စစ်ဘေးရှောင်စခန်းတွင် ရောက်ရှိနေသော ပြည်သူများကြုံတွေ့နေရသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုစာရင်း အခက်အခဲကိစ္စများနှင့်ပတ်သက်၍ ပြည်ထောင်စုဖွား တိုင်းရင်းသား စစ်စစ်ဖြစ်ပါလျက်နှင့် ခွဲခြားကန့်သတ်ချုပ်ချယ်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုရှိ/မရှိနှင့် အခြားစစ်ဘေးရှောင်စခန်းအသီးသီးသို့ ရောက်ရှိနေကြသည့် တိုင်းရင်း သားပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းအား မည်သို့ စီမံဆောင်ရွက်ထားသည်တို့ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့ ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်တွင် အပစ်အခတ်ရပ်စဲကာလဖြစ်သော ၂၀၀၆-၀၇ ခုနှစ်များတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်မှုဒေသအောက်ရှိ ကျေးရွာအနှံ့ကွင်းဆင်းပြီး ယာယီအိမ်ထောင်စုနှင့် ယာယီနိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ၎င်းအိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများဖြင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်သူ့ဆန္ဒခံယူပွဲတွင် မဲပေးခဲ့ကြရသော်လည်း အပစ်အခတ်ရပ်စဲရေးပျက်ပြားပြီး နောက်ပိုင်းတွင် ၎င်းယာယီ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ တရားမဝင်သည့်အကြောင်းနှင့် ကိုင်ဆောင်သူများ ကိုလည်း စစ်ဆေးရေးဂိတ်များက အမျိုးမျိုးခြိမ်းခြောက် စစ်ဆေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရပါကြောင်း၊ ဤသို့ပြုခြင်းသည် ချောင်းကူးပြီးနောက် တုတ်ကိုပစ်ဟူသည့် ကချင်စကားပုံကဲ့သို့ ဖြစ်နေပါကြောင်း၊ ပြည်သူ့ဆန္ဒခံယူပွဲအတွက်သာ ထုတ်ပေးခြင်းကဲ့သို့ ဖြစ်နေပြီး နိုင်ငံတော်အစိုးရ ဝန်ကြီးဌာန၏ပုံရိပ်ကို ထိခိုက်နိုင်သည့်အပြင် တောင်ပေါ်နေ တိုင်းရင်းသားများအပေါ် ခွဲခြားဆက်ဆံသည်ဟုလည်း မှတ်ယူသွားနိုင်ပါကြောင်း၊
၂၀၁၈ ခုနှစ် မတ်လ၊ ဧပြီလတွင် မိမိတို့မြို့နယ်၌ ဖြစ်ပွားခဲ့သော စစ်ရေးအခြေအနေများကြောင့် အင်ဂျန်းယန်မြို့နယ်မှ ပြည်သူများ မြစ်ကြီးနားစစ်ရှောင်စခန်းသို့ အမြောက်အမြား ရောက်ရှိသွား ခဲ့ကြပါကြောင်း၊ ယခုအခါ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း မရှိသူများသည် စစ်ရှောင်စခန်းမှ တစ်နေရာရာသို့သွားရန် အလွန်ခက်ခဲနေကြောင်း၊ စစ်ရှောင်ရသည့် ဒုက္ခအပြင် ခရီးသွားလာရေးအတွက်လည်းကောင်း၊ အထွေထွေလူမှုရေး ကိစ္စများတွင်လည်းကောင်း၊ မည်သည့်အထောက်အထားမျှ တင်ပြနိုင်ခြင်း မရှိသဖြင့် လူမှုစီးပွားရေးဘဝတွင်များစွာ ခက်ခဲနေကြောင်း၊ နိုင်ငံသားဖြစ်ခြင်းနှင့် တိုင်းရင်းသားအခွင့်အရေးများ ဆုံးရှုံးနေရကြောင်း ကာယကံရှင်များ၏ ပြောကြားချက်အရ သိရှိရပါကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများကို မေးမြန်းကြည့်ရာတွင် စစ်ရှောင်စခန်းသို့ ရောက်ရှိနေသူများကို အိမ်ထောင်စု၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးနိုင်ခြင်း မရှိကြောင်း၊ အတည်တကျနေထိုင် သူများကိုသာ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့၏ ထောက်ခံချက်ဖြင့် ထုတ်ပေးကြောင်း၊ ညွှန်ကြားချက်မရှိသည့် စစ်ရှောင်များကို ထုတ်ပေးရန် အစီအစဉ်မရှိကြောင်း ဖြေကြားခဲ့ကြပါကြောင်း၊ ယခင်တော/တောင်ကြားတွင် နေထိုင်စဉ်က အထူးအစီအစဉ်ဖြင့် ကွင်းဆင်းဆောင်ရွက် ပေးနိုင်ခဲ့ပြီး ယခုမိမိ တို့အုပ်ချုပ်မှု ဒေသအောက်သို့ ရောက်ရှိလာပါမှ မည်သည့်အချက်ကြောင့် မလုပ်ပေးနိုင်သည်ကို ပြည်သူများလည်း သိရှိလိုနေကြပါကြောင်း၊ ပြည်ထောင်စုနယ်မြေအတွင်း နေထိုင်ကြသည့် ကချင်တိုင်းရင်းသား ပြည်သူဖြစ်ပါလျက် စစ်ဘေးဒုက္ခအပြင် ရှိပြီးသားအခွင့်အရေးကိုပါ ဆုံးရှုံးနေသဖြင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကိုလည်း ထိခိုက်လာနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ထောင်စုဖွား တိုင်းရင်းသားစစ်စစ် ဖြစ်ပါလျက် ခွဲခြားကန့်သတ်ချုပ်ချယ်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်းရှိ/မရှိ ပြန်လည်သုံးသပ် ပေးနိုင်ရန်နှင့် အင်ဂျန်းယန်မြို့နယ်မှ မြစ်ကြီးနားစစ်ရှောင်စခန်းသို့ရောက်ရှိနေသော ပြည်သူများနှင့် တိုင်းတစ်ပါးသားမဟုတ်သော စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိနေသည့် တိုင်းရင်းသားများအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုစာရင်းကို မည်သို့စီစဉ်ဆောင်ရွက် ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မိမိတို့ဌာနအနေဖြင့် ပြည်ထောင်စုဖွားတိုင်းရင်းသားများကို ခွဲခြားကန့်သတ်ချုပ်ချယ်ခြင်း လုံးဝမရှိပါကြောင်း၊ အင်ဂျန်းယန်နယ်မြေအတွင်း စစ်ဆေးရေးဂိတ်များတွင် ဒေသခံတိုင်းရင်းသား ပြည်သူများကို စစ်ဆေးနေခြင်းသည် လုံခြုံရေးအရတာဝန်ရှိသော ဝန်ကြီးဌာနများက နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေနှင့်အညီ စစ်ဆေးနေခြင်းဖြစ်သည်ဟု စုံစမ်းသိရှိ ရပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများကို မည်သည့် ကန့်သတ်ချက်မျှ ဆောင်ရွက်ထားခြင်းမရှိပါကြောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြစ်ကြီးနားစစ်ရှောင်စခန်းသို့ ရောက်ရှိနေသော အင်ဂျန်းယန် မြို့နယ်မှ ပြည်သူများနှင့် အခြားသော စစ်ဘေးရှောင်စခန်း အသီးသီးကို ရောက်ရှိနေသော ပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးမှုအခြေအနေကို ဆက်လက်တင်ပြ သွားမည် ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်အတွင်း နယ်မြေလုံခြုံရေးအရ ခေတ္တနေရပ်စွန့်ခွာရောက် ရှိနေသည့် စစ်ဘေးရှောင်စခန်း (IDPs Camp) စုစုပေါင်း ၈၉ ခုရှိပါကြောင်း၊ အိမ်ထောင်စု ၈၁၃၁ စု၊ လူဦးရေ ၄၁၀၀၉ ဦးရှိပါကြောင်း၊ အဆိုပါပြည်သူများကို စစ်ဘေးရှောင်စခန်း (IDPs Camp) ရှိ နေရပ်စွန့်ခွာနေထိုင် သူများကို ဝန်ကြီးဌာနအနေဖြင့် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးခဲ့ပါကြောင်း၊ ယခု ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့အထိ ဆောင်ရွက် ထုတ်ပေးနိုင်မှု စုစုပေါင်း လူဦးရေ ၂၉၃၅၁ ဦးရှိပြီး ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်၊ မြစ်ကြီးနား ခရိုင်၊ အင်ဂျန်းယန်မြို့နယ်တွင် ရပ်ကွက်လေးခု၊ ကျေးရွာအုပ်စု ၁၇ ခု၊ ကျေးရွာ ၆၂ ရွာနှင့်ဖွဲ့စည်းထားပါကြောင်း၊ အိမ်ထောင်စု ၁၆၅၉ စု၊ လူဦးရေ ကျား ၄၁၃၅ ဦး၊ မ ၄၄၇၁ ဦး စုစုပေါင်း ၈၆၀၆ ဦး နေထိုင်လျက်ရှိပါကြောင်း၊ အင်ဂျန်းယန်မြို့နယ်မှ နယ်မြေလုံခြုံရေးအရ မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်ရှိ စခန်းများတွင် ခေတ္တနေရပ်စွန့်ခွာသူများ ရောက်ရှိ နေထိုင်သော အိမ်ထောင်စု ၆၆၁ စုနှင့် လူဦးရေ ၃၃၉၀ ဦး ရှိပါကြောင်း၊ အင်ဂျန်းယန်မြို့နယ် ဦးစီးမှူးရုံးမှ မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်ရှိ ခေတ္တနေရပ်စွန့်ခွာသူများ ရောက်ရှိနေထိုင်သည့် စခန်းများတွင် သစ္စာစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးနိုင်မှုသည် အိမ်ထောင်စု ၄၂ စုနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ၁၃၅ ခုကို ထုတ် ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ အင်ဂျန်းယန်မြို့နယ် ဦးစီးမှူးရုံးအနေဖြင့် သစ္စာစီမံချက်ဖြင့် လုပ်ငန်းစဉ်အတိုင်း အင်ဂျန်းယန်မြို့နယ်မှ မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်သို့ ရောက်ရှိနေထိုင်သည့် ခေတ္တနေရပ်စွန့်ခွာ နေထိုင်သူများကို ယာယီအိမ်ထောင်စုနှင့် လူဦးရေစာရင်းများကိုလည်း ထုတ်ပေးထားရှိပြီး ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၏ နေရပ်လိပ်စာ မှန်ကန်ကြောင်း အတည်ပြုထောက်ခံချက်ရရှိပြီးပါက တရားဝင်အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်းကိုလည်း ဆက်လက်ဆောင်ရွက် သွားပေးမည် ဖြစ်ပါကြောင်း၊ ယာယီအိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးထားရှိမှု အိမ်ထောင်စု ၅၆ စု၊ လူဦးရေ ကျား ၁၀၉ ဦး၊ မ ၁၄၂ ဦး စုစုပေါင်း ၂၅၁ ဦးဖြစ်ပါကြောင်း၊
မူလဒေသတွင် အိမ်ထောင်စုစာရင်းဖြင့် အတည်တကျနေထိုင်ခဲ့သော တိုင်းရင်းသားမိသားစုဝင် သို့မဟုတ် တစ်ဦးတည်းနေထိုင်သူ တိုင်းရင်းသားများကို ပြောင်းရွှေ့နေထိုင်သည့်ကာလ ခြောက်လအထက်ဖြစ်ပါက ရောက်ရှိရာစခန်းတွင် တရားဝင်အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ မူလဒေသတွင် အိမ်ထောင်စုစာရင်း မရှိသေးသော တိုင်းရင်းသားမိသားစု သို့မဟုတ် တစ်ဦးတည်းနေထိုင်သူ တိုင်းရင်းသားများကိုလည်း ပြောင်းရွှေ့ရောက်ရှိ နေထိုင်သည့် ကာလ ခြောက်လအထက် ဖြစ်ပါက ရောက်ရှိရာစခန်းတွင် ယာယီအိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးထားပါကြောင်း၊ အထက်ပါ တိုင်းရင်းသားမိသားစုနှင့် တိုင်းရင်းသားတို့ကို ရပ်/ကျေးနှင့် မြို့နယ်နိုင်ငံသား ကြီးကြပ်ရေးအဖွဲ့၏ သဘောတူညီချက်ဖြင့် တရားဝင်အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်း လုပ်ငန်းကိုလည်း လုပ်ထုံးလုပ်နည်း များနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းဖြင့် အတည်တကျ နေထိုင်ခဲ့သော တိုင်းရင်းသားမိသားစု သို့မဟုတ် တစ်ဦးတည်း နေထိုင်သူ တိုင်းရင်းသားများကို ပြောင်းရွှေ့ရောက်ရှိ နေထိုင်သည့်ကာလ ခြောက်လအောက် ဖြစ်လျှင် စာရင်းပြုစုမှတ်တမ်းတင်ထားရှိပြီး လိုအပ်ပါက သက်ဆိုင်ရာ မူလမြို့နယ်ရုံး လက်ခံများနှင့် တိုက်ဆိုင်စစ်ဆေးပြီး အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကိုလည်း စိစစ်ပြီးထုတ်ပေးလျက် ရှိပါကြောင်း၊ မူလဒေသတွင် အိမ်ထောင်စုစာရင်း မရှိသေးသည့် တိုင်းရင်းသားမိသားစု သို့မဟုတ် တစ်ဦးတည်း နေထိုင်သူတိုင်းရင်းသားများကို ပြောင်းရွှေ့ရောက်ရှိ နေထိုင်သည့်ကာလ ခြောက်လအောက် ဖြစ်ပါက စာရင်းပြုစုမှတ်တမ်း ထားရှိပါကြောင်း၊ မူလဒေသတွင် အိမ်ထောင်စုစာရင်းဖြင့် အတည်တကျနေထိုင်ခဲ့သော တိုင်းရင်းသားမဟုတ်သူ မိသားစု သို့မဟုတ် တစ်ဦးတည်း နေထိုင်သူ တိုင်းရင်းသားမဟုတ်သူကို ပြောင်းရွှေ့ရောက်ရှိ နေထိုင်သည့်ကာလ ခြောက်လအထက်ဖြစ်ပါက စာရင်းပြုစုမှတ်တမ်း ထားရှိပြီး လက်ရှိနေထိုင်ရာရပ်/ကျေးနှင့် မြို့နယ်အဆင့် နိုင်ငံသားလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့၏ သဘောတူညီချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းယာယီနှင့် နိုင်ငံသားစိစစ်ခံရမည့်သူ သက်သေခံကတ်ပြား (Identity Card) ထုတ်ပေးရေးလုပ်ငန်းစဉ်ကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ၎င်းလုပ်ငန်းစဉ်များသည် ဌာနအတွက်ဥပဒေနှင့်အညီ သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များဖြစ်သည့်အတွက် မည်သည့်အရပ်ဒေသတွင်မဆို ၎င်း အစီအစဉ်များအတိုင်း စိစစ်ပြီးဆောင်ရွက်ပေးရပါကြောင်း၊ နိုင်ငံသားလုပ်ငန်း ဆောင်ရွက်ရာတွင် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆) ထုတ်ပေးရာတွင် ရပ်ကွက်/ကျေးရွာအုပ်စု၊ ကျေးရွာ ရဲစခန်းအပိုင်လမ်းနှင့် အိမ်အမှတ်တို့ကို မှတ်တမ်းတင်ရေးသွင်းရသည့်အတွက် နေရပ်လိပ်စာ မှန်ကန်ကြောင်း သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ အတည်ပြုထောက်ခံချက် လိုအပ်ပါကြောင်း၊ ထောက်ခံချက်မပါဘဲထုတ်ပေးပါက အိမ်ထောင်စုစာရင်းများဖောင်းပွပြီး နိုင်ငံတော်အတွက် ရေရှည်ကာလတွင် အခက်အခဲများကြုံတွေ့ နိုင်ပါကြောင်း၊ သက်ဆိုင်ရာ သတ်မှတ်ထားသော ပြဋ္ဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်လည်း မညီသည့်အတွက် ဝန်ထမ်းများအနေဖြင့် လုပ်ပေးရန်အကန့်အသတ် ရှိပါကြောင်း၊ နေရပ်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက အတည်ပြုထောက်ခံချက် ပေးပါကအိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ပေးသွားနိုင်မည် ဖြစ်ပါကြောင်း၊ အင်ဂျန်းယန်မြို့နယ်အတွင်း ကျေးရွာအုပ်စု ၁၅ စု၊ ကျေးရွာ ၅၄ ရွာသည် ပြည်နယ်အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးလက်လှမ်းမမီသော၊ ငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်းလုပ်ဆောင်နေသည့် ဒေသများ (Non-Government Control Area) ဖြစ်ပါကြောင်း၊ ကျေးရွာ အုပ်စု ၁၅ စုနှင့် ကျေးရွာ ၅၄ ရွာသည် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူစဉ်ကလည်း နယ်မြေလုံခြုံရေးအရ စာရင်းကောက်ယူနိုင်ခြင်း မရှိခဲ့သည့် ကျေးရွာအုပ်စုနှင့် ကျေးရွာများ ဖြစ်ပါကြောင်း၊
နိုင်ငံသားလုပ်ငန်း ဆောင်ရွက်ရာတွင် အသက်အတွက် အထောက်အထားဖြင့် ကျောင်းထောက်ခံချက်၊ မွေးစာရင်းစသဖြင့် တင်ပြရမည် ဖြစ်ပါကြောင်း၊ သို့ရာတွင် တိုင်းရင်းသား ပြည်သူများ အတွက်ဖြေလျှော့ပြီး ကျောင်းထောက်ခံချက်၊ မွေးစာရင်းတို့ မတင်ပြနိုင်ပါက အိမ်ထောင်စုလူဦးရေ စာရင်းတွင် မွေးသက္ကရာဇ်ဖြင့်လည်းကောင်း၊ ခရစ်ယာန်သင်းအုပ်ဆရာ များမှထုတ်ပေးသော နှစ်ချင်းသက်သေခံလက်မှတ်ပါ မွေးသက္ကရာဇ်များဖြင့်လည်းကောင်း၊ သွေးအုပ်စု သတ်မှတ်ချက်မတင်ပြနိုင်ပါကလည်း ဖြေလျှော့ပြီး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် အင်ဂျန်းယန်မြို့နယ်မှ ခေတ္တနေရပ်စွန့်ခွာ ရောက်ရှိနေထိုင်သူများကို သက်ဆိုင်ရာပညာရေးဌာန၊ ကျန်းမာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း ဆောင်ရွက်မှုဖြင့် တိုးမြှင့်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ၁၅-၂-၂၀၁၉ ရက်နေ့တွင် အင်ဂျန်းယန်မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများက ဝိုင်းမော်မြို့၊ ရပ်ကွက် (၃) ရှိ KBC Zone IDPs Camp ကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ နိုင်ငံသားစိစစ်ရေး ကတ်ပြားပျောက်ဆုံး ပျက်စီးသည့် မိတ္တူထုတ်ပေးနိုင်ရေး ဆောင်ရွက်ရာတွင် ကျား ၇ ဦး၊ မ ၈ ဦး စုစုပေါင်း ၁၅ ဦးကို စိစစ်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ဆက်လက်ပြီးလည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အင်ဂျန်းယန်မြို့နယ်မှ နယ်မြေလုံခြုံရေးအရ ခေတ္တနေရပ်စွန့်ခွာရောက်ရှိ နေထိုင်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်းကို ခွဲခြားကန့်သတ်ချုပ်ချယ်မှုမရှိဘဲ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ မိမိဌာနဝန်ထမ်းများက ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ဖြေကြားပါသည်။
