(ဃ)-လက်ပံတန်းမြို့နယ်ရှိ ရန်ကုန်-ပြည်လမ်းနှင်‌့ ကျွန်းကလေး-မှော်အင်းလမ်းဆုံရာ(ကျွန်းကလေး အရှေ့ဘက်လမ်းတာဆုံ)တွင် စံကိုက်မီးပွိုင့်ပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၃၀. ၅. ၂၀၁၉)

 

ကျွန်းကလေးအရှေ့ဘက်ကမ်း တာဆုံမီးပွိုင့်သည် ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင် ၈၈/၂ တွင် တည်ရှိပါကြောင်း၊ ၎င်းလမ်းဆုံကို ရန်ကုန်-ပြည်လမ်းမကြီးကို နေ့စဉ်အသုံးပြု ဖြတ်သန်းနေရသည့် ကားကြီး/ကားငယ် အသွယ်သွယ်နှင်‌့ လက်ပံတန်းမြို့ အရှေ့ဘက်ခြမ်းမှ ကျေးရွာအုပ်စုငါးအုပ်စု၊ ကျေးရွာအပေါင်း ၁၇ ရွာတို့မှ ကျေးရွာသူ/သားများ လက်ပံတန်းမြို့ သို့လာရောက်ရာတွင် နေ့စဉ်အသုံးပြုနေသော လမ်းဆုံဖြစ်ပါကြောင်း၊ ရန်ကုန်-ပြည်လမ်း၏ အကျယ်က ၂၄ ပေဖြစ်ပြီး AC လမ်းဖြစ်ပါကြောင်း၊ လက်ပံတန်း-ကျွန်းကလေး-မှော်အင်းလမ်းက ၁၂ ပေ လမ်းအကျယ်ဖြစ်ပြီး ရိုးရိုးကတ္တရာလမ်း ဖြစ်ပါကြောင်း၊ အချက်ပြမီးပွိုင့် ပြုလုပ်ထားသော်လည်း စနစ်ကျသည့် စံကိုက်မီးပွိုင့် မဟုတ်သည့်အတွက် လမ်းစည်းကမ်းကို နားမလည်သော ကျေးရွာသူ/ရွာသားများ ၎င်းလမ်းဆုံတွင် မကြာခဏဆိုသလို နှစ်စဉ်ယာဉ်တိုက်မှုများကြောင်‌့ အသက်ဆုံးရှုံးခြင်း၊ ဒဏ်ရာပြင်းထန်စွာ ရရှိခြင်းများ ရှိနေပါကြောင်း၊

ထို့ကြောင့် စနစ်ကျသည့် စံကိုက်မီးပွိုင့်ပြုလုပ်ပေးနိုင်ရန် အကြံပြုလိုသည်မှာ (၁) ရန်ကုန်-ပြည်လမ်း နှင့် လက်ပံတန်း-ကျွန်းကလေး-မှောင်အင်းလမ်းတို့၏ မီးပွိုင့်ဝန်းကျင် လမ်းနယ်နိမိတ်ကို ကန့်သတ်ထားသည့် ပလက်ဖောင်းများ ပြုလုပ်ပေးခြင်း၊ ၎င်းမီးပွိုင့်အနီး ယာဉ်များမရပ်နိုင်စေရန် ပလက်ဖောင်းများတွင် ဖြူ/နီကြားများ ရေးဆွဲခြင်း၊ (၂) လမ်းထောင်‌့များမှာ မြင်ကွင်းမရှင်းသည့် အကာအကွယ်များကို ဖယ်ရှားပေးခြင်း၊ ဥပမာ-ရဲကင်းရုံနှင့် ကြော်ငြာဆိုင်းဘုတ်များ၊ ကျူးကျော် လမ်းဘေးဆိုင်များ၊ (၃) လမ်းဆုံလေးဘက်တွင်ရှိသည့် ကတ္တရာလမ်းပေါ်တွင် မျဉ်းဝါ၊ ရပ်မျဉ်း၊ ရှေ့သို့တည့်တည့် သွားမည့်မြားသင်္ကေတ၊ ဘယ်/ညာသို့ကွေ့မည်‌့ မြားသင်္ကေတများ ရေးဆွဲပေးခြင်း၊ မျဉ်းလိုင်းများရေးဆွဲပေးခြင်းတို့ဖြင့် မီးပွိုင်‌့ကိုအသုံးပြုကြမည့် ကျေးရွာသူ/သားများအနေဖြင်‌့ လမ်းစည်းကမ်းကို လွယ်ကူစွာကျင့်သုံး တက်လာမည်ဖြစ်၍ ကျွန်းကလေး တာဆုံမီးပွိုင့်သည် မြို့သူ/သားများ၏ အမြင်အာရုံတွင် စည်းကမ်းကျနသော မီးပွိုင့်၊ သပ်ရပ် တင်‌့တယ်သော မီးပွိုင်‌့အဖြစ် ဆွဲဆောင်နိုင်မည်ဖြစ်၍  ယာဉ်တိုက်မှုများ တဖြည်းဖြည်းလျော့ပါးလာပြီး စည်းကမ်းကိုလိုက်နာကြမည့် မြို့သူ/သားများအဖြစ် မြင်တွေ့လိုပါသဖြင့် မေးမြန်းပါသည်။


ဖြေကြားသူ
ပို့ဆောင်ရေးနှင်‌့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ

လက်ပံတန်းမြို့နယ်၊ မြို့မရဲစခန်းအပိုင် နယ်မြေအတွင်းရှိ ကျွန်းကလေးကျေးရွာဆိုလျှင် မြို့မရဲစခန်း အရှေ့ဘက်နှစ်မိုင်ခန့်အကွာ ရန်ကုန်-ပြည်ကားလမ်းမကြီး၏ ဘေးတစ်ဖက်တစ်ချက်တွင် တောင်/မြောက် တန်းလျက်တည်ရှိပြီး လက်ပံတန်း-ကျွန်းကလေး-မှော်အင်းကားလမ်းနှင်‌့ ရန်ကုန်-ပြည် ကားလမ်းဆုံသည့်နေရာ ဖြစ်ပါကြောင်း၊ ၎င်းကျွန်းကလေး တာဆုံတွင် နယ်မြေလုံခြုံရေးနှင်‌့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာစေရေးအတွက် ၁၉၉၅ ခုနှစ်ခန့်မှစပြီး နယ်မြေလုံခြုံရေး ရဲကင်းက ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့နောက် အများပြည်သူများ သွားလာရေးလွယ်ကူပြီး ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ၂၀၁၅ ခုနှစ်အတွင်း မြို့နယ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ ရန်ပုံငွေဖြင့် မီးပွိုင့်လေးခု တပ်ဆင် ပေးခဲ့ပါကြောင်း၊  အဆိုပါ မီးပွိုင့်များတပ်ဆင်ပြီးနောက် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ မရှိသော်လည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး တပ်ဖွဲ့ဝင်ခြောက်ဦး ဖွဲ့စည်းပြီး ကျွန်းကလေး တာဆုံမီးပွိုင့်တွင် တစ်နေ့နှစ်ဦးကျစီ တာဝန်ချထား ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်-ပြည်ကားလမ်းကို AC ကတ္တရာခင်းခြင်း၊ လမ်းချဲ့ခြင်းများပြုပြင်လာခဲ့၍ ကျွန်းကလေးလမ်းဆုံနေရာတွင် လမ်းများပိုကျယ်လာမှုနှင်‌့အတူ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်းခြင်း၊ မီးပွိုင်‌့ကိုသတိပြု၍ သွားလာမှုအားနည်းခြင်း၊ မီးပွိုင့်တိုင်များတွင်လည်း ယခင်လမ်းအ‌ခြေအနေပေါ် မူတည်၍ စိုက်ထူထားသဖြင်‌့ ကိုယ်စားလှယ်တော်ကြီး တင်ပြသွားသည့်အတိုင်း အနည်းငယ်မြင်‌့မား နေခြင်းတို့ကြောင်‌့ ကျွန်းကလေးတာဆုံသည် ၂၀၁၈ ခုနှစ်တွင် ယာဉ်တိုက်မှုလေးမှု၊ ၂၀၁၉ ခုနှစ် မတ်လအထိ ယာဉ်တိုက်မှုတစ်မှု ဖြစ်ပွားခဲ့ပါသဖြင်‌့ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ရန်ကုန်-ပြည်ကားလမ်းနှင်‌့ ကျွန်းကလေး-မှောင်အင်း လမ်းတစ်လျှောက်ရှိ ကျေးရွာများနှင်‌့ မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများကို လက်ကမ်းစာစောင်များ ဖြန့်ဝေပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊

ယာဉ်တိုက်မှုများဖြစ်ပွားရာတွင် အများစုမှာ လမ်းဆုံရောက်ရှိချိန် မီးပွိုင့်ကိုကြည့်ရှု မောင်းနှင်သွားလာမှု အားနည်းခြင်း၊ ယခုတပ်ဆင်ထားသော မီးပွိုင့်တွင်လည်း သာမန်ထက် အနည်းငယ် မြင်‌့နေခြင်းတို့ကို တွေ့ရှိရသဖြင်‌့ သက်ဆိုင်ရာလမ်း ဦးစီးဌာနနှင်‌့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက တာဝန်ရှိသူများ၊ ကျွမ်းကျင်သူများ ပူးပေါင်း၍ မြေပြင်ကွင်းဆင်းတိုင်းတာ ကြည်‌့ရှုစစ်ဆေးပြီး လိုအပ်ပါက စံကိုက်မီးပွိုင်‌့ပြုလုပ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားပါသည်။