(ဂ)-သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ် (၃၀) ရပ်ကွက်အား လမ်းများဖြတ်တောက်ပိတ်ဆို့ထားခြင်းတို့ကို ပြန်လည်စိစစ်၍ မူလအတိုင်း အများပြည်သူပိုင်ပန်းခြံအဖြစ် ဖော်ဆောင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၂၇. ၅. ၂၀၁၉)

 

 

သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ် (၃၀) ရပ်ကွက်တွင် ရပ်ကွက်စတင်တည်စဉ်ကတည်းက ရပ်ကွက် အင်္ဂါရပ်နှင့်အညီ ဖော်ဆောင်ပေးခဲ့သော မူလပန်းခြံကို ဂရန်ရပြီးဟု အကြောင်းပြကာ အုတ်တံတိုင်း ကာရံခြံဝင်းခတ်ခြင်း၊ လမ်းများဖြတ်တောက် ပိတ်ဆို့ထားခြင်းတို့ကို ပြန်လည်စိစစ်၍ မူလအတိုင်း အများပြည်သူပိုင်ပန်းခြံအဖြစ် ဖော်ဆောင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

 

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ် (၃၀) ရပ်ကွက်သည် ၁၉၉၃ ခုနှစ် ကတည်းက နိုင်ငံတော်မှ ဝန်ထမ်းအကြီးအကဲများအတွက် အိမ်ရာမြေကွက်များ ဖော်ဆောင်ရောင်းချ ပေးရာမှ ဖြစ်တည်ခဲ့သော ရပ်ကွက်တစ်ခု ဖြစ်ပါကြောင်း၊ ရပ်ကွက်စတင် တည်စဉ်ကတည်းက ရပ်ကွက်အင်္ဂါရပ်နှင့်အညီ ပန်းဝါလမ်း၊ စံပါယ်ဖြူလမ်း၊ နွယ်သာကီလမ်းနှင့် သပြေလမ်းကြားရှိ ငမိုးရိပ်ချောင်း ကမ်းနားဘက် ဘလောက်တစ်ခုလုံးကို ပန်းခြံအဖြစ် သတ်မှတ်ဖော်ဆောင် ပေးခဲ့ပါကြောင်း၊ လွန်ခဲ့သောသုံးနှစ်ခန့်က အဆိုပါ ပန်းခြံနေရာကို အုတ်တံတိုင်းကာရံခြင်း၊ လမ်းများကို ဖြတ်တောက်ပိတ်ဆို့ခြင်း လုပ်ဆောင်သောအခါမှသာ အဆိုပါ ဘလောက်တစ်ခုလုံးကို ပုဂ္ဂလိကပိုင်အဖြစ် မြေငှားဂရန်ထုတ်ပေး ထားပြီးဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများ သိရှိခဲ့ရပါကြောင်း၊ ရပ်ကွက်နေပြည်သူများ စိတ်အပန်းဖြေ အနားယူရန်နှင့် ကျန်းမာရေးလေ့ကျင့်ရန် နေရာကွယ်ပျောက်ခဲ့ရပါကြောင်း၊ ယခုအခါ ရပ်ကွက်နေပြည်သူများက ၎င်းတို့၏ မူလပန်းခြံကို ပြန်လည်ဖော်ဆောင်ပေးရန် လိုလားလျက်ရှိကြပါကြောင်း၊ အများပြည်သူနှင့်ဆိုင်သော ပန်းခြံ တစ်ခုလုံးကို ပုဂ္ဂလိကတစ်ဦးတည်းပိုင်အဖြစ် ဂရန်ချထားပေးခြင်းမှာ မဖြစ်သင့်၊ မဖြစ်ထိုက်သော ကိစ္စတစ်ခု ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မေးမြန်းလိုသည်မှာ ရပ်ကွက်စတင် တည်စဉ်ကတည်းက ရပ်ကွက်အင်္ဂါရပ်နှင့်အညီ ဖော်ဆောင်ပေးခဲ့သော မူလပန်းခြံကို ဂရန်ရပြီးဟု အကြောင်းပြပြီး အုတ်တံတိုင်းကာရံ ခြံဝန်းခတ်ခြင်း၊ လမ်းများကို ဖြတ်တော်ပိတ်ဆို့ ထားခြင်းတို့ကို ပြန်လည်စိစစ်၍ မူလအတိုင်း အများပြည်သူပိုင်ပန်းခြံအဖြစ် ဖော်ဆောင်ပေးရန် အစီအစဉ်ရှိ/မရှိကို ပြည်သူများ ကိုယ်စားသိရှိလိုပါကြောင်း မေးမြန်းပါသည်။

 


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

သင်္ဃန်းကျွန်းမြို့နယ် မြေတိုင်းရပ်ကွက်အမှတ် (၃၀)၊ သုဝဏ္ဏဘုရားအနီး မြေကွက်အမှတ် (၃၈/B) နှင့် (၃၈/C) ဖြစ်ပြီး ဘလောက်ဘက်တွင် ယခင်ကပန်းခြံအဖြစ် လျာထားခဲ့သော်လည်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၏ ၁၉-၈-၂၀၀၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ မြေကွက်အမှတ် (၃၈/B) အား ချလန်အမှတ် (၅၅၈) ၂၂-၈-၂၀၀၈ ရက်စွဲနှင့် မြေတန်ဖိုးကျပ် ၇၁၂၀၀၀ ပေးသွင်းပြီး ဒေါ်မြင့်မြင့်ကို (၅/စကန (နိုင်) ၀၁၈၆၆၃ (ဘ) ဦးကိုကို) အမည်ဖြင့်လည်းကောင်း၊ မြေကွက်အမှတ် (၃၈/C) အား ချလန်အမှတ် (၅၅၇) ၂၂-၈-၂၀၀၈ ရက်စွဲနှင့် မြေတန်ဖိုးကျပ် ၇၁၀၀၀၀ ပေးသွင်းပြီး ဒေါ်ဝင့်ရွှေရည်ထွန်း (၈/ပခက (နိုင်) ၁၄၇၀၆၁ (ဘ) ဦးစောထွန်း) အမည်ဖြင့် လည်းကောင်း မြေချပါမစ် ထုတ်ပေးခဲ့ပါကြောင်း၊

သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမြို့ကွက်သစ် စတင်ဖော်ထုတ်သည့် မြို့ကွက် Plan အရ မြေတိုင်း ရပ်ကွက်အမှတ် (၃၀) အား ဝန်ထမ်းကြီးများ ရပ်ကွက်အဖြစ် လုံးချင်းမြေကွက်များ ပြန်လည် ဖော်ထုတ် နေရာချထားခဲ့စဉ်က ငမိုးရိပ်ချောင်းကမ်းပါးတွင်ရှိသော ပန်းခြံအဖြစ်လျာထားသည့် မြေကွက်သည် မြေပြင်အနေအထားနှင့် လုံခြုံရေးရှု‌ထောင့်များအရ ပန်းခြံအဖြစ်ထားရှိရန် သင့်လျော်ခြင်းမရှိ၍ ပန်းခြံအစား ရပ်ကွက်နေပြည်သူများအတွက် Living Environment အထူးကောင်းမွန်အောင် ကမာကြည်လမ်းမကြီးတစ်လျှောက်တွင် လူနေမြေကွက် ချထားပေးခြင်း မပြုဘဲ စိမ်းလန်းမြေ (Green Area Access Road) များ ထားရှိဆောင်ရွက်ခဲ့ပါသဖြင့် ပန်းခြံလျာထား မြေနေရာကို Residential Land လူနေမြေကွက်အဖြစ် ပြောင်းလဲသတ်မှတ် ဖော်ထုတ်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ အထက်ဖော်ပြပါ မြေနေရာဖြစ်သော သင်္ဃန်းကျွန်းမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် (၃၀)၊ သုဝဏ္ဏဘုရားအနီး၊ မြေကွက်အမှတ် (၃၈/B) နှင့် (၃၈/C) သည် ၁၉၉၆ ခုနှစ် မြို့ကွက်ဖော်ထုတ် စဉ်က Plan ပါမြေကွက်ချပုံစံ ဘလောက်ဘက်တွင် ပန်းခြံဟု မှတ်သားခဲ့သော်လည်း ပန်းခြံအစား ရပ်ကွက်နေပြည်သူများအတွက် Living Environment အထူးကောင်းမွန်အောင် ကမာကြည်လမ်း တစ်လျှောက်တွင် စိမ်းလန်မြေ (Green Area Access Road) များ ထားရှိဆောင်ရွက်ခဲ့ပါဖြင့် မူလပန်းခြံလျာထား မြေကွက်အား Residential Land လူနေမြေကွက်အဖြစ် ပြောင်းလဲသတ်မှတ် ဖော်ထုတ်ခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်နှင့် မြေနေရာချထား ပေးခဲ့ခြင်းဖြစ်၍ ၎င်းနယ်မြေများကို ပန်းခြံအဖြစ် ဖော်ဆောင်ရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

ဦးရွှေလှ (ခ) ဦးရွှေလှဝင်း (သင်္ဃန်းကျွန်းမဲဆန္ဒနယ်)

ဝန်ကြီး၏ ဖြေကြားချက်ထဲတွင် ပါရှိသော အမျိုးသမီးနှစ်ယောက်၏ နာမည်ဖြင့် ဂရန်ချပေး ထားသည်ကို တွေ့ရှိရပါကြောင်း၊ ချပေးထားသည့် မြေပြင်အနေအထားအရ လုံခြုံရေးရှုထောင့်ကြောင့် ပန်းခြံအဖြစ်ထားရှိရန် မသင့်တော်သဖြင့် လူနေရန် အိမ်နေရာသတ်မှတ် ပေးခြင်းဆိုသည့်နေရာတွင် ပန်းခြံအဖြစ်ထားရှိရန် လုံခြုံရေးမသင့်တော်ဘူးဆိုလျှင် လူနေအိမ်အတွက် လုံခြုံရေးသင့်တော်ခြင်း ရှိ/မရှိကို မိမိအနေဖြင့် မရှင်းပါကြောင်း၊ ၎င်းနေရာသည် ပန်းခြံထားရှိရန်အတွက် အသင့်တော်ဆုံး နေရာသည် ငမိုးရိပ်ချောင်းကမ်းနားတွင် ရှိပါကြောင်း၊ အဆိုပါလမ်းသည် ဝန်ထမ်းအကြီးအကဲ ဟောင်းများ၊ ပင်စင်စားများလမ်းလျှောက်ပြီး ကျန်းမာရေးအားကစား လုပ်ရန်အတွက် အင်မတန်မှ သင့်တော်သည့် နေရာတစ်ခုဖြစ်ပါကြောင်း၊ ဝန်ကြီးအခုဖြေလိုက်သည့် မြေပြင်အနေအထားအရ လုံခြုံရေးရှုထောင့်နှင့် မသင့်တော်ဘူးဆိုလျှင် လူနေအိမ်နှင့်ရော ၎င်းနေရာကပါ လုံခြုံခြင်းရှိ/မရှိကို မိမိအနေဖြင့် တွက်ဆမိပါကြောင်း၊ နောက်တစ်ဖန် စိမ်းလန်းမြေ (Green Area) သက်သက် ကမာကြည်လမ်းဘက်တွင် ထားသည်ဆိုတာကလည်း ရပ်ကွက်ရေကြီးလာလျှင် ရေများကို စုရန် ၎င်းနေရာတွင် ရေစုသည့်ကန်လေးများ လုပ်ပေးထားခြင်း ရှိပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် မရှင်းသည်က အမျိုးသမီးနှစ်ယောက်ကို ဂရန်ချပေးသည့်အခါ ပထမအမျိုးသမီး၏ အဖေနာမည်ကို ထည့်ထားပြီး ဒေါ်ဝင့်ရွှေရည်ထွန်း အဖေနာမည်ကျ အဘမည်သူဟူ၍ အခုနက ဝန်ကြီးဖြေသည့် အထဲတွင် မကြားလိုက်မိပါကြောင်း၊ ထို့ကြောင့် ဆက်စပ်ပြီး မေးချင်သည့်မေးခွန်းက လမ်းများကို ပိတ်ဆို့ထားသည့်ကိစ္စကို ဖြေရှင်းပေးမည်ဆိုသည့် အဖြေမပါပါကြောင်း၊ ထို့ကြောင့် လမ်းပိတ်ဆို့ခြင်းကို ဖြေရှင်းပေးရန် အစီအစဉ်ရှိ/မရှိ။ သို့မဟုတ် ပန်းခြံကို မလုပ်ပေးနိုင်ပါက ရပ်ကွက်အတွင်းရှိ အခြားမြေနေရာတစ်ခုတွင် ပန်းခြံအဖြစ် အစားထိုးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိကို ထပ်ဆင့်မေးခွန်းအနေဖြင့် မေးမြန်းပါသည်။

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်

သုဝဏ္ဏမြေနေရာများက ယခုအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ကို လွှဲပြောင်းပြီး ဖြစ်ပါကြောင်း၊ မိမိတို့ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် စီမံခန့်ခွဲသည့်အပိုင်း မရှိပါကြောင်း၊ မရှိသည့်အတွက် ကိုယ်စားလှယ် တော်ကြီးတင်ပြသည့် အချက်အလက်များကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး အဖွဲ့နှင့်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် သင့်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။