ဖလမ်းမြို့နယ်၊ သီးဆဲင်ကျေးရွာအုပ်စု၊ ဗားလုံရွာသည် ဖလမ်း-ကလေးကားလမ်းပေါ်တွင် တည်ရှိပြီး ဖလမ်းမြို့မှ ၄၂ မိုင်၊ ဗားရဲကင်းမှ ၃၀ မိုင်ကွာဝေးလျက် ရှိပါကြောင်း၊ ဗားလုံကျေးရွာတွင် အိမ်ခြေ ၁၆၀၊ လူဦးရေအားဖြင့် ၁၀၀၀ ကျော် နေထိုင်လျက်ရှိပြီး ဗားလုံးကျေးရွာအနီး ရွာပေါင်း ၁၇ ရွာ နေထိုင်ကြပြီး လူဦးရေအားဖြင့် ၂၀၀၀ ကျော်ရှိပါသည်။ ဗားလုံကျေးရွာတွင် အခြေခံပညာ အထက်တန်းကျောင်း ၁ ကျောင်း၊ မီးသတ်စခန်း ၁ ခု၊ ဆောက်လုပ်ရေးစခန်း ၁ ခု၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ၁ ကျောင်းနှင့် ခရစ်ယာန်ဘုရား ရှိခိုးကျောင်း ၆ ကျောင်းရှိပါကြောင်း၊ ကျေးရွာနေပြည်သူလူထု အများစုမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများဖြင့် ရိုးသားစွာ လုပ်ကိုင် စားသောက် သူများဖြစ်ပါကြောင်း၊ ဝေးလံခေါင်သီပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ပြည်သူများ၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။
ဝေဠုဝန်စခန်း (ခေါ်) ဗားလုံကျေးရွာသည် ဖလမ်း-ကလေးကားလမ်းပေါ်တွင်ရှိပြီး လူမျိုးပေါင်းစုံ၊ စရိုက်မျိုးစုံနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများ၏ သွားလာဖြတ်သန်းရာ နေရာလည်း ဖြစ်သဖြင့် မှုခင်းများ၊ ပဋိပက္ခများ မကြာခဏဖြစ်ပွားလျက် ရှိပါကြောင်း၊ ထိုသို့မှုခင်းများ၊ ပဋိပက္ခများ မကြာခဏ ဖြစ်ပွားသဖြင့် ပြည်သူများ၏လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့သည် တစ်နေ့တခြား စိုးရိမ်ရသော အခြေအနေတွင် ရှိနေပါကြောင်း၊ အကယ်၍ ရဲစခန်း သို့မဟုတ် ရဲကင်းဖွင့်လှစ်ခွင့် ပြုပါက မြေနေရာလုံလောက်စွာ ရှိကြောင်းလည်း သိရှိရပါသည်။ သို့ဖြစ်ပါ၍ ပြည်သူများ၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ သီးဆဲင်ကျေးရွာအုပ်စု၊ ဝေဠုဝန်စခန်း (ခေါ်) ဗားလုံကျေးရွာတွင် ရဲကင်း သို့မဟုတ် ရဲစခန်း ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်သည် ၉၈၈.၉ ဧရိယာစတုရန်းမိုင် ကျယ်ဝန်းပြီး မြောက်ဘက်တွင် တီးတိန်မြို့နယ်၊ အရှေ့ဘက်တွင် ကလေးမြို့နယ်၊ တောင်ဘက်တွင် ဟားခါးမြို့နယ်၊ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံတို့နှင့် ဆက်စပ်လျက်ရှိပါကြောင်း၊ ဖလမ်းမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ဖလမ်းမြို့မရဲစခန်း၊ ရိဒ်နယ်မြေရဲစခန်း၊ ဗါးရ်ရဲကင်းစခန်း၊ သီးဘွာလ်ရဲကင်းစခန်း၊ ဝေဘူလရဲကင်းစခန်းတို့ တည်ရှိပါကြောင်း၊ ဖလမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် အရာရှိ ၃ ဦး၊ အခြားအဆင့် ၁၀ ဦး၊ ဖလမ်းမြို့မရဲစခန်းတွင် အရာရှိ ၃ ဦး၊ အခြားအဆင့် ၅၅ ဦး၊ ရိဒ်နယ်မြေ ရဲစခန်းတွင် အရာရှိ ၃ ဦး၊ အခြားအဆင့် ၂၄ ဦး၊ ဗါးရ်ရဲကင်းစခန်းတွင် အရာရှိ ၁ ဦး၊ အခြားအဆင့် ၈ ဦး၊ သီးဘွာလ်ရဲကင်းစခန်းတွင် အခြားအဆင့် ၁၀ ဦး၊ ဝေဘူလရဲကင်းစခန်းတွင် အခြားအဆင့် ၁၀ ဦး စုစုပေါင်းအရာရှိ ၁၀ ဦး၊ အခြားအဆင့် ၁၁၇ ဦးဖြင့် မြို့နယ်၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊
သီးဆဲင်ကျေးရွာအုပ်စု၊ ဗားလုံ (ဝေဠုဝန်စခန်း) ကျေးရွာသည် ဖလမ်းမြို့မှ ၄၂ မိုင်ကွာဝေးပြီး ဖလမ်း-ကလေးကားလမ်းပေါ်တွင် တည်ရှိ၍ ဗါးရ်ရဲကင်းစခန်းအပိုင် နယ်မြေအတွင်း တည်ရှိပါကြောင်း၊ ဗားလုံကျေးရွာသည် အိမ်ခြေ ၁၂၈ အိမ်၊ အိမ်ထောင်စု ၁၂၈ စု၊ လူဦးရေ ၈၁၆ ဦးနေထိုင်လျက်ရှိပြီး ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း ၆ ကျောင်း၊ အထက်တန်းကျောင်း ၁ ကျောင်း၊ ကျေးလက်ဆေးပေးခန်း ၁ ခု၊ Myanmar Post and Telecommunications (MPT) နှင့် Telenor ဆက်သွယ်ရေးကွန်ရက်တို့ တည်ရှိပါကြောင်း၊ ဗါးရ်ကင်းရဲစခန်းနှင့် ၃၈ မိုင်ကွာဝေးပြီး ကတ္တရာလမ်းအတိုင်း ကား/ဆိုင်ကယ်ဖြင့် နှစ်နာရီခန့် ရာသီမရွေးသွားလာနိုင်ပါတယ်။ မှုခင်းဖြစ်ပွားမှု အနေဖြင့် ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဧပြီလအထိ အမှုကြီး ၁ မှု၊ အခြားအမှု ၁ မှုသာ ဖြစ်ပွားခဲ့ပါကြောင်း၊
ရဲကင်းစခန်း ဖွင့်လှစ်နိုင်ရေးအတွက် နယ်မြေဒေသအရ လိုအပ်ချက်ရှိခြင်း၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအား အနီးဆုံးရဲကင်းစခန်းမှ ဆောင်ရွက်နိုင်ရန်အတွက် အလှမ်း ကွာဝေးခြင်း၊ မှုခင်းဖြစ်ပွားမှု များပြားခြင်းစသည့် အချက်များပေါ် မူတည်ပြီး သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အဆင့်ဆင့်၏ ထောက်ခံတင်ပြချက်ဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့်စိစစ်တင်ပြပြီး ပြည်ထောင်စုအစိုးရ အဖွဲ့၏ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဖလမ်းမြို့နယ်၊ သီးဆဲင်ကျေးရွာအုပ်စု၊ ဗားလုံကျေးရွာသည် မှုခင်းဖြစ်ပွားမှုနည်းပါးခြင်း၊ MPT နှင့် Telenor တို့၏ ဆက်သွယ်မှုကွန်ရက်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေးအတွက် နိုင်နင်းစွာ ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ရဲကင်းစခန်းဖွင့်လှစ်ရန် မလိုအပ်ပါ သေးကြောင်းနှင့် ဗားလုံကျေးရွာတွင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် ဗါးရ်ရဲကင်းစခန်းမှ ဒုရဲအုပ်အောင်ကျော်မိုး ဦးစီး (၁+၈) ဦးမှ ရွာစင်ကျယ် လှည့်ကင်းများဖြင့် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
