ခေါင်လန်ဖူးမြို့နယ်သည် မြန်မာနိုင်ငံ၏မြောက်ဘက် အစွန်းတွင်တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်ပေ ၄၆၈၀ တွင်တည်ရှိကာ ဧရိယာစတုရန်းမိုင်ပေါင်း ၂၀၈၃.၃၉ ကျယ်ဝန်းပြီး ရပ်ကွက်/ကျေးရွာအုပ်စု ၂၃ အုပ်စုရှိပြီး လူဦးရေ ၁၅၀၀၀ ကျော် နေထိုင်လျက်ရှိပါကြောင်း၊ ခေါင်လန်ဖူး၊ ချီဖွေ၊ ဆော့လော်ဘက်တွင် ဝန်ကြီးဌာနမှ အကြီးစားလုပ်ကွက် သတ်မှတ်ထား ပါကြောင်း၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေဖြင့် ကချင်ပြည်နယ်အတွင်း ဓာတ်သတ္တုအကြီးစား၊ အလတ်စားနှင့်လက်လုပ်လက်စား ဧရိယာလေးခုကို သတ်မှတ်ပေးခဲ့ပြီ ဖြစ်ပါကြောင်း၊ ယခုအခါ လူတိုင်း၊ အဖွဲ့အစည်းတိုင်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေသည့် နည်းကိုသာအသုံးပြုရန် ညွှန်ကြားဆောင်ရွက်နေသည့် အချိန်အခါတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနက Fortuna metals Company အား ဓာတ်သတ္တုလုပ်ကွက် နှစ်ကွက်အတွက် မြေဧရိယာ စုစုပေါင်းဧက ၃၀၄၆၆၆.၄၃ ဧကကို ခွင့်ပြုမိန့်ရရှိရေးအတွက် ဆောင်ရွက်ပေးနေပါကြောင်း၊ အဆိုပါဓာတ်သတ္တု စမ်းသပ်ရှာဖွေရန်အတွက် ကုမ္ပဏီက လျှောက်ထားသော ဧရိယာသည် ခေါင်လန်ဖူးမြို့နယ်ရှိ ဒေသခံပြည်သူများ၏ စိုက်ခင်းများ၊ စားကျက်မြေများ၊ ရွာမြေနှင့်သာသနာမြေများ ပါဝင်နေသည်ကို သိရှိရသည့်အခါ ပြည်သူများ စိုးရိမ်လျက်ရှိနေပါကြောင်း၊ ခေါင်လန်ဖူးမြို့နယ်တစ်ခုလုံး၏ စုစုပေါင်းဧရိယာမှာ ၁၃ သိန်း ဧကခန့်ရှိပြီး ယခုကုမ္ပဏီက လျှောက်ထားသည့် ဧရိယာသည် တစ်မြို့နယ်လုံး၏ လေးပုံတစ်ပုံကျော် ပါဝင်နေပါကြောင်း၊ ဤမျှများပြားသည့် စမ်းသပ်လုပ်ကွက်များ လျှောက်ထားမည်ဆိုပါက သက်ဆိုင်ရာ ဒေသခံမိဘ ပြည်သူများအား အသိပေးရှင်းလင်းပြီး ဆောင်ရွက်ပါက ပိုမိုသင့်တော်သည်ဟု ထင်မြင်မိပါကြောင်း၊ ယခုသဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့်ပတ်သက်ပြီး ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာန၏ သုံးသပ်ချက်ထဲတွင် အသေးစားနှင့် လက်လုပ်လက်စား ထုတ်လုပ်မှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ခဲ့မှုအများဆုံး ဖြစ်သည်ဟု သုံးသပ်ထားပါကြောင်း၊ အဆိုပါ အသေးစားနှင့်အလတ်စား၊ လက်လုပ်လက်စားများကသာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအများ ဆုံးဖြစ်ပေါ်နေပါက သက်ဆိုင်ရာပြည်နယ်များတွင် အသေးစားနှင့် လက်လုပ်လက်စား လုပ်ကွက်များ ခွင့်ပြုပေးနေမှုကို ပြန်လည်သုံးသပ်သင့်ပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါ Fortuna metals Company အား ဓာတ်သတ္တုစမ်းသပ်မှု ခွင့်ပြုမိန့်ရရှိရေး ဆောင်ရွက်ပေးနေမှုအား ပွင့်လင်းမြင်သာမှု ရှိစွာဖြင့် ဒေသခံပြည်သူများအား ရှင်းလင်းချပြပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
Fortuna metals Ltd. သည် မြန်မာနိုင်ငံသားနှင့် သြစတြေးလျနိုင်ငံသားတို့ ပူးပေါင်းဖွဲ့စည်းပြီး နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုငွေကြေးခိုင်မာမှု ရှိသည့်ကုမ္ပဏီ ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသရှိ အကြီးစားလုပ်ကွက်နှစ်ကွက်ကို ကုမ္ပဏီက အဆိုပြုလျှောက်ထားခြင်းဆိုသည်မှာ သတ္တုတူးဖော်ထုတ်လုပ်ရေး လုပ်ကွက်အတွက်မဟုတ်ဘဲ သတ္တုဖြစ်ထွန်းမှုရှိ/မရှိ သိပ္ပံနည်းကျစူးစမ်း လေ့လာရှာဖွေ၍ ဓာတ်သတ္တုဖြစ်ထွန်းမှုရှိပါက စမ်းသပ်တိုင်းတာရေး ဆောင်ရွက်ခြင်းနှင့် သတ္တုသိုက် တွေ့ရှိလာပါက စီးပွားဖြစ်ထုတ်လုပ်နိုင်သည့် သတ္တုသိုက်ပမာဏရှိ/မရှိ ဖြစ်မြောက်နိုင်စွမ်းလေ့လာမှု လုပ်ငန်းအတွက်သာဖြစ်ပြီး ဤလုပ်ငန်းစဉ်အဆင့်ဆင့်တို့မှ မြေယာပိုင်ဆိုင်မှုနှင့် လုံးဝသက်ဆိုင်မှု မရှိပါကြောင်း၊ ဤလုပ်ငန်းအဆင့်ဆင့်တို့သည် ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်သည့်အပြင် ဆောင်ရွက်မှု အဆင့်ဆင့်တွင်လည်း အလားအလာမရှိသည့် ဧရိယာများကို နှစ်စဉ်စွန့်လွှတ် လျှော့ချသွားရမည် ဖြစ်ပါကြောင်း၊ စီးပွားဖြစ်ထုတ်လုပ်နိုင်သည့် သတ္တုသိုက်တွေ့ရှိသည့်နေရာ ဧရိယာကိုသာ မြေပေါ်သယံဇာတများဖြစ်သည့် ရေဝေရေလဲ/သစ်တောများနှင့် နှိုင်းယှဉ်စဉ်းစားပြီး နိုင်ငံတော် အကျိုးအမြတ် ရရှိနိုင်မှုအပေါ် မူတည်ပြီး တူးဖော်ခွင့်ပြုမိန့်၊ တူးဖော်ထုတ်လုပ်ခွင့် ပေးသင့်/မပေးသင့်ကို ထပ်မံစဉ်းစားရမည် ဖြစ်ပါကြောင်း၊ ဓာတ်သတ္တုရှာဖွေရေး၊ စမ်းသပ် တိုင်းတာရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ပတ်ဝန်းကျင်မထိခိုက်စေရန် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ် (EMP) ရေးဆွဲစေပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက အတည်ပြု ရယူခြင်းများ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊
လုပ်ငန်းစဉ်အလိုက်လည်း အချက်အလက်များ ပြည့်စုံပြီးဖြစ်ပါက ဝန်ကြီးဌာနစီမံခန့်ခွဲမှု ကော်မတီ၏ သဘောတူညီချက်ဖြင့် စီးပွားရေးရာကော်မတီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့ကို အဆင့်ဆင့်ခွင့်ပြုချက် ရယူပြီးမှ ရှာဖွေစမ်းသပ်ရေးကို သဘောတူစာချုပ် ချုပ်ဆိုသွားရမည် ဖြစ်ပါကြောင်း၊ စာချုပ်ချုပ်ဆိုပြီး လုပ်ငန်းအကောင်ထည်ဖော် ဆောင်ရွက်ရာတွင်လည်း ကုမ္ပဏီက ဒေသခံများကို အလုပ်အကိုင် ဦးစားပေးခန့်ထားခြင်း၊ ပတ်ဝန်းကျင်မထိခိုက် စေရေးအတွက် အလေးထားဆောင်ရွက်ခြင်း၊ ဒေသခံများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးတမ်းများကို သိရှိလိုက်နာစေခြင်း၊ ဒေသခံများနှင့်ဆက်ဆံရေး အဆင်ပြေစေရန်နှင့် စာချုပ်ပါ စည်းကမ်းများ လိုက်နာဆောင်ရွက်နိုင်ရန် ဝန်ထမ်းများတွဲဖက်ထားခြင်း စသည်တို့ကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အသေးစား၊ လက်လုပ်လက်စားတူးဖော်ရေး လုပ်ငန်းများက သတ္တုသိုက်ပမာဏနှင့် ပါဝင်နှုန်း၊ သတ္တုသိုက်၏ ပုံပန်းသဏ္ဍာန်တို့ကို စနစ်တကျတွက်ချက် နိုင်ခြင်းမရှိဘဲ Mine Design နှင့် ထုတ်လုပ်ရေးနည်းစဉ်များ စနစ်တကျဆောင်ရွက်နိုင်မှု အားနည်းခြင်းတို့ကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်စေမှုများကို ဖြစ်ပေါ်စေပါကြောင်း၊ အကြီးစားနှင့်အလတ်စား စမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာရေးလုပ်ငန်း အဆင့်များတွင် သတ္တုသိုက် ပမာဏအရည်အသွေး၊ ပုံသဏ္ဍာန်ထုတ်လုပ်မည့် Mine Design များနှင့်လုပ်ငန်းခွင်ပြီးဆုံးပြီး Mine ပိတ်သိမ်းသည့် အခါတွင်လည်း ဆောင်ရွက်ရမည့် အစီအစဉ်များကို ကြိုတင်ရေးဆွဲခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှုအစီအစဉ် (EMP) ရေးဆွဲခြင်းနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စနစ်တကျဆောင်ရွက် နိုင်မည်ဖြစ်ပြီး ပတ်ဝန်းကျင်ထိခိုက်မှုကိုလည်း လျော့နည်းအောင် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊
ယခုကဲ့သို့ နိုင်ငံခြားကုမ္ပဏီမှ ခေတ်မီနည်းစနစ်များဖြင့် စနစ်တကျဓာတ်သတ္တု ရှာဖွေစမ်းသပ် တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ဘူမိဗေဒဆိုင်ရာ အချက်အလက်များကိုရရှိခြင်း၊ မြေငှားရမ်းခများရရှိခြင်း၊ စီးပွားဖြစ်သတ္တုသိုက် တွေ့ရှိဖော်ထုတ်နိုင်ပါက ဒေသဖွံ့ဖြိုးရေးနှင့် ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိခြင်းနှင့် နိုင်ငံတော်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် များစွာအထောက်အကူ ဖြစ်စေနိုင်မည် ဖြစ်ပါကြောင်း၊ ယခုစမ်းသပ်တိုင်းတာရေး လျှောက်ထားမှုသည်လည်း ကုမ္ပဏီက ၁-၈-၂၀၁၈ ရက်နေ့တွင် စတင်လျှောက်ထားခဲ့ပြီး ဝန်ကြီးဌာနက ဧရိယာလွတ်ကင်းမှုရှိပြီး အချက်အလက်များ ပြည့်စုံသည့်အတွက် လုပ်ထုံး လုပ်နည်းများနှင့်အညီ ၁-၁-၂၀၁၉ ရက်နေ့က ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ သဘောထား မှတ်ချက်တောင်းခံထားခြင်း ဖြစ်ပါကြောင်း၊ လုပ်ထုံးလုပ်နည်းအရ ကချင်ပြည်နယ် အစိုးရအဖွဲ့ကလည်း သက်ဆိုင်ရာ ခေါင်လန်ဖူးမြို့နယ် စီမံခန့်ခွဲရေးအဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ရေအရင်းအမြစ် ဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးရွာများနှင့် ဒေသခံများ၏ သဘောထားများကိုရယူပြီး ပြည်နယ်အစိုးရအဖွဲ့၊ Cabinet တွင်ဆုံးဖြတ်ချက် ချမှတ်ပြီး သဘောထားပြန်ကြားရမည် ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့က သဘောမတူကြောင်း ပြန်ကြားလာပါက လျှောက်ထားမှုကိုလည်း ပယ်ဖျက်သွားမည် ဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ သဘောတူညီမှု ရရှိပြီးသော်လည်း သစ်တောဧရိယာအတွင်း ကျရောက်နေပါကလည်း သစ်တောဦးစီးဌာန (ရုံးချုပ်) နှင့် ဝန်ကြီးဌာနက ခွင့်ပြုရန်သင့်/မသင့် စိစစ်ပြီးမှသာ မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်းဥပဒေများနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
