ ညအိပ်ရပ်နားခ၊ မောင်းနှင်နေစဉ် လမ်း အသုံးပြုခတို့ကို တိုးမြှင့်ကောက်ခံရေးကိစ္စနှင့်ပတ်သက်ပြီး တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုနှင့် နေပြည်တော်ကောင်စီတို့၏ ပေါင်းစပ်ဖြေကြားချက်များအရ ယာဉ်ရပ်နားခနှင့်စပ်လျဉ်း၍ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနှင့် ရှမ်းပြည်နယ် တို့တွင် မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ယာဉ်ရပ်နားခများကို ကောက်ခံလျက် ရှိပါကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ဆိပ်ငယ်ဈေးယာဉ်ရပ်နားခကိုသာ ကောက်ခံ လျက်ရှိပါကြောင်းနှင့် ကျန်တိုင်းဒေသကြီး/ပြည်နယ်တို့တွင် ယာဉ်ရပ်နားခကောက်ခံခြင်းမရှိ ပါကြောင်း၊
မော်တော်ယာဉ်ညအိပ်ခွန်ကောက်ခံခြင်းနှင့်စပ်လျဉ်းပြီး ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီ၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့နှင့် တောင်ကုတ်မြို့နယ်တို့တွင် ညအိပ်အခွန်ကောက်ခံလျက် ရှိပါကြောင်း၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ် အတွင်းရှိ လမ်းနယ်မြေပေါ်တွင် ညအိပ်ရပ်နားသောယာဉ်များကို ညအိပ်အခွန်ကောက်ခံလျက် ရှိပါကြောင်း ချင်းပြည်နယ်ရှိ ဟားခါးမြို့တွင် ညအိပ်မော်တော်ယာဉ်ရပ်နားခတန်ကြေးကို ကောက်ခံ နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ညအိပ်အခွန်ကောက်ခံခြင်းမရှိပါကြောင်း၊
ဘီးခွန်ကောက်ခံခြင်းနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဘီးခွန်စည်းကြပ်ကောက်ခံလျက်ရှိပြီး ကျန် တိုင်းဒေသကြီး/ပြည်နယ်တို့တွင် ဘီးခွန်ကောက်ခံံခြင်းမရှိပါကြောင်း၊ မြို့နယ်ဝင်ကြေးကောက်ခံခြင်း နှင့်စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များက ဥပဒေ၊နည်းဥပဒေတို့တွင်ပြဋ္ဌာန်းသတ်မှတ်ထားသော နှုန်းထားများအတိုင်း မြို့ဝင်ကြေးကောက်ခံလျက်ရှိပြီး ကျန်တိုင်းဒေသကြီး/ပြည်နယ်တို့တွင် မြို့ ဝင်ကြေးကောက်ခံခြင်းမရှိပါကြောင်း၊
မော်တော်ယာဉ်မောင်းနှင်နေစဉ် လမ်းအသုံးပြုခတိုးမြှင့်ကောက်ခံရေးကိစ္စနှင့်စပ်လျဉ်းပြီး ဆောက်လုပ် ရေးဝန်ကြီးဌာနအနေဖြင့် လမ်းဦးစီးဌာနပိုင် လမ်းများပေါ်တွင် လက်ရှိကောက်ခံရရှိသော လမ်းအသုံးပြု ခနှုန်းထားများသည် ၂၀၁၁ ခုနှစ်ကအခြေခံစံနှုန်းဖြင့် တွက်ချက်ထားခြင်းဖြစ်ပါကြောင်း၊ ယခုအခါ အချိန်ကာလနှင့်လျော်ညီသော နှုန်းထားတစ်ခုဖြစ်စေရန် ငွေဖောင်းပွမှုနှုန်းနှင့် ဘဏ်အတိုးနှုန်းတို့ကို အခြေခံတွက်ချက်ပြီး IRR လျော်ညီသော နှုန်းထားတစ်ခုတိုးမြှင့်ရန်အတွက် ADB နည်းပညာ အထောက်အပံံ့နှင့် အပြည်ပြည်ဆိုင်ရာဥပဒေအတိုင်ပင်ခံအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွ့ဲ့အစည်းဝင်များနှင့် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး တိုးမြှင့်ကောက်ခံရန်ဆောင်ရွက်လျက် ရှိပါကြောင်း၊
ဥပဒေနှင့်မညီဘဲ အသုံးပြုသည့်ယာဉ်နှင့် ယာဉ်အသုံးပြုသူတို့ကို ထိရောက်သော အရေးယူရေးနှင့် စပ်လျဉ်းသည့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ တရားမဝင်လိုင်စင်မဲ့ မော်တော်ကား ၁၀၄၀ စီး၊ မော်တော်ယာဉ်ဆိုင်ကယ် လေးစီးနှင့် ဥပဒေနှင့်မညီသွားလာသော စည်းကမ်းပျက်မော်တော်ကား ၂၂၀၂၄၈ စီး၊ မော်တော် ဆိုင်ကယ် ၂၂၂၄၆၀ စီး၊ ထော်လာဂျီ ၇၂၆ စီး၊ သုံးဘီးယာဉ် ၂၄၆၁ စီးနှင့် အနှေးယာဉ်ဆိုက်ကား ၂၅၈၉ စီးတို့ကို ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေဖြင့်လည်းကောင်း၊ ၁၉၈၉ ခုနှစ် မော်တော်ယာဉ် နည်းဥပဒေဖြင့်လည်းကောင်း အရေးယူဆောင်ရွက်နိုင်ခဲ့ပြီး ဥပဒေနှင့်မညီသော ယာဉ်တင်သွင်းမှု၊ ထုတ်လုပ်ရောင်းချမှုများကို သက်ဆိုင်ရာအဖွဲ့အစည်းမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး တရားမဝင်တင်သွင်းလာသော မော်တော်ယာဉ်များကို နယ်မြေအတွင်းစစ်ဆေးတွေ့ ရှိပါက ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
