ထီးချိုင့်မြို့နယ်၊ တကောင်းတောင်နီကယ်စီမံကိန်းတွင် ဧရာဝတီမြစ်ဆိပ်ကမ်း ကရိန်းကုန်တင်ကုန်ချ စနစ်အတွက် လျှပ်စစ်ဓာတ်အား သွယ်တန်း ရာတွင် ဒေသခံတောင်သူများ၏ လယ်ယာမြေများအတွင်း မီးတိုင်စိုက်ထူထားသောကြောင့် နစ်နာမှုကိုမည်ကဲ့သို့ ကူညီဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် တကောင်းတောင် CNICO Company၊ ဖယ်ရိုနီကယ် စီမံကိန်း၏စက်ရုံကို မန်းကုန်းကျေးရွာ၏ တောင်ဘက်တွင်ရှိပြီး ဧရာဝတီမြစ်၏ ခပ်လှမ်းလှမ်းတွင် တည်ဆောက်ထားခြင်း ဖြစ်ပါကြောင်း၊ စက်ရုံတည်ဆောက်စဉ်ကစပြီး လိုအပ်သည့် တည်ဆောက်ရေး ပစ္စည်းများနှင့် ကျောက်မီးသွေးများ ဆိပ်ကမ်းပေါ်တင်သည့်အခါ စက်ရုံက ထွက်ရှိလာသော Ferro Nickel Seeds များ သင်္ဘောပေါ်အတက်အချ လုပ်ရန်အတွက် ဟိုက်ထရောလစ် ကရိန်းများနှင့် ကွန်ဘေယာများကို အသုံးပြုရပါကြောင်း၊ ထိုအခါ လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို စက်ရုံမှမြစ်ဆိပ်ကမ်းအထိ လယ်ယာမြေများပေါ်က ဖြတ်သန်းသွယ်တန်း သွားသည့်အခါ ဒေသခံတောင်သူများအနေဖြင့် နစ်နာဆုံးရှုံးမှုကို တင်ပြလာသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည့်။
မီးတိုင်သည် နှစ်တန်းဖြစ်သည့်အတွက် တိုင်အများကြီးသုံးရပါကြောင်း၊ တစ်တိုင်တစ်တိုင်တွင်လည်း ဆိုင်းကြိုးများပါသည့်အတွက် အောက်ခြေတွင် တိုင်တစ်တိုင်ပေးလိုက်ရသည့် ဧရိယာက တော်တော် များပါကြောင်း၊ တိုင်တစ်တိုင်အတွက် ယခုလိုပေးလိုက်ရသည့်အခါ မီးတိုင်ပေါင်းများစွာ ဖြတ်သွားသည့်အခါ တောင်သူများမှာ နစ်နာဆုံးရှုံးမှုများ ရှိရပါကြောင်း၊ ထို့ကြောင့် ထီးချိုင့်မြို့နယ် တကောင်းတောင် နီကယ်စီမံကိန်းတွင် ဧရာဝတီမြစ်ဆိပ်ကမ်း ကရိန်းကုန်တင်ကုန်ချ စနစ်အတွက် လျှပ်စစ်သွယ်တန်းရာတွင် ဒေသခံတောင်သူများ၏ လယ်မြေများအတွင်း မီးတိုင်စိုက်ထူ ထားသောကြောင့် နစ်နာမှုကို မည်ကဲ့သို့ကူညီ ဆောင်ရွက်ပေးမည်ကို သိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။
တကောင်းတောင် နီကယ်စီမံကိန်းကို ၂၀၀၉ ခုနှစ် ပတ်ဝန်းကျင်ခန့်က တည်ဆောက်ဆဲကာလတွင် မြေနေရာရရှိ အသုံးပြုနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဌာနဆိုင်ရာအဖွဲ့အစည်း အဆင့်ဆင့်၏ စိစစ်ထောက်ခံချက်ဖြင့် စီမံကိန်းတွင်အသုံးပြုသည့် စိုက်ပျိုးမြေနေရာများအတွက် သီးနှံလျော်ကြေးများ ပေးချေပြီး ဖော်ပြပါအတိုင်း ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါသည်။ နစ်နာကြေး ပေးချေရာတွင် နီကယ်သတ္တုစက်ရုံဝင်း၊ ချော်စုပုံဝင်း၊ ဆီသိုလှောင်ရုံဝင်း၊ ရေသန့်စင်စက်ရုံဝင်း၊ ဆိပ်ခံတံတားဧရိယာ စသည်တို့အတွက် တောင်သူဦးရေစုစုပေါင်း ၈၈ ဦး၏ လယ်ယာမြေ ၇၁၉.၇၁ ဧကအတွက် သီးနှံလျော်ကြေး ငွေကျပ် ၅၇.၀၄ သန်း ပေးချေခဲ့ပါကြောင်း၊
ဆက်သွယ်ရေးလမ်းများဖြစ်သည့် ဆိပ်ခံဧရိယာနှင့် ဆီသိုလှောင်ရုံလမ်း၊ ဆီသိုလှောင်ရုံနှင့် စက်ရုံသို့ လမ်း၊ စက်ရုံမှချော်စုပုံဝင်းစသည့် လမ်းများအတွက် တောင်သူ ၂၄ ဦး၏ လယ်ယာမြေ ၁၈.၉၄ ဧကအတွက် သီးနှံလျော်ကြေးငွေကျပ် ၂.၃၇၂ သန်း ပေးချေပြီးဖြစ်ပါကြောင်း၊ တကောင်းဖယ်ရို နီကယ်စက်ရုံမှ ဆိပ်ခံတံတားသို့ လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းရန် မီးတိုင်များစိုက်ထူရာ ဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ ဒေသအာဏာပိုင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကုမ္ပဏီမှတာဝန် ရှိသူများနှင့် ကျေးရွာတောင်သူလယ်သမားတို့၏ ညှိနှိုင်းသဘောတူညီချက်ဖြင့် နစ်နာကြေးပေးချေပြီး မီးတိုင်များစိုက်ထူ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊
Myanmar CNMC Nickel Co.,Ltd နှင့် တောင်သူဦးအောင်နိုင်တို့ အမြဲတမ်းလျှပ်စစ် ဓာတ်အားလိုင်း သွယ်တန်းခြင်းနှင့်ပတ်သက်ပြီး ၁၈-၉-၂၀၁၀ ရက်နေ့တွင် နှစ်ဖက်သဘောတူ စာချုပ်ချုပ်ဆိုခဲ့ပြီး အဆိုပါ နှစ်ဖက်သဘောတူစာချုပ်တွင် Myanmar CNMC Nickel Co.,Ltd မှ ဦးအောင်နိုင်၏ လယ်ယာမြေတွင် အမြဲတမ်းလျှပ်စစ် ဓာတ်အားလိုင်းသွယ်ခြင်းအား ဦးအောင်နိုင်က သဘောတူ ခွင့်ပြုထားပြီး Myanmar CNMC Nickel Co.,Ltd က ပြောင်းပင်ရိတ်သိမ်းခြင်းနှင့် လျှပ်စစ် ဓာတ်အားလိုင်း သွယ်တန်းခြင်းတို့အတွက် နစ်နာကြေးငွေကျပ် ၁၀၀၀၀ ကို ဦးအောင်နိုင်သို့ ပေးချေရန် သဘောတူညီချက်အရ Myanmar CNMC Nickel Co.,Ltd ထံမှ နစ်နာကြေးငွေကျပ် ၁၀၀၀၀ လက်ခံရရှိထားသည်ကို ဦးအောင်နိုင်က လက်မှတ်ရေးထိုး တင်ပြထားခြင်းရှိပါကြောင်း၊
မိမိတို့ အမှတ် (၁) သတ္တုတွင်းလုပ်ငန်းနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော Myanmar CNMC Nickel Co.,Ltd အနေဖြင့် စိုက်ပျိုးမြေပေါ်တွင် မီးတိုင်စိုက်ထူမှုကြောင့် တောင်သူတို့၏ မြေအနည်းငယ် ထိခိုက်နိုင်သော်လည်း လျှပ်စစ်အန္တရာယ်မရှိစေရန် Insulator Coated Cable ကြိုးများတပ်ဆင် အသုံးပြုထားခြင်း၊ ထိုမီးတိုင်ကြိုးများမှတစ်ဆင့် နီးစပ်ရာကျေးရွာများသို့ CSR အနေဖြင့် လျှပ်စစ်မီးပို့လွှတ်ပေးနိုင်ခြင်း၊ ဝန်ကြီးဌာနနှင့်အကျိုးတူပူးပေါင်း ဆောင်ရွက်နေသည့် လုပ်ငန်းဖြစ်သည့်အတွက် နိုင်ငံတော်၏အကျိုးစီးပွားကို တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုစေခြင်း၊ ဒေသခံကျေးရွာသူ/သားများအား အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေခြင်းစသည့် အကျိုးကျေးဇူးများလည်း ရှိပါကြောင်းနှင့် တောင်သူဦးအောင်နိုင်သို့ ၁၈-၉-၂၀၁၀ ရက်နေ့တွင် ပြောင်းပင်ရိတ်သိမ်းခြင်းနှင့် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းခြင်းတို့အတွက် နစ်နာကြေးငွေ ၁၀၀၀၀ ကျပ်ကို သဘောတူညှိနှိုင်းပေးချေခဲ့ပြီး ဖြစ်ပါသော်လည်း လက်ရှိနစ်နာနေမှုများအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လယ်ယာမြေဥပဒေနှင့်အညီ သက်ဆိုင်ရာလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် တကောင်းနီကယ်စီမံကိန်းမှ တာဝန်ရှိသူများပူးပေါင်း၍ ပြန်လည်ကွင်းဆင်း စိစစ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးမောင်မောင် (ထီးချိုင့်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဖြေသည့်အခါ တောင်သူ၏ ထောက်ခံစာပါသည်ဟုလည်း တင်ပြသွားပါကြောင်း၊ ၎င်းကို ညှိနှိုင်းသည့်အခါ သေသေချာချာဖြစ်အောင် မိမိတို့ကိုညှိနှိုင်းစေရန် စီစဉ်ပေးစေလိုပါကြောင်း၊ သို့သော် အခက်အခဲက မိမိတို့ထီးချိုင့်တွင် နီကယ်စက်ရုံနှင့် ဂရိတ်ဝမ်းစက်ရုံ နှစ်ရုံရှိပါကြောင်း၊ နှစ်ခုရှိသည့်အခါ နီကယ်စက်ရုံနှင့် စကားပြောသည့်အခါ ပြီးခဲ့သည့်သုံးနှစ်တာအတွင်း အလုပ်သမား ကိစ္စဖြစ်ဖြစ်၊ မြေများဖုံးလွှမ်းသည့် ကိစ္စဖြစ်ဖြစ်၊ စက်ရုံကသန့်စင်ပြီး ရေများကိုစွန့်လွှတ်သည့် ကိစ္စဖြစ်ဖြစ် ပြောရသည့်နေရာတွင် အင်မတန်လက်ဝင်ပါကြောင်း၊ ညှိနှိုင်းပြောသည့် အခါတွင်လည်း စကားပြန်၏ အခက်အခဲများ၊ နောက်ပြီး ၎င်းတို့၏ပြောသည့်အခါ ဝန်မခံခြင်းမျိုးများ ခဏခဏ ကြုံရသည့်အတွက် ယခုလိုညှိနှိုင်းသည့်ကိစ္စကို သက်ဆိုင်ရာပြည်ထောင်စုအဆင့်မှ မြို့နယ်အဆင့်ထိ တိုင်အောင် သက်ဆိုင်ရာအစိုးရရုံးမှ ယခုလိုညှိနှိုင်းပါဆိုသည့် စာအားစက်ရုံကို ထုတ်ပေးရန် သက်ဆိုင်ရာ မြို့နယ်အဆင့်ကို ဝန်ကြီးဌာနမှ မိတ္တူပေးဖို့ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ
တကောင်းနီကယ် စီမံကိန်းနှင့်ပတ်သက်ပြီး ဒေသခံတောင်သူများ ဖြစ်ပေါ်နေသည့် ပြဿနာများကို အကြိမ်ကြိမ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်းများ ရှိပါကြောင်း၊ ယခုတင်ပြသည့်ကိစ္စတွင်လည်း ဒေသခံတောင်သူ ဦးအောင်နိုင်က ၎င်း၏လယ်ယာမြေထဲတွင် ဓာတ်တိုင်စိုက်ထူထားသည့်အတွက် နစ်နာကြေးပြန်လည် ရယူလိုခြင်းကိစ္စကိုလည်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် တကောင်းတောင် နီကယ်စီမံကိန်းမှ တာဝန်ရှိသူများပူးပေါင်းပြီး ပြန်လည်စိစစ် ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊
ကိုယ်စားလှယ်တော်ကြီး တင်ပြသည့်အတိုင်း ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနမှလည်း သက်ဆိုင်ရာ Myanmar CNMC Nickel Co.,Ltd ကို နစ်နာမှုများနှင့် ပတ်သက်၍ ပြန်လည်စိစစ်ပေးရန်နှင့် အရေးယူဆောင်ရွက် ပေးရေးကို ပေါင်းစပ်ညှိနှိုင်းပြီးမှ အကြောင်းကြားစာ ထုတ်ပြန်ပြီး ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
