(က)-အမျိုးသားမှတ်ပုံတင်ကတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင်‌့ ကိုယ်ရေးအချက်အလက်မှတ်တမ်း ဖိုင်တွဲများအား လက်ရှိအသုံးပြုလျက်ရှိသော စနစ်မှ Digital စနစ်သို့ အမြန်ဆုံးပြောင်းလဲပြုလုပ်ပေး ရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၈. ၅. ၂၀၁၉)

 

မြန်မာနိုင်ငံတွင်ရှိနေသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား စစ်ဆေးထုတ်ပေးသော လုပ်ငန်းစဉ်များ အနေဖြင့် နိုင်ငံသားပြည်သူများအတွက် နှစ်ပေါင်းများစွာ ခက်ခဲကြန့်ကြာမှုများ ကြုံတွေ့နေ ရပါကြောင်း၊ နိုင်ငံ၏စီးပွားရေး၊ ကျန်းမာရေးနှင့် လူမှုရေးစစ်တမ်းများ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ ကောက်ခံရာတွင် မှန်ကန်တိကျမှု နည်းပါးလျက် ရှိသည်ကိုလည်း တွေ့မြင်ရပြီး သက်ဆိုင်ရာဌာနများအနေဖြင့် နိုင်ငံသားပြည်သူလူထု၏ ကိုယ်ရေးအချက်အလက်ဖိုင်များ သိမ်းဆည်းရာတွင် ခေတ်စနစ်နှင့် ညီညွတ်မှုမရှိသောကြောင့် အချက်အလက်များ ပျက်စီးပျောက်ဆုံး မှုများလည်း တွေ့နေရခြင်းဖြစ်ပါကြောင်း၊ ၂၀၀၈ ခုနှစ်၊ နာဂတ်မုန်တိုင်း ဖြစ်ပွားခံစားခဲ့ရသော ဧရာဝတီတိုင်းဒေသကြီးမှ ပြည်သူများသည် ယနေ့အချိန်ထိ မှတ်ပုံတင်မရှိသည်ကို တွေ့ရှိနေရပါကြောင်း၊ ၎င်းအချိန်တုန်းက ကလေးသူငယ်များသည် ယနေ့အချိန်ဆိုလျှင် လုပ်ငန်းလုပ်ကိုင်ခွင့် အနေအထားတွင် ရောက်ရှိနေသော်လည်း ယခု မှတ်ပုံတင်မရှိသည့်အတွက် တောင်ဒဂုံစက်မှုဇုန်၊ လှိုင်သာယာစက်မှုဇုန် အစရှိသဖြင့်နေရာများတွင် အလုပ်အကိုင်၊ အခွင့်အလမ်းအတွက် အခက်အခဲများ ဖြစ်နေသည်ကိုလည်း တွေ့မြင်နေရပါကြောင်း၊ တိုင်းရင်းသားဒေသများ၊ မငြိမ်းချမ်းသည့် စစ်ဘေးရှောင်ပြည်သူများ မှတ်ပုံတင်မရရှိသည်ကိုလည်း တွေ့နေရပါကြောင်း၊ ၎င်းမှတ်ပုံတင် မရရှိသည့်အတွက် မဲပေးပိုင်ခွင့်များ၊ ခရီးသွားလာခွင့်များ၊ ထို့အတူ ပြောင်းလဲလာသည့် Bank စနစ်များတွင် ၎င်းတို့သည် ရပိုင်ခွင့်မရှိဘဲ လူ့အခွင့်အရေးများ ဆုံးရှုံးနစ်နာလျက် ရှိနေသည်ကိုလည်း တွေ့ရပါကြောင်း၊ အဂတိလိုက်စားမှုများ ဖြစ်ပေါ်စေခြင်းနှင့် တရားဥပဒေ စိုးမိုးမှုကိုလည်း ထိခိုက်စေပါကြောင်း၊ စာရွက်စာတမ်းများနှင့် လုပ်ကိုင်ဆောင်ရွက် နေရခြင်းကြောင့် ပြည်သူများအခက်အခဲ ပေါင်းများစွာနှင့် ရင်ဆိုင်နေရသည်ကိုလည်း တွေ့နေရပါကြောင်း၊ နိုင်ငံအတွင်းရှိသည့် လူဦးရေစာရင်းအတိအကျကလည်း မရရှိနိုင်ပါကြောင်း၊ နိုင်ငံ၏စီးပွားရေး တိုးတက်မှုနှုန်း (GDB) တွက်ချက်ခြင်းနှင့် လူမှုရေးစစ်တမ်းများ ထုတ်ပြန်ရာတွင်လည်း အခက်အခဲများ ဖြစ်ပေါ်စေနိုင်ပါကြောင်း၊ ၎င်း Data များ စနစ်တကျမရှိသည့် အတွက်ကြောင့် ပါတီစုံရွေးကောက်ပွဲများနှင့် အခါအားလျော်စွာကျင်းပသည့် ရွေးကောက်ပွဲများတွင် ကုန်ကျစရိတ်များ တွက်ချက်သည့်အခါ တိကျမှန်ကန်သော လူဦးရေစာရင်းများ မရရှိဘဲ ကုန်ကျစရိတ်များ များလာသည်ကို တွေ့ရှိရပါကြောင်း၊ Digital စနစ်ကို အသုံးပြုနိုင်ခြင်းမရှိသည့် အတွက်ကြောင့် မှတ်တမ်းအချက်အလက်များ သိမ်းဆည်းရာတွင်လည်း စာရွက်စာတမ်းများဖြင့်သာ မှတ်တမ်းများ သိမ်းဆည်းရသည့်အတွက်ကြောင့် အခြေခံအချက်အလက်များ ပျက်စီးဆုံးရှုံး နေသည်ကိုလည်း တွေ့ရပါကြောင်း၊ တစ်ခုစဉ်းစားရမည်မှာ နောက်ပိုင်း Signal Mother များမှ မွေးဖွားလာသော ကလေးငယ်များနှင့် ရင်ခွင်မဲ့ကလေးငယ်များ၏ နိုင်ငံသားဖြစ်မှု အခက်အခဲများ ကိုလည်း တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင်ရှိသည့် ပစ္စည်းသိုလှောင်အခန်း နှစ်ခန်းမှာပစ္စည်းများ အခန်းထဲပြည့်နေသည့်အတွက် အလုပ်လုပ်ရန် စားပွဲတစ်နေရာ ရရန်အတွက်ကို အခက်အခဲ ဖြစ်နေပါကြောင်း၊ နှစ်ပေါင်းများစွာ သိမ်းဆည်းထားသော စာရွက်စာတမ်းများလည်း ဆွေးမြည့်ပြီး ပျက်စီးသွားခြင်းရှိသကဲ့သို့ ခြများ၊ ရာသီဥတုဒဏ်များကြောင့် ပျက်စီးသွားခြင်းမျိုး ရှိပါကြောင်း၊ မိမိတို့တွင် Plan များ၊ Data များနှင့် ပတ်သက်ပြီး Save ထားသည့် Data များ မရှိသည့်အတွက် ပြည်သူများနစ်နာဆုံးရှုံးမှုများ မှတ်ပုံတင်ကတ်ပျက်စီး ပျောက်ဆုံးသွားလျှင် နစ်နာဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရပါကြောင်း၊ မိမိတို့ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှား အစရှိသဖြင့် နိုင်ငံများကစနစ်များဖြင့် ID Card များပြုလုပ်ပြီး ကိုင်ဆောင်ထားကြပါကြောင်း၊ ၎င်းတို့ပျက်စီး ပျောက်ဆုံးသွားသော်လည်း Data များ၊ အချက်အလက်များ ပြန်လည်ရနိုင်သည့် ခြင်းကြောင့် နိုင်ငံအတွက်လည်း အလွန်အရေးကြီးပါသောကြောင့် မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင်‌့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ
အဖြေ

မိမိတို့ အစိုးရအဖွဲ့အသစ်အနေဖြင့် နိုင်ငံတော်မူဝါဒအဖြစ် အစိုးရအဖွဲ့သစ်တာဝန်ယူပြီးသည့် ကာလတွင် စီးပွားရေးရာမူဝါဒ (၁၂) ရပ် ချမှတ်ခဲ့ပါကြောင်း၊ ၎င်းမူဝါဒမှာ Data ID Card System, Digital Government Strategy e- Government ကို ဆောင်ရွက်သွားရန်ဆိုပြီးမှ အချက် တစ်ချက် ပါရှိပါကြောင်း၊ မိမိတင်ပြချင်သည့်အချက်က အစိုးရအနေဖြင့် စတင်တာဝန်ယူ ထမ်းဆောင်သည့် အချိန်ကစပြီး e- Government System နှင့် Digital Government Strategy ဖြင့်သွားရန် ဆုံးဖြတ်ထားပြီး ဖြစ်ပါကြောင်း၊ အလားတူ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကိုလည်း နိုင်ငံတကာ အဆင့်မီသော Smart Card ပြောင်းလဲ ထုတ်ပေးနိုင်ရေးကိစ္စကိုလည်း ကနဦးလေ့လာမှု အစီအစဉ်များ ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆောင်ရွက်သည့်ကာလက ၂၀၁၆ ခုနှစ်၊ မေလကစပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၎င်းမှာ Digital စနစ်ဖြင့် နိုင်ငံသားမှတ်ပုံတင်ခြင်း လုပ်ငန်း ဆောင်ရွက်ရန် လေ့လာခြင်း၊ ဆွေးနွေးခြင်း၊ Seminar ဆောင်ရွက်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ စုစုပေါင်း ကမ္ဘာ့ဘဏ်အပါအဝင် အဖွဲ့အစည်း ၅၁ ခုမှ ၇၈ ကြိမ်ထိ ဆွေးနွေးခဲ့ကြပါကြောင်း၊ Seminar လည်း  လေးကြိမ်ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ Electronic စနစ်ဖြင့် မှတ်ပုံတင်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံနိုင်သည့် အခက်အခဲများ၊ ကြာမြင့်သည့်အချိန်များ သိရှိရန်ကိုလည်း စမ်းသပ်ဆောင်ရွက်ခြင်းများ ပြည်ထောင်စုနယ်မြေ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက စတင်ဆောင်ရွက် ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးခွဲများတွင်လည်း Digital စနစ်ဖြင့် စာရင်းကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ အလားတူ ပြည်ပအလုပ်သမား လက်မှတ်ထုတ်ပေးရေး ရုံးများတွင်လည်း ကောက်ယူခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံတွင်ရှိသည့် CI ထုတ်ပေးရေး စခန်းတွင်လည်း Biometric Data၊ Biographic Data များ ကောက်ယူခဲ့ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ၎င်းမှာလည်း Digital Government ကို သွားနိုင်ရန် Digital ID Card ကို သွားနိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ယခုအချိန်ထိ Biometric Data နှင့် Biographic Data များ ကောက်ယူသည့်အခါ စုစုပေါင်း 1.3 Million၊ ၁.၃ သန်း မိမိတို့ဆီတွင် အချက်အလက်ရယူပြီး ဖြစ်ပါကြောင်း၊ ၎င်းအတွက်ကို နည်းပညာကိုအသုံးပြုပြီးမှ  နိုင်ငံသား၊ ခုနက လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြခဲ့သည့် စက္ကူကတ်ဆင်းမှ Smart Card အဖြစ် ပြောင်းလဲ နိုင်ရန်အတွက်ကို နိုင်ငံအတွင်းနေထိုင်ခဲ့သော လူအားလုံး၏ တစ်ဦးချင်းစီတွင် ကိုယ်ရေး အချက်အလက် Biometric Data နှင့် Biographic Data များကို သိမ်းဆည်းပြီးမှ လူတစ်ဦးချင်းစီကို Unit ID နံပါတ်ထုတ်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ Data Base တွင်လည်း မှတ်ပုံတင် ထိန်းသိမ်းခြင်းကိုလည်း ပထမအဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံသားစိစစ်ခြင်း လုပ်ငန်းနှင့် Digital စနစ်ပြောင်းလဲပြီးမှ Smart Card ထုတ်ပေးခြင်း လုပ်ငန်းကိုလည်း မရှေးမနှောင်းမီ ဒုတိယအနေဖြင့် ဆက်လက်ဆောင်ရွက်သွားရန် လျာထားပြီး စီမံချက်ရေးဆွဲထားပါကြောင်း၊ တခြား အဖွဲ့အစည်းများလည်း ချိတ်ဆက်ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ e-Government ဦးဆုံး ကော်မတီ၏ လမ်းညွှန်ချက်အရလည်း e-Government စနစ် အကောင်အထည်ဖော် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက်ကို e-ID လုပ်ငန်းတွင် အရေးကြီးပါကြောင်း၊ Digital ပြောင်းလဲရေး လုပ်ငန်းသည် အရေးကြီးသည်ဆိုပြီး ဦးစားပေးအဆင့် သတ်မှတ်ထားပါကြောင်း၊ ၎င်းအတွက်ကို e-ID လုပ်ငန်း ကော်မတီကို ဦးစီးသည့်အဖွဲ့ဝင် ၂၈ ဦးနှင့် ဝန်ကြီးဌာနအသီးသီးက ဖွဲ့စည်းပြီး ဖြစ်ပါကြောင်း၊ ဆပ်ကော်မတီ ၆ ခုကိုလည်း ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊ အလားတူ e-ID စနစ် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်ကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာ အုပ်စုအဆင့် ဦးဆောင်ကြီးကြပ်မှုလုပ်ငန်း ကော်မတီများလည်း ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊ ဆက်လက် ဆောင်ရွက်ရမည့် ToR ခေါ်သည့် Term of Reference ကိုလည်း မိမိတို့အကြမ်းဖျဉ်း ရေးဆွဲထားပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတကာပညာရှင်များထံမှ ငွေရေးကြေးရေးနှင့် နည်းပညာများ အထောက်အပံ့ ရယူပြီးမှ၊ ဆက်လက်ပြီး ကိုယ်စားလှယ်တော်ကြီး တင်ပြသည့် Digital Base တည်ထောင်ပြီးမှ Digital စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် Smart Card ဆောင်ရွက်နိုင်ရေး တစ်စိုက်မတ်မတ် ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် သင့်တော်သည့် အချိန်များတွင်လည်း လွှတ်တော်ကိုယ်စားလှယ်ကြီးများနှင့် ပြည်သူများကို ဦးစားပေးအလိုက် ရှင်းလင်းတင်ပြသွားမည် ဖြစ်ပါကြောင်း၊ အလားတူ မိမိတို့တွင်ရှိသည့် ဖိုင်တွဲများ၊ အထောက်အထား စာရွက်စာတမ်း များကလည်း ယခင်တုန်းတည်းက စက္ကူနည်းစနစ်ဖြင့် မှတ်တမ်းမှတ်ရာများ ပေးရသည့်အတွက် ပျက်စီးခြင်းများ၊ ဆုံးရှုံးခြင်းများ၊ မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားခြင်းများ ဖြစ်နေသည့်အတွက် ၎င်းကိုလည်း စီမံချက်ရေးဆွဲချမှတ်ပြီး Digital စနစ်ပြောင်းလဲနိုင်ရေး အတွက်ကို စတင်ဆောင်ရွက်နိုင်ပြီ ဖြစ်ပါကြောင်း၊ စီမံချက်ရေးဆွဲထားပြီးလည်း ဖြစ်ပါကြောင်း၊ ၎င်းသည် နည်းပညာနှင့် ငွေကြေးလိုအပ်ခြင်း ဖြစ်သည့်အတွက် ဝန်ကြီးဌာနအနေဖြင့် စီမံချက်ရေးဆွဲပြီးမှ ဘတ်ဂျက်တွင် ထည့်သွင်းတောင်းခံပြီး မှတ်တမ်းမှတ်ရာများကိုလည်း Digital စနစ်သို့ ပြောင်းလဲသွား နိုင်ရေးအတွက် ဦးစားပေးလုပ်ငန်းအဖြစ် ဆက်လက်ဆောင်ရွက်နေပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။

 

ဒေါ်ဖြူဖြူသင်း (မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိအနေဖြင့် Digital စနစ်ကိုသွားရန် ဘတ်ဂျက်များချပေးရမည့် လိုအပ်ချက်များ ရှိနေသည်ကို မိမိတို့ သိရှိပါကြောင်း၊ ဒါကိုလည်း စနစ်တကျ ဝန်ကြီးဌာနအနေဖြင့် လုပ်ကိုင်ဆောင်ရွက် နေရသည်ကိုလည်း သိရှိရသည့်အတွက်လည်း ကျေးဇူးအထူးတင်ရှိပါကြောင်း၊ သို့သော်လည်း ယခုလက်ရှိ ပြည်သူများခံစားနေရသည့် ပြဿနာများရှိပါကြောင်း၊ တိုင်းရင်းသားဒေသများတွင် ဖြစ်နေသည့် ID Card များမှာ မှတ်ပုံတင်မရသည့် ပြဿနာများ၊ နောက်တစ်ခုက မိမိတို့နိုင်ငံသား ဖြစ်သော်လည်း မှတ်ပုံတင်မရှိသည့်အတွက် အလုပ်အကိုင်၊ အခွင့်အလမ်းများ ဆုံးရှုံးနေခြင်းများ နောက်တစ်ချက်က မှတ်ပုံတင်နှစ်ကတ်၊ သုံးကတ်ဖြစ်နေသည့်အတွက် အမှန်တကယ်မည်သည့် အရာမှန်းမသိဘဲ Reject လုပ်ခံနေရသော ပြည်သူများ၏ နစ်နာမှုများ အများကြီးရှိပါကြောင်း၊ နောက်တစ်ချက်က ဝန်ကြီးဌာနအနေဖြင့် ညွှန်ကြားချက်များ ပေးခြင်းရှိပါကြောင်း၊ တစ်နေရာ ထဲတွင်လည်း တစ်ခါတည်း One Stop ဖြစ်ရန်အတွက်ဆိုပြီး ညွှန်ကြားချက်များလည်း ရှိပါကြောင်း၊ သို့သော်လည်း လတ်တလောတွင် ယခုကဲ့သို့ ဖြစ်မနေပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ကိစ္စမျိုးများကို Digital စနစ်ကိုမသွားခင် ဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ ဖြေရှင်းပေးမည်နည်းကို သိရှိလိုသည့်အတွက် ဆက်စပ်မေးခွန်း မေးမြန်းရခြင်းဖြစ်ပါသည်။

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင်‌့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ

မိမိတို့တိုင်းရင်းသား ဒေသများတွင်ရှိသည့် ITB စခန်းများတွင်ရှိသည့် တိုင်းရင်းသားပြည်သူများ အတွက်လည်း သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်တွင်ရှိသည့် မိမိတို့ဦးစီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တို့ပူးပေါင်းပြီးမှ အထူးစီမံကိန်းများချမှတ်ပြီး ဆောင်ရွက် နေပါကြောင်း၊ အထူးသဖြင့် မြစ်ကြီးနားတွင်ရှိသည့် ITB စခန်းတွင်ရှိသော စစ်ဘေးရှောင် ပြည်သူများကိုလည်း အားလုံးနီးပါးထုတ်ပေးထားပြီး ဖြစ်ပါကြောင်း၊ ခြွင်းချက်အနေဖြင့် ကျန်ကောင်း ကျန်ပါမည်။ ဒါကိုလည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စား လှယ်ကြီး တင်ပြခဲ့သည့် မှတ်ပုံတင်နှစ်ကတ်၏ အခက်အခဲကို တင်ပြရမည် ဆိုပါက တင်ပြချက်ပေါ် မူတည်ပြီးမှ ဖြေရှင်းသွားမည် ဖြစ်ပါကြောင်း၊ အထူးအားဖြင့် သွေးနှောများကို စိစစ်ရသည့်အခါ သက်ဆိုင်ရာ မျိုးရိုးစဉ်ဆက် ဇယားကိုစိစစ်ရသည့်အတွက် အနည်းငယ် အချိန်ယူရပါကြောင်း၊ သို့ရာတွင် လိုအပ်တာထက် အချိန်မကြန့်ကြာစေရေး ကိစ္စကို Case တစ်ခုချင်း အလိုက် ဦးစားပေးပြီးဆောင်ရွက် နေပါကြောင်း၊ ခုနက လွှတ်တော်ကိုယ်စားလှယ်ကြီး ဆွေးနွေး ပြောဆိုသည့် ပြည်သူများ၏ အခက်အခဲဖြေရှင်းနိုင်ရေးကိစ္စကို နိုင်ငံတော်အကြီးအကဲ များကလည်း မပျက်လမ်းညွှန်လျက် ရှိပါကြောင်း၊ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီးမှ အထူးစီမံချက်များ ချမှတ်ပြီး ဆောင်ရွက်နေပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် သက်ဆိုင်ရာအမျိုးသား မှတ်ပုံတင်ကတ်များ၊ ကိုယ်ရေးအချက်အလက်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဥပဒေနှင့်အညီရရှိနိုင်ရေး အတွက်ကို အလေးထားဆောင်ရွက် လျက်ရှိပါကြောင်း၊ အလားတူ ဝန်ထမ်းများ၏ မသင့်မလျော် ဆောင်ရွက်ချက်များ၊ နှောင့်နှေးကြန့်ကြာအောင် ဆောင်ရွက်ချက်များ ရှိလျှင်လည်း ဥပဒေနှင့်အညီ အရေးယူသွားရန် အဆင်သင့်ရှိနေပါကြောင်း၊ ထို့နောက် One Stop ဖြင့်လုပ်ပေး မည်ဆိုသော်လည်း အခက်အခဲရှိသည့် ကိစ္စများကိုလည်း ဘာကြောင့်ကြန့်ကြာသည်ဆိုတာ မိမိတို့ရှင်းပြရန်အသင့် ရှိပါကြောင်း၊ အဓိကပြောချင်သည့်အချက်က လွှတ်တော်ကိုယ်စားလှယ်ကြီး ဆွေးနွေးသည့် အချက်ကို ဝန်ကြီးဌာနအနေဖြင့်လည်း ဦးစားပေးဆောင်ရွက် နေပါကြောင်း၊ ဆက်လက်ပြီး ပြည်သူများအတွက်ကိုလည်း ပူးပေါင်းဆောင်ရွက် သွားပါမည်ဟု မိမိအနေဖြင့် ရှင်းလင်းဖြေကြားပါသည်။