(ဌ)-တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရာတွင် အမှတ်အနည်းငယ်လျော့သော ကျောင်းသားများသည် တက်ရောက်ခွင့်မရရှိဘဲ နစ်နာခဲ့မှုအပေါ် မည်သို့ဖြေရှင်းဆောင်ရွက်ခဲ့သည်နှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၂၈. ၅. ၂၀၁၉)

 

တက္ကသိုလ်ဝင်ခွင့်၊ ဆေးတက္ကသိုလ်ဝင်ခွင့်နှင့် တိုက်ရိုက်လျှောက်ထားနိုင်သော ကျောင်းများအား ဝင်ခွင့်လျှောက်ထားရာတွင် ကျောင်းသား တစ်ဦးတည်း ကျောင်း (၃) ကျောင်းတွင် ဝင်ခွင့်ပါနေခြင်း ကြောင့် အမှတ်အနည်းငယ်လျော့သော ကျောင်းသားများသည် တက်ရောက်ချင်သော ကျောင်းသို့ တက်ရောက်ခွင့်မရရှိဘဲ နစ်နာခဲ့မှုအပေါ် မည်သို့ဖြေရှင်းဆောင်ရွက်ခဲ့သည်နှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ရေးကို မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

 

လွှတ်တော်ကိုယ်စားလှယ်များ၏အဓိကတာဝန်ဖြစ်သော ဥပဒေပြုခြင်း၊ စောင့်ကြည့်ခြင်း၊ ကိုယ်စားပြု ခြင်းဟူသောတာဝန်အရ ယခုမေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ အချိန်နှင့် တစ်ပြေးညီ သိရှိစေရန် ၂၁.၁၂.၂၀၁၈ ရက်နေ့တွင်မေးခွန်းတင်ခဲ့သော်လည်း ယနေ့မှသာ မေးခွန်းမေးမြန်းခွင့် ရခဲ့ပါကြောင်း၊

၂၀၁၈ ခုနှစ် ပညာသင်နှစ်အောင်မြင်သည့် ကျောင်းသားများ တက္ကသိုလ်ဝင်ခွင်‌့ လျှောက်ထားရာတွင် ယခင်နှစ်များနှင့်မတူဘဲ တမူထူးခြားခဲ့ပါကြောင်း၊ ဆေးတက္ကသိုလ်ငါးခု၊ သွားဘက်ဆိုင်ရာဆေး တက္ကသိုလ်နှစ်ခုနှင့် ဆေးဝါးနှီးနွှယ်ကျောင်းများက တစ်ပိုင်း၊ ပညာရေး ဝန်ကြီးဌာနအောက် သီးခြားတိုက်ရိုက်လျှောက်ထားခွင့် ၁၁ ကျောင်းကတစ်ပိုင်း ဖြစ်ခဲ့သောကြောင့် ၂၀၁၈ ပညာသင်နှစ်အမှတ် အများဆုံးရရှိသည့် ကျောင်းသားများအတွက် ဦးစားပေးကျောင်း သုံးကျောင်း လျှောက်ထားခွင့်ရရှိပြီး ကျောင်းအားလုံးတွင် စာရင်းပါ နေသောကြောင့် အမှတ်တစ်မှတ်စ၊ နှစ်မှတ်စ လျော့နည်းခဲ့သော ကျောင်းသားများသည် စိတ်ပါဝင်စားသည့် ကျောင်းများတွင် ဝင်ရောက်တက်ရောက်ခွင့် မရတော့ဘဲ နစ်နာခဲ့ကြရပါကြောင်း၊ ဆေးတက္ကသိုလ်ဝင်ခွင့် အမှတ်သည် လိုအပ်သော ၁၂၀၀ ဦး ပြည့်မီရန်သာ သတ်မှတ်ခဲ့သောကြောင့် ယောက်ျားလေး ၅၀၅ မှတ်၊ မိန်းကလေး ၅၁၅ မှတ်ဖြင့် ၂၀၁၈ ခုနှစ်တွင် စံချိန်တင်မြင့်တက်သွားခဲ့ပါကြောင်း၊ ယခင်နှစ်ဆေးတက္ကသိုလ် ဝင်ခွင့်အမှတ် ၅၁၀ ကိုကြည့်ပြီး ကိုယ်ရရှိသည့်အမှတ်ဖြင့် မီနိုင်မည်ဆိုပြီး ဆေးတက္ကသိုလ်တစ်ခုတည်းကို လျှောက်ထားခဲ့သော ကျောင်းသားများသည် ဆေးတက္ကသိုလ်အမှတ်ထက် တစ်မှတ်လျော့၊ နှစ်မှတ်လျော့ဖြင့် ရိုးရိုးဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်သာ တက်ရောက်ခွင့် ရရှိသွားသည့်အတွက် ပိုမိုအထိနာခဲ့ကြရပါကြောင်း၊

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ တင်အောင်၏ ၁၁.၁၂.၂၀၁၈ ရက်နေ့ ဒသမပုံမှန် အစည်းအဝေးတွင် မေးခွန်းမေးမြန်းခဲ့ရာ မေးခွန်းကိုလာရောက် ဖြေကြားသွားသော ပညာရေးနှင့် ကျန်းမာရေးဝန်ကြီး ဖြေကြားသွားသည့်အပေါ် တာဝန်ယူမှု၊ ဆောင်ရွက်မှု မည်မျှရှိသည်ကို ကျောင်းသားမိဘ ပြည်သူများကိုယ်စား အားလုံးသိရှိစေလိုသည့် ဆန္ဒဖြင့်မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ နစ်နာသွားရသည့် ကျောင်းသားနှင့် ပြည်သူများက သတင်းစာရှင်းလင်းပွဲများ နှစ်ကြိမ်၊ သုံးကြိမ် ပြုလုပ်ကြသည့်အပြင် ဆောင်ရွက်ပေးမှုအပေါ် ကျေနပ်အားရမှုမရှိကြ၍ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ လွှတ်တော်ကတိ/ကဝတ်၊ တိုင်ကြားစာကော်မတီစသဖြင့် လိပ်မူတိုင်ကြားကြသော်လည်း မှားယွင်းမှုအပေါ် ဝန်ခံခြင်း၊ တောင်းပန်ခြင်းမရှိ၊ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ မျက်နှာလွှဲခဲပစ် လွှဲချခဲ့သည့်အတွက် လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးခဲ့ရသကဲ့သို့ အစိုးရ၏ပုံရိပ်လည်း ထိခိုက်ရပါကြောင်း၊ နစ်နာကြသူများ၏ စိတ်နာကြည်းမှု၊ မုန်းတီးမှု၊ မကျေနပ်မှုများကို လူမှုကွန်ရက်ပေါ်တွင် မြင်တွေ့ရပြီး ဖုန်းဆက်ခြင်း၊ ကိုယ်တိုင်လာရောက် ပြောကြားခြင်းများကြောင့် များစွာစိတ်မကောင်း ဖြစ်ခဲ့ရပါကြောင်း၊ လွှတ်တော်ထဲတွင် လာရောက်ဖြေကြားရာတွင် ဆေးတက္ကသိုလ် လိုအပ်သည့် အင်အား ၁၂၀၀ ပြည့်မီစေရန် ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အပြည့်ခေါ်ယူသွားမည်ဟု ဖြေကြားခဲ့ပါကြောင်း၊ ယခုလက်ရှိအထိ ဆေးတက္ကသိုလ်ငါးခုတွင် အင်အား ၁၂၀၀ မပြည့်မီဘဲ ၂၀၀ ကျော်လိုအပ်လျက် ရှိနေပါကြောင်း၊ စုစုပေါင်းအင်အား ၁၀၀၀ မပြည့်မီပါကြောင်း၊ အခြားတိုက်ရိုက်လျှောက်ရသည့် တက္ကသိုလ်များတွင်လည်း သတ်မှတ်အင်အား မပြည့်မီဘဲ လိုအပ်လျက် ရှိနေပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားသည့် စကားလေးကို သတိရ၍ ပြောရမည်ဆိုပါက ဦးစီးဦးဆောင်သူများသည် ပေးပြီးသည့် ကတိကိုတည်အောင်လုပ်ရမည် ဖြစ်ပါကြောင်း၊ မလုပ်နိုင်ပါက လုပ်နိုင်သည့်သူကို အစားထိုးပေးရမည် ဖြစ်ပါကြောင်း၊ ကျောင်းသားတစ်ယောက် နစ်နာပါက တိုင်းပြည်နစ်နာ သည်နှင့်အတူတူပါဟု ကချင်ပြည်နယ်နေ့တွင် ပြောကြားခဲ့ပါကြောင်း၊

သက်ဆိုင်ရာဝန်ကြီးဌာနနှင့် တာဝန်ရှိသူအဆင့်ဆင့်က အချိန်မီတုံ့ပြန် ဖြေရှင်းရမည် ဖြစ်သော်လည်း ကျားက ၅၄၁ မှတ်၊ ၅၂၅ မှတ်၊ ၅၁၂ မှတ် ကျောင်းသားသုံးဦးသာ ဆေးတက္ကသိုလ် ဝင်ခွင့်နှင့်မက ၅၁၄ မှတ် လေးဦး၊ ၅၁၃ မှတ် နှစ်ဦး၊ ၅၁၂ မှတ် လေးဦးကိုသာ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ နောက်ဆက်တွဲဝင်ခွင့်ပြုခဲ့၍ စုစုပေါင်း ၁၁ ဦးသာ ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် အပေါ်ယံဟန်ပြ ဆောင်ရွက်ထားခြင်း ဖြစ်သည့်အတွက် နောက်ဆက်တွဲ ဆောင်ရွက်ပေးခြင်းမှာ အားရကျေနပ်မှုမရှိ ဖြစ်ရပါကြောင်း၊ ဆေးတက္ကသိုလ်များတွင် နှစ်စဉ်နှစ်တိုင်း မည်၍မည်မျှရမှဟု သတ်မှတ်ခြင်းမရှိဘဲ မည်သည့်အတွက်ကြောင့် ပြည့်မီအောင်မခေါ်သနည်း ဆိုသည်မှာ ထောက်ပြစရာတစ်ခု ဖြစ်လာပါကြောင်း၊ လိုအပ်သောအင်အား သတ်မှတ်ချက်အပေါ် ခေါ်ထားသည့်အမှတ်ဖြင့် သတ်မှတ်ခေါ်ထားသလား ဆိုသည်ကို ကွဲကွဲပြားပြားရှင်းပြရန် လိုအပ်ပါကြောင်း၊ ယခုကိစ္စတွင် ပထမတွင် အင်အားလိုအပ်ချက်အရ ခေါ်ယူသည်ဟုပြောပြီး နောက်မှ ယောက်ျားလေး ၅၀၅ မှတ်၊ မိန်းကလေး ၅၁၅ မှတ်မရရှိ၍ နောက်ဆက်တွဲဝင်ခွင့်မပြုနိုင်၊ မပြင်နိုင်သည်မှာ သက်သက်မဲ့ ညစ်သကဲ့သို့ ဖြစ်ပါကြောင်း၊

၂၀၁၇ ခုနှစ်တွင် ဆေးတက္ကသိုလ်အမှတ် ၅၁၀ မှတ်သာရှိပြီး ၂၀၁၈ ခုနှစ်တွင် ၅၁၅ မှတ်၊ လာမည့် ၂၀၁၉ ခုနှစ်တွင် မသိရှိရသေးသော်လည်း ယခုကဲ့သို့ မဖြစ်သင့်ပါဟု ထင်မြင်ပါကြောင်း၊ ကျောင်းသား/သူများအတွက် ပွင့်လင်းမြင်သာမှုမရှိသကဲ့သို့ ဖြစ်နေပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုဖြစ်ခဲ့သော အဖြစ်မျိုး၊ အဖြစ်ဆိုးများ ဆက်လက်မဖြစ်စေရန်အတွက် တာဝန်ရှိသူ အဆင့်ဆင့်က ကြပ်မတ်၍ နစ်နာသောကျောင်းသား မိဘပြည်သူများအား တောင်းပန်သင့်၊ တောင်းပန်ထိုက် ဖြေလျှော့ပေး နိုင်ရေးအတွက် ကျောင်းသားမိဘပြည်သူများ ကိုယ်စား ဆောင်ရွက်ပေးနိုင်ပါရန် မေးမြန်းပါသည်။


ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

၂၀၁၈-၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် ကျောင်းသား/သူများအတွက် သီးခြားတက္ကသိုလ် ဝင်ခွင့်ခေါ်မည့် တက္ကသိုလ် ၁၃ ကျောင်း၊ ဆေးတက္ကသိုလ်နှင့် ဆေးနှီးနွှယ် တက္ကသိုလ် ၁၅ ကျောင်းအတွက် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာတစ်ခုတည်းတွင် ဦးစားပေး အစီအစဉ်အတိုင်း ဖြည့်စွက်လျှောက်ထား စေခဲ့ပါကြောင်း၊ အဆိုပါတက္ကသိုလ် ၂၈ ခု၏ လက်ခံနိုင်မည့် ဦးရေများအား ရွေးချယ်ရာတွင် ၎င်းတက္ကသိုလ်များ၏ ပါမောက္ခချုပ်များ ပါဝင်သော ရွေးချယ်ရေးအဖွဲ့က ဦးစားပေးအစီအစဉ်အလိုက် တက္ကသိုလ်များ၏ဝ င်ခွင့်သတ်မှတ်ချက်နှင့်အညီ ရွေးချယ်ဆောင်ရွက် သွားပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ဆေးတက္ကသိုလ်နှင့် ဆေးနှီးနွှယ်တက္ကသိုလ်များသို့ လျှောက်ထားခဲ့သူများကို စိစစ်သည့်အခါ သတ်မှတ်ရမှတ် အတွင်းရရှိပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနလက်အောက်ရှိ ဆေးတက္ကသိုလ်နှင့် ဆေးနှီးနွှယ်တက္ကသိုလ်များသို့ လျှောက်ထားသူ ပထမအကြိမ် ၂၂၉ ဦး၊ ဒုတိယအကြိမ် ၂၅ ဦး၊ တတိယအကြိမ်တစ်ဦး၊ စတုတ္ထအကြိမ်တစ်ဦးနှင့် လက်ခံထားပြီးသူ ၁၉ ဦး အပါအဝင် စုစုပေါင်း ၂၇၅ ဦး ရှိခဲ့ပါကြောင်း၊ ၎င်းတို့အနက်မှ ၄၇ ဦးကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ နောက်ဆက်တွဲ လက်ခံခြင်းကို ၂၄-၁၂-၂၀၁၈ ရက်နေ့တွင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ကျောင်းမအပ်နှံဘဲ လစ်လပ်သွားသော အရေအတွက်များနှင်‌့ စပ်လျဉ်းပြီး ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ ညှိနှိုင်းအစည်းအဝေးကို ၂၇-၁၂-၂၀၁၈ ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပြီး ဆေးတက္ကသိုလ်နှင့် ဆေးနှီးနွှယ်တက္ကသိုလ်များ၏ ဝင်ခွင့်ပြုအနိမ့်ဆုံးရမှတ်ကို ပြည့်မီသော ကျောင်းသား/သူ ၂၂၈ ဦးအား နောက်ဆက်တွဲ ဝင်ခွင့်ပြုခဲ့ပြီး ဝင်ခွင့်ရရှိသူများ၏ စာရင်းကို ၁၁-၁-၂၀၁၉ ရက်နေ့တွင် ကြေညာဆောင်ရွက် ပေးခဲ့ပါကြောင်း၊ ထို့အပြင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနသည် ဆေးတက္ကသိုလ်ဝင်ခွင့်ပြုဦးရေ ၁၂၀၀ ၏ ၆ ရာခိုင်နှုန်းကို တိုင်းရင်းသားဒေသများမှ တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်သော ကျောင်းသား/သူများကို တက်ရောက်ခွင့်ပေးခဲ့ပါကြောင်း၊ အဆိုပါ ဆောင်ရွက်ပြီးကိစ္စများနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာနမှ ပြည်သူ့လွှတ်တော် တိုင်ကြားစာနှင့်အသနားခံစာဆိုင်ရာ ကော်မတီ၊ ပြည်သူ့လွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၊ နိုင်ငံတော်သမ္မတရုံး စသည်တို့ကို စိစစ်ဆောင်ရွက်ပြီး အခြေအနေများကို တင်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊ လာမည့် ၂၀၁၉ ခုနှစ်အတွင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်လာမည့် ကျောင်းသား/သူများအတွက် တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကို ပထမအကြိမ်အဖြစ် ၉-၃-၂၀၁၉ ရက်နေ့တွင် ရန်ကုန်မြို့ ပါမောက္ခချုပ်များ ကော်မတီရုံးတွင် လည်းကောင်း၊ ဒုတိယအကြိမ်အစည်းအဝေးကို ၁၀-၄-၂၀၁၉ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၁) နေပြည်တော်တွင်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးနှင့်တာဝန်ရှိသူများ၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်မှတာဝန်ရှိသူများ၊ ပါမောက္ခချုပ်များကော်မတီမှ ပါမောက္ခချုပ်များ၊ အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများတို့ဖြင့် နှစ်ကြိမ်တိုင်ကျင်းပ ဆောင်ရွက်ခဲ့ပြီး လိုအပ်သောကြိုတင် ညှိနှိုင်းဆောင်ရွက်မှုများကို ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူ ကျောင်းသား/သူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်၌ ဖော်ပြထား သည့်အတိုင်း တက္ကသိုလ်များလျှောက်ထားရာတွင် တိတိကျကျလိုက်နာ ဆောင်ရွက်နိုင်ပါရန်နှင့် ကျောင်းသား/သူများနှင့် မိဘပြည်သူများအနေဖြင့် ယခင်နှစ်များမှ ရရှိခဲ့သော တက္ကသိုလ်ဝင်ခွင့်အမှတ်များကို ချိန်ထိုး၍ မိမိဦးစားပေး တက်ရောက်လိုသော တက္ကသိုလ်အနည်းငယ်ကိုသာ ရွေးချယ်လျှောက်ထားရန်သာ စီစဉ်ခဲ့ပါကြောင်း၊ ယခု ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်လာမည့် ကျောင်းသား/သူများအတွက် ယခုကြိုတင်ပြီး သတင်းစာနှင့်ဂျာနယ်များတွင် ဆောင်းပါးများ ရေးသားဖော်ပြခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ပါမောက္ခချုပ်ကြီးများကိုယ်တိုင် စကားဝိုင်းဆွေးနွေးပွဲများအား ပြုလုပ်ပြီး ကျောင်းသား/သူများနှင့် မိဘပြည်သူများအား ကြိုတင်၍လေးလေးနက်နက် အသိပေးခြင်းများ ဆောင်ရွက်လျက် ရှိသည့်အတွက် ယခင်နှစ်တွင်ဖြစ်ပေါ်သည့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားမှု အားနည်းချက်များ မဖြစ်ပေါ်စေရေး ကြိုတင်ဆောင်ရွက်သွားလျက်ရှိပါကြောင်း ဖြေကြားပါသည်။

 

ဦးအောင်ကျော်ဦး (မိုင်းတုံမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဝန်ကြီးဌာနကဖြေကြားသွားရာတွင် အားလုံးတင်ပြဆောင်ရွက်ပြီးပြီဟု ဖြေကြားထားပါကြောင်း၊ မိမိတို့ အမှန်တကယ်သိရှိရသည်မှာ ယောင်္ကျားလေး ၅၄၁ မှတ်၊ ၅၂၅ မှတ်၊ ၅၁၂ မှတ် ကျောင်းသားသုံးဦးသာ ဆေးတက္ကသိုလ်ဝင်ခွင့်ကို ပေးခဲ့သည်မှာ အမှတ်ပြည့်၍ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ နဂိုက ၁၂၀၀ ပြည့်မှ အရေအတွက်၊ ဦးရေ၊ အင်အားဖြင့်ခေါ်ယူမည်ဆိုပြီး နောက်ဆုံးတွင် အမှတ်မမီ၍ဟု ဖြေကြားခြင်းများ ရှိပါကြောင်း၊  ယခုအချိန်ထိ အချို့ကလေးများ ကျောင်းမတက်ဘဲ မြင်နေရခြင်းများလည်း ရှိပါကြောင်း၊ အတော်များများကျန်ခဲ့ပါကြောင်း၊ ၎င်းတို့ဖြေရှင်းပေးသည် ဆိုသော်လည်း အပေါ်ယံဖြေရှင်းသည့် ပုံစံမျိုးဖြင့်သာ ဖြေရှင်းသွား ပါကြောင်း၊ ရှင်းရှင်းပြောရပါက အဆိုပါကျောင်းသားမိဘများ၊ နစ်နာခဲ့သော ကျောင်းသားမိဘများ၊ ပြည်သူများအပေါ် ပညာရေးဝန်ကြီးဌာနက ပြန်လည်ဝန်ချတောင်းပန်ရန် အစီအစဉ် ရှိ/မရှိ သိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

 

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော်တွင် ပြန်ကြားရေးကော်မတီဥက္ကဋ္ဌ မေးမြန်းသည့် မေးခွန်းဖြေကြားစဉ်ကတည်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဝန်ကြီးနှင့် မိမိတို့ဖြေကြား ခဲ့သည်မှာ သတ်မှတ်ဦးရေပြည့်မီအောင် ဆောင်ရွက်ပါမည်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်နှင့်အညီ သတ်မှတ်အမှတ်ပြည့်မီပါက ပြည့်မီအောင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မိမိတို့ပြောကြား ခဲ့ပါကြောင်း၊ ပြောကြားခဲ့သည့်အတိုင်း တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ချက်နှင့်အညီ၊ သတ်မှတ် အမှတ်နှင့်အညီ စိစစ်ရွေးချယ်ခဲ့ပါကြောင်း၊ စိစစ်ရွေးချယ်ခဲ့မှု အခြေအနေကိုလည်း လွှတ်တော်ကိုယ်စားလှယ်ကြီး ဒေါ်မေဝင်းမြင့်တို့ဦးဆောင်သော ကတိကဝတ်စိစစ်ရေး ကော်မတီက မိမိတို့ကို အသေးစိတ်စိစစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတရုံးကိုလည်း တင်ပြခဲ့ပါကြောင်း၊ ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌကြီးကိုလည်း အကြိမ်ကြိမ်ရှင်းလင်း ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း ဖြေကြားပါသည်။