(ဃ)-မြစ်သားမြို့၏ အဓိကကျသော၊ ယာဉ်သွားယာဉ်လာများသော ဗိုလ်ချုပ်လမ်း(မြစ်သား-အိုးသူကြီး-အင်းကုန်းလမ်း၏ မြို့တွင်းပိုင်း)အား ၁၈ ပေအကျယ်မှ ၂၄ ပေအကျယ်သို့ တိုးချဲ့ခင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ (၂. ၅. ၂၀၁၉)

 

မြစ်သားမြို့နယ်ရှိ ဗိုလ်ချုပ်လမ်းသည် မြို့လယ်မှာရှိသော်လည်း စည်ပင်ကစီမံခန့်ခွဲသော လမ်း မဟုတ်ဘဲ မြစ်သား-အိုးသူကြီး-အင်းကုန်းလမ်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေပါကြောင်း၊ လုံလောက်သော လမ်းအကျယ်မရှိသည့်အတွက် ကားများ၊ ဆိုင်ကယ်များ၊ ကားကြီး/ကားငယ်များ၊ ထော်လာဂျီများ ဖြတ်သန်းသောအခါ အလွန်ကျဉ်းမြောင်းသည့်အတွက် ယာဉ်မတော်တဆမှုများ ခဏခဏဖြစ်ပွားသော လမ်းလည်းဖြစ်ပါကြောင်း၊ ဤလမ်းအကျယ်သည် ကားကြီးနှစ်စီးရှောင်ရန် အဆင်မပြေကြောင်း၊ ကားကြီးတစ်စီးနှင့် ကားလေးတစ်စီး ရှောင်မည်ဆိုရင်တောင် မတော်တဆ တစ်ခုခုဖြစ်နိုင်ကြောင်း၊ သို့ဖြစ်ပါက ကားကြီးသည် လမ်းညာဘက် ကပ်မောင်းနေရင်တောင်မှ လမ်းတစ်ဘက်ကျောကို နင်းနေသည့်အတွက်ကြောင့် အလွန်ဖြေရှင်းရခက်ပြီး ခဏခဏ ထိခိုက် ဒဏ်ရာနှင့် အသေအပျောက်ရှိခဲ့သော လမ်းလည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မြစ်သားမြို့ရှိ ကျောင်းသား/သူများ၊ ရုံးသူရုံးသားများ၊ ဈေးသူဈေးသားများ၊ ရဟန်းရှင်လူပြည်သူများ၊ သာရေး၊ နာရေး၊ ပညာရေး၊ ကျန်းမာရေးအတွက် အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် အဆိုပါ ဗိုလ်ချုပ်လမ်းကို လမ်းအကျယ်ချဲ့တိုးချဲ့ပေးပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း မြစ်သား-အိုးသူကြီး-အင်းကုန်းလမ်း (၁၈) မိုင်ခြောက်ဖာလုံသည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံခန့်ခွဲသော လမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်း၏ လက်ရှိအခြေအနေမှာ အကျယ် ၁၈ ပေ ကတ္တရာလမ်း ၄ မိုင် ၆ ဖာလုံ၊ အကျယ် ၁၂ ပေ  ကတ္တရာလမ်း ၁၄ မိုင်ဖြစ်ပါပြီး မြစ်သားမြို့၏ ယာဉ်သွားလာမှု များပြားသည့် အဓိကလမ်းအပိုင်းဖြစ်သော ဗိုလ်ချုပ်လမ်း အပိုင်း မြစ်သား-အိုးသူကြီး-အင်းကုန်းလမ်းမြို့တွင်းပိုင်း၏ အရှည်က ၁ မိုင် ၅ ဖာလုံရှိပါကြောင်း၊ အဆိုပါ အပိုင်းကို ပထမဦးစားပေးအနေဖြင့် ၁၈ ပေမှ ၂၄ ပေအကျယ်ချဲ့ပေးရန်အတွက် ဒီဇိုင်းရေးဆွဲထားပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။