သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှ ကျူးကျော်စာရင်းတွင်လည်းမပါ၊ တရားဝင်မြေငှားဂရန်လည်းမရှိဘဲ နိုင်ငံတော်ပိုင်မြေပေါ်တွင် အခိုင်အမာ တည်ဆောက်ထားသော နေအိမ်အဆောက်အအုံများကို အရေးယူ ဆောင်ရွက်ရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
သင်္ဃန်းကျွန်းမြို့နယ်၊ ဇဝနရပ်ကွက်၊ သုမင်္ဂလာလမ်းမကြီးပေါ်ရှိ ကြီးမားသော KTV အဆောက်အအုံကြီး ဆောက်လုပ်ထားသော မြေနေရာသည် ယခင်နိုင်ငံတော်ပိုင် ပလပ မြေဖြစ်ခဲ့ပါကြောင်း၊ ၂၀၁၂ ခုနှစ်ကတည်းက ဤမြေကွက်တွင် အသွင်အမျိုးမျိုးနှင့်ကျူးကျော် ဝင်ရောက်ခဲ့ပြီး အဆင့်ဆင့်လက်ပြောင်း ရောင်းချလာခဲ့ပါကြောင်း၊
၂၀၁၂ ခုနှစ်က ဆောက်လုပ်ခဲ့သည့် KTV အဆောက်အအုံ မြေနေရာသည် ၂၀၁၄ ခုနှစ် ရောက်သည့်အခါ ၎င်းမြေကွက်လပ်ပေါ်တွင် ကြီးမားသော KTV အဆောက်အအုံကြီးသည် ရပ်ကွက်၊ ပြည်သူများကန့်ကွက်နေသည့် ကြားထဲက ပေါ်ထွက်လာပါကြောင်း၊ အဆိုပါ KTV အဆောက်အအုံ ကြီးကို ဆောက်သည့်အခါ တရားဝင်အစိမ်းဘုတ် ထောင်ခြင်းလည်းမရှိပါကြောင်း၊ နောက်တစ်ခါ သုမင်္ဂလာလမ်းမကြီးကို ဖြတ်သန်းသွားသည့် ရေစီး/ရေလာရှိသည့် ရေမြောင်းကိုလည်း ပိတ်ဆို့ပြီး ဆောက်ထားခြင်း ဖြစ်ပါကြောင်း၊ KTV ၏ နောက်ကျောဘက် သရက်တောလမ်းမပေါ်တွင် နိုင်ငံတော်ပိုင် မြေကွက်လပ်တစ်ခု ၂၀၁၂ ခုနှစ်အထိရှိခဲ့ပါကြောင်း၊ ၎င်းမြေကွက်လပ်တွင် ရန်ပုံငွေမြေနေရာ မကျူးကျော်ရဆိုပြီး ဆိုင်းဘုတ်လေးစိုက်ပြီး တဲလေးတစ်လုံး ဆောက်ထား ပါကြောင်း၊ ၂၀၁၄ ခုနှစ် ရောက်သည့်အခါ ၎င်းရန်ပုံငွေ မြေနေရာဆိုသည့် နေရာတွင် ယခုကဲ့သို့ အခိုင်အမာအဆောက်အအုံကြီး ဖြစ်လာပါကြောင်း၊ မိမိတို့ သုမင်္ဂလာလမ်းမပေါ်တွင်လည်း စီးပွားရေး လုပ်ငန်းကို လုပ်ကိုင်နေသည့် တရားမဝင်အဆောက်အအုံကြီး သုံးခုရှိပါကြောင်း၊ နောက်တစ်ခါ ဇဝနရပ်ကွက်၊ သရက်တောလမ်းနှင့် ကျောင်းလမ်းကြားတွင်လည်း တရားမဝင် အဆောက်အအုံ ခြောက်လုံးရှိပါကြောင်း၊ နောက်တစ်ခါ သင်္ဃန်းကျွန်းမြို့နယ်၊ သစ်ဝိုင်းကြီးရပ်ကွက် မေတ္တာလမ်းမကြီးကို ပိတ်ဆို့ထားသည့် အိမ်နှစ်လုံးလည်းရှိပါကြောင်း၊ မီးရေး၊ ထင်းရေးလည်း စိုးရိမ်ရသကဲ့သို့ မေတ္တာလမ်းကြီးကို မျက်နှာမူပြီး ဆောက်ထားသည့် အိမ်အရေအတွက်ကလည်း ရှေ့ကပိတ်ပြီး ဆောက်ထားသကဲ့သို့ ဖြစ်နေပါကြောင်း၊ ကျူးကျော်ဆောက်ထားသည့် အိမ်တစ်လုံး လည်းရှိပါကြောင်း၊ နောက်တစ်ခါ သင်္ဃန်းကျွန်းမြို့နယ် (ဃ) ရပ်ကွက်တွင် သံသုမာလမ်းမကြီး ပေါ်တွင် တရားမဝင်ဖွင့်လှစ်ထားသည့် တရားမဝင်အဆောက်အအုံ အရက်ဆိုင်များလည်း ရှိပါကြောင်း၊ ထို့ကြောင့် မိမိမေးမြန်းလိုသည့် မေးခွန်းက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်အတွင်းမှ ကျူးကျော်စာရင်းတွင်လည်းမပါ၊ တရားဝင် မြေငှားဂရန်လည်း မရှိဘဲ နိုင်ငံတော်ပိုင် မြေကွက်ပေါ်တွင် အခိုင်အမာ တည်ဆောက်ထားသော နေအိမ်အဆောက်အအုံများကို အရေးယူ ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဇဝနရပ်ကွက်၊ သုမင်္ဂလာလမ်းရှိ Music Zone Restaurant and KTV နေရာတွင် ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံ ဆောက်လုပ်ထားကြောင်း စိစစ်တွေ့ရှိရသဖြင့် လုပ်ငန်းဆောင်ရွက်နေသူ ဦးဇော်မင်းအား ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဥပဒေပုဒ်မ ၂၈၊ ပုဒ်မ ၂၉ တို့ဖြင့် တရားစွဲဆို အရေးယူခဲ့ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်သူ ဦးဇော်မင်းမှ အဆောက်အအုံများ၏ အမျိုးအစား၊ အရွယ်အစားအတိုင်း အင်ဂျင်နီယာဌာန (အဆောက်အအုံ) သို့ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ယာယီမြေအသုံးပြုခွင့် အမိန့်ချထားခြင်း၊ ကတိစာချုပ်မိတ္တူ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အိမ်အသစ်ဆောက်လုပ်ရန် မြေပုံရာဇဝင် (C/Map) ပုံစံ-၁၀၆ မူရင်း၊ အတိုင်းအတာပြမြေပုံ (D/Map) ပုံစံ-၁၀၅ မိတ္တူများပူးတွဲ၍ တင်ပြ လျှောက်ထားလာခဲ့သဖြင့် ဌာနမှလုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ ခွင့်ပြုချက်မဲ့ ဆောက်လုပ်မှု ဒဏ်ကြေးငွေကျပ် ၃၄၅၂၅၈၂၀ ကိုပေးသွင်းစေပြီး ဦးဇော်မင်းသို့ ၉-၆-၂၀၁၄ ရက်နေ့တွင် ဆောက်လုပ်ခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါကိစ္စအား ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းအဖြစ် ဖြေကြားခဲ့ပြီး ဖြစ်ပါကြောင်း၊
Music Zone Restaurant and KTV ဘေးကပ်လျက် သုမင်္ဂလာလမ်းပေါ်တွင် ဦးဇော်မင်း၏ နေအိမ်တစ်ထပ်ခွဲ (အုတ်+ပျဉ်ကာ) အဆောက်အအုံတစ်လုံး၊ အုတ်၊ သဲ၊ ကျောက်ဆိုင်တစ်ထပ် (သွပ်မိုး၊ အထပ်သားကာ၊ မြေစိုက်) အဆောက်အအုံတစ်လုံးနှင့် သံပန်း၊ သံတံခါးဆိုင် တစ်ထပ် (သွပ်မိုး၊ သံဇကာကာ) အဆောက်အအုံတစ်လုံး စုစုပေါင်းအဆောက်အအုံ သုံးလုံးရှိပြီး အဆိုပါ အဆောက်အုံများအား ပြည်ထောင်စုကြံ့ခိုင်ရေးအသင်းမှ ငှားရမ်းထားခြင်းဖြစ်ပြီး စီမံရေးရာဌာနမှ လုပ်ငန်းလိုင်စင် ထုတ်ပေးထားသော အဆောက်အအုံများဖြစ်ပါကြောင်း၊ သင်္ဃန်းကျွန်းမြို့နယ် ဇဝနရပ်ကွက်၊ သရက်တောလမ်းနှင့် ကျောင်းလမ်းကြားရှိ အခိုင်အမာအဆောက်အအုံ ခုနစ်လုံးမှာ ယခင်ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးအထောက်အကူပြု ကော်မတီမှ ရပ်ကွက်ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငှားရမ်းခဲ့သော်လည်း ၂၀၁၅ ခုနှစ်မှစ၍ ရပ်ကွက်ရန်ပုံငွေ ကောက်ခံခြင်းမရှိတော့ဘဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အစိုးရေမြေပေါ်တွင် ကျူးကျော် နေထိုင်သူများ စာရင်းကောက်ယူသည့်အချိန်တွင် အဆောက်အဦ ငါးလုံးသည် Smart Card ထုတ်ယူခဲ့ပြီး ကျန်နှစ်လုံးမှာ ထုတ်ယူခြင်းမရှိကြောင်း စိစစ်တွေ့ရှိရပါသည်။ Smart Card ထုတ်ယူခြင်းမရှိသည့် နှစ်ဦးအနက်တစ်ဦးမှာ နှစ်ထပ်အုပ်နံကပ်-ပျဉ် အဆောက်အအုံများ ခွင့်ပြုချက်မဲ့ ဆောက်လုပ်ခဲ့သောကြောင့် လုပ်ငန်းဆောင်ရွက်သူ ဦးဇော်မင်းအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ပုဒ်မ ၆၈၊ ပုဒ်မ ၆၉ တို့ဖြင့် ၂၀-၅-၂၀၁၄ ရက်နေ့မှစတင်၍ တရားစွဲဆို အရေးယူထားသော အဆောက်အအုံဖြစ်ပါသည်။ ကျန်တစ်ဦးဖြစ်သူ ဦးလှဝင်းမှာ တစ်ထပ်သွပ်မိုး၊ သွပ်ကာမြေစိုက် အဆောက်အအုံဖြင့် နေထိုင်အသုံးပြု လျက်ရှိပါကြောင်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ သွပ်ဝိုင်းကြီးရပ်ကွက်၊ မေတ္တာလမ်း ရပ်ကွက်ပတ်လမ်းအား ပိတ်ဆို့ထားသော အဆောက်အအုံနှစ်လုံးအနက် တစ်လုံးမှာ ၁၉၉၆ ခုနှစ်မှစ၍ ဦးအေးမောင်မိသားစု ဆောက်လုပ် နေထိုင်ခဲ့သော တစ်ထပ်သွပ်မိုး၊ ပျဉ်ကာအဆောက်အအုံဖြစ်ပြီး ကျန်တစ်လုံးမှာ ၂၀၀၄ ခုနှစ်မှစ၍ ဦးလှသိန်းမိသားစု နေထိုင်အသုံးပြုလျက်ရှိသော တစ်ထပ်သွပ်မိုး၊ အုတ်၊ သံဇကာအဆောက်အအုံ ဟောင်းများဖြစ်ပါကြောင်း၊ အဆိုပါ အဆောက်အအုံနှစ်လုံးမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အစိုးရမြေပေါ်တွင် ကျူးကျော်နေထိုင်သူများ စာရင်းတွင် ပါဝင်နေပြီး Smart Card ထုတ်ပေးထားသော အဆောက်အအုံနှစ်လုံး ဖြစ်ပါကြောင်း၊ သင်္ဃန်းကျွန်းမြို့နယ် (ဃ) ရပ်ကွက် လွတ်လပ်ရေးလမ်းတွင်ရှိသော အဆောက်အအုံမှာ နှစ်ထပ်သွပ်မိုး၊ ပျဉ်ကာအဆောက်အအုံ တစ်လုံးနှင့် တစ်ထပ်မြေစိုက် ပျဉ်ထောင်အဆောက်အအုံတစ်လုံး စုစုပေါင်းနှစ်လုံးရှိပြီး နှစ်ထပ်သွပ်မိုး၊ ပျဉ်ကာအဆောက်အအုံအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းထံမှ ၁၉၉၈ ခုနှစ်မှစ၍ ဦးတင်ဦးမိသားစုမှ ငှားရမ်းအသုံးပြုလျက်ရှိပြီး တစ်ထပ်မြေစိုက် ပျဉ်ထောင်အဆောက်အအုံအား (ဃ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအဖြစ် အသုံးပြုထားရှိကြောင်း စစ်ဆေးတွေ့ရှိရပါကြောင်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ လွတ်လပ်ရေးလမ်းအနီး သံသုမာလမ်းပေါ်တွင်ရှိသော အဆောက်အအုံမှာ နှစ်ထပ်သွပ်မိုး၊ အုပ်၊ ပျဉ်ကာအဆောက်အအုံဖြစ်ပြီး ၁၉၉၃ ခုနှစ်မှစ၍ ရပ်ကွက်အရံမီးသတ် တပ်ဖွဲ့အမည်ခံ၍ ဆောက်လုပ်အသုံးပြုခဲ့ပြီး ယစ်မျိုးလိုင်စင်ဖြင့် ဦးအေးထွန်းမှ အရက်ဖြူဆိုင်ဖွင့်လှစ် ထားကြောင်း စိစစ်တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ တင်ပြပါမေးခွန်းတွင် ပါဝင်သော အဆောက်အအုံ များအနက် အဆောက်အအုံ ခုနစ်လုံးမှာ ကျူးကျော်နေထိုင်သူများ စာရင်းတွင်ပါဝင်ပြီး Smart Card ထုတ်ပေးထားသော အဆောက်အအုံများဖြစ်ကြောင်း အဆောက်အအုံခုနစ်လုံးမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် အခိုင်အမာဆောက်လုပ်ထားသော အဆောက်အအုံများ ဖြစ်ပါကြောင်း၊ အဆောက်အအုံတစ်လုံးမှာ ခွင့်ပြုချက်မဲ့ဆောက်လုပ် ထားသဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တရားစွဲအရေးယူထားကြောင်းနှင့် အဆောက်အအုံတစ်လုံးမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ စိစစ်ခွင့်ပြုထားခြင်း ဖြစ်ပါကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ကိုယ်စားပြန်လည် ရှင်းလင်းဖြေကြားပါသည်။
