ကျွန်းစုမြို့နယ်ဆိပ်ကမ်းရှိ ဆိပ်ခံတံတားနှင့် ဘောတံတား(Jetty)အကြား ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာသွားလာနိုင်ရေးအတွက် အထက်(၄၈ x ၂၀ x ၆.၅)ပေ တလင်းပေါင်းကူးတံတား အား အသေးစားနှစ်စင်း သို့မဟုတ် ကြားခံ(Jetty)သံမဏိဆိပ်ခံတစ်ခုတည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်ရှိ ဆိပ်ခံတံတားနှင့် ဘောတံတားအကြားတွင် အတက်အဆင်း ပြုလုပ်ရန် Jetty မှာ တံတားနှင့် ၁၅ ပေခန့် ကွာဝေးနေသည်ဖြစ်၍ ခရီးသည်များနေ့စဉ် ၁၅၀၀ ခန့် အန္တရာယ်ကြား၌ သက်စွန့်ဆံဖျား အတက်အဆင်းပြုလုပ်နေရပါကြောင်း၊ မြိတ်မြို့မှ ကျွန်းစုမြို့သို့ ရှပ်ပြေးနှစ်စင်းနှင့် တပ်ခေါ်လှေတစ်စင်း ကျွန်စုမြို့မှ မြိတ်မြို့သို့ ရှပ်ပြေးနှစ်စင်း သုံးကြိမ်နှင့် တပ်ခေါ်တစ်ကြိမ် စုစုပေါင်း အတက်လေးကြိမ် အဆင်းသုံးကြိမ်နှုန်းကို ခရီးသည်များ ရေလမ်းခရီးကိုသာ အသုံးပြု၍ သွားလာနေရသည့် မြို့တစ်မြို့ဖြစ်ပါကြောင်း၊ ဆိပ်ခံတံတားနှင့် Jetty အကြားတွင် ကွာဟနေသည့်နေရာသို့ ကုန်ဘောင်ဟုခေါ်သည့် သစ်သားပြားတစ်ပြားစီဖြင့် အသေးစိတ်ပြု လုပ်နေရပါကြောင်း၊ ၂၀၁၇-၂၀၁၈ ခရိုင်စီမံကိန်းညှိနှိုင်းအစည်းအဝေးတွင် တင်ပြတောင်းခံပြီး သဘော တူညီမှု ရရှိခဲ့သော်လည်း ယနေ့တိုင် တည်ဆောက်ခြင်း မပြုလုပ်နိုင်သေးဘဲ နေရာတွင် မကြာသေးမီက အမျိုးသမီးတစ်ဦး ရေထဲကိုပြုတ်ကျသွားသဖြင့် အလျင်အမြန်ကယ်ဆယ်နိုင်ခဲ့သဖြင့် အသက်အန္တရာယ်မှ ကင်းဝေးခဲ့ရသော်လည်း နောက်ထပ်အမျိုးသမီးနှစ်ဦး ထပ်မံ၍ ရေထဲကိုပြုတ်ကျခဲ့ရပြီး ကယ်ဆယ် ခဲ့ရပါကြောင်း၊ တံတားနှင့် ဘောအကြားတွင် နေ့စဉ်အန္တရာယ်ကို ကြောက်ရွံ့စွာဖြင့် အတက်အဆင်း ပြုလုပ်နေရသည့် ခရီးသွားပြည်သူများ၏ စိုးရိမ်မှုကို ဖြေလျော့ပေးနိုင်ရန်အတွက် တင်ပြရခြင်း ဖြစ်ပါကြောင်း၊ သို့ပါ၍ ကျွန်းစုမြို့နယ် ဆိပ်ခံတံတားနှင့် (Jetty) တံတားအကြားတွက် ကောင်းမွန် ခိုင်ခံ့သည့် ပေါင်းကူးတံတားအသစ်နှစ်စင်း သို့မဟုတ် သံမဏိဘောခံ တစ်ခုလေးတစ်ခု တည်ဆောက်ပေးမည့် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ဆိပ်ခံတံတားကို ၁၉၉၆-၁၉၉၇ ခုနှစ်တွင် ဒေသခံပြည်သူများ၏ တောင်းဆိုချက်အရ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ပေါင်းစပ်စုစည်း ထည့်ဝင်ငွေ၊ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ၊ ပြည်သူများ၏ ထည့်ဝင်ငွေတို့နှင့် ပေါင်းစပ်စုစည်းပြီး အကုန်အကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ တံတားမှာ နှစ်ကာလကြာမြင့်စွာ သုံးစွဲခဲ့သော်လည်း ဒေသအဖွဲ့အစည်းများမှ ပြုပြင်ထိန်းသိမ်းခြင်းများ မဆောင်ရွက်နိုင်ခဲ့သည့်အတွက် ပျက်စီးယိုယွင်းလာသည့်အတွက် ၂၀၁၅ ခုနှစ်တွင် တနင်္သာရီတိုင်းဒေသ၏ အစိုးရ ရန်ပုံငွေကျပ်သိန်း ၂၀၀၀ နှင့် ကွန်ကရစ်တံတားကို အကြီးစားပြင်ဆင် တည်ဆောက်ခဲ့ကြောင်း သိရှိရပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် အဆိုပါကွန်ကရစ် ဆိပ်ခံတံတားအရှေ့တွင် ဆိပ်ခံဘောတစ်လုံးကို ပြည့်ဖြိုးထွန်းကုမ္ပဏီ လီမိတက်က တပ်ဆင်လှူဒါန်းပေးခဲ့ပါကြောင်း၊ ထိုသို့ဆိပ်ခံဘော တပ်ဆင်ထားသည့်အတွက် ရေတက်ရေကျချိန်များတွင် ရေယာဉ်များ ဆိုက်ကပ်အသုံးပြုရန် အဆင်ပြေခဲ့ပါကြောင်း၊
ရေယာဉ်များအဆင်ပြေခဲ့သော်လည်း ကိုယ်စားလှယ်တော်ကြီး တင်ပြသွားသည့်အတိုင်း ဆိပ်ခံတံတားနှင့် ဘောတံတားအကြား ကွာဟနေသည့်အတွက် ရေယာဉ်စီးခရီးသွားပြည်သူများ အနေဖြင့် တင်ပြထားသည့် အတိုင်း သစ်သားပြားကုန်းဘောင်ပေါ်က တစ်ဆင့်ကူး၍ သွားလာနေရသောကြောင့် ရေယာဉ်ပေါ်သို့ အတက်အဆင်း အဆင်မပြေသည့်အပြင် အန္တရာယ်လည်းရှိကြောင်း တွေ့ရှိရပါကြောင်း၊ ၁၆-၇-၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် တနင်္သာရီတိုင်းဒေသကြီအစိုးရအဖွဲ့၏ ဝန်ကြီးချုပ်နှင့် ခရိုင်မြို့နယ် အဆင့် ဌာနဆိုင်ရာများတွေ့ဆုံပွဲ၌ ကျွန်းစုမြို့မှာဆိပ်ကမ်းအာဏာပိုင် မရှိသည့်အတွက် ကျွန်းစုမြို့နယ် ဆိပ်ကမ်းရှိ မင်္ဂလာဆိပ်ခံတံတားနှင့် ဆိပ်ခံဘောတံတားကို ယခင်ဆိပ်ကမ်း သာယာလှပရေး ကော်မတီဖွဲ့ပြီး ဆိပ်ခံတံတားကို ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကျွန်းစုမြို့နယ် စည်ပင်သာယာရေးအဖွဲ့သို့ လွှဲပြောင်းပေးရန် ဝန်ကြီးချုပ်ကမှားကြားသဖြင့် ကျွန်းစုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးခန်း၌ သက်ဆိုင်ရာစာရွက်စာတမ်းများ တည်ဆောက်မှု မှတ်တမ်းဓာတ်ပုံများနှင့်အတူ ၂၀-၈-၂၀၁၈ ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း၊
ကျွန်းစုမြို့နယ်ဆိပ်ကမ်းရှိ ဆိပ်ခံတံတားနှင့် ဘောတံတားအကြား ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာ အချိန်အခါမရွေး လွယ်လွင့်တကူ တက်/ဆင်းသွားလာ အသုံးပြုနိုင်ရန်အတွက် သံကူကွန်ကရစ် ဆိပ်ခံဧရိယာ ၉၉၀ စတုရန်းပေကို ပြန်လည်ပြုပြင်ခြင်းနှင့် ၄၈ ပေ x ပေ ၂၀ x ၆ ပေ ခွဲအရွယ်အစား သံမဏိဆိပ်ခံဘောအသစ်တစ်လုံး ပြုလုပ်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရမည်ဖြစ်ပါသဖြင့် စုစုပေါင်းခန့်မှန်းကုန်ကျငွေ ကျပ် ၂၇၉.၇၇ သန်းရှိမည်ဖြစ်သဖြင့် ကုန်ကျငွေများပြားသောကြောင့် ကျွန်းစုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ရမည်ဆိုပါက မြို့ပြတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရန်ပုံငွေများစွာ လျော့နည်းသွားမှာဖြစ်ပါသဖြင့် အဆိုပါကုန်ကျစရိတ်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရန်ပုံငွေများချထားပေးပါက အကောင်အထည်ဖော် ဆောင်ရွက် ပေးမည် ဖြစ်ပါကြောင်းနှင့် ၂၀၂၀-၂၀၂၁ ခုနှစ် ဘတ်ဂျက်လျာထားရေးဆွဲသည့် အချိန်မှသာ ထည့်သွင်းလျာထားသွားနိုင်မည် ဖြစ်ပါကြောင်း၊
အဆိုပါ ကျွန်းစုမြို့နယ်ရှိ ဆိပ်ခံတံတား၏ ကွန်ကရစ်ပိုင်ကတ်တုံး (Pile Cap) များမှာ ရှေ့မျက်နှာစာထက် ပိုထွက်နေသည့်အတွက် ရေယာဉ်များဆိုက်ကပ်ရာမှာ အနှောင့်အယှက်ဖြစ်ပေါ်နေသည့် နေစစ်ချိန်မှာ ထိခိုက်မှုမဖြစ်ပေါ်စေရန် ဆိပ်ခံတံတားနှင့် ရေယာဉ်အကြား လူအတက်အဆင်း ပြုလုပ်ရန်အတွက် ဘောတစ်စုံနှင့် ဆိပ်ခံဘောတစ်စုံ ထပ်မံထည့်သွင်းပြီးမှသာ ဆိုက်ကပ်အသုံးပြုနိုင်ပါကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က စိစစ်တွေ့ရှိရပါကြောင်း၊
သို့ဖြစ်ပါ၍ ကျွန်းစုမြို့နယ်ရှိ ကွန်ကရစ်ဆိပ်ခံတံတားသည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ မြိတ်ဆိပ်ကမ်း နယ်နိမိတ်ပြင်ပမှာ တည်ရှိနေပြီး ကျွန်းစုမြို့နယ်စည်ပင်သာယာရေးအဖွဲ့က စီမံခန့်ခွဲလျက်ရှိပါကြောင်း ၎င်းကွန်ကရစ်ဆိပ်ခံတံတားနှင့် ဘောတံတားအကြားမှာ လိုအပ်လျက်ရှိသည့် လူအတက်အဆင်း ပြုလုပ်ရန် ဘောတစ်စုံနှင့် ဆိပ်ခံဘောတစ်စုံတို့ကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် တည်ဆောက်မည်ဆိုပါက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အနေဖြင့် ဆိပ်ကမ်းတံတားတည်ဆောက်ရေးဆိုင်ရာ နည်းပညာများ အကူအညီပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
