(ဃ)-အစိုးရဝန်ကြီးဌာနများနှင့် နိုင်ငံတစ်ဝန်းသုံးစွဲနေသော မီဒီယာများအားလုံး ကွန်ပျူတာပုံနှိပ်ဖော်ပြရာတွင် တစ်ချောင်းငင်အရှည်နှင့်အတို သုံးစွဲမှုကို ပြည်ထောင်စုအစိုးရအဖွဲ့က ဦးဆောင်၍ မှန်ကန်အောင်ညွှန်ကြားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၁၁.၃.၂၀၁၉)

 

အစိုးရဝန်ကြီးဌာနများနှင့် မြန်မာနိုင်ငံတစ်ဝန်းသုံးစွဲနေသော ပုံနှိပ်မီဒီယာများအားလုံး ကွန်ပျူတာပုံနှိပ် ဖော်ပြရာတွင် အသုံးပြုနေသော တစ်ချောင်းငင်အရှည်နှင့် အတိုသုံးစွဲမှုကို ပြည်ထောင်စုအစိုးရအဖွဲ့က ဦးဆောင်၍ စနစ်တကျမှန်ကန်အောင် ညွှန်ကြားပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

 

ယနေ့မြန်မာနိုင်ငံတစ်ဝန်း အသုံးပြုရေးသားနေသည့် ကွန်ပျူတာပုံနှိပ်မီဒီယာ အားလုံးတွင် အမှတ်တမဲ့သုံးရာမှ အမှားကြာလာရင် နောင်တွင်အမှန်ထင်ပြီး မြန်မာစာပေအရေးအသား မှန်မှန်ကန်ကန် ရှိစေလိုသည့် စေတနာဖြင့် ကြယ်ပွင့်ပြမေးခွန်းမေးမြန်းရခြင်း ဖြစ်ပါကြောင်း၊  ပထမဦးစွာ တစ်ချောင်းငင်အရှည်ကို မည်သည့်နေရာတွင် သုံးသည်ကို လေ့လာမိသမျှ တင်ပြလိုပါကြောင်း၊  ပထမက စာလုံးထပ်များမှာ ဥပမာ ပခုက္ကူ၊ စက္ခုပါလ၊ စက္ကူ၊ မိတ္တူ စသည်တို့ဖြစ်ပါကြောင်း၊ ဒုတိယက ယပင့်နှင့်တွဲသုံးရသည့် စကားလုံးများ (ဥပမာ) ဗိုလ်ချုပ်၊ ကျူပင်၊ ကျူးကျော်၊ ပျူ၊ ဂျူး၊ ဗျူဟာတို့ ဖြစ်ပါကြောင်း၊  တတိယကတော့ ဠကြီးဖြစ်ပါကြောင်း၊ (ဥပမာ) ဝေဠုဝန်၊ ဗေဠုဝနတ်စောင်း တို့ဖြစ်ပါကြောင်း၊ အထက်ပါကိစ္စရပ်များမှ လွဲလျှင်ကျန်သည့် ဗျည်းများနှင့် တွဲသုံးသည့်အခါတွင် တစ်ချောင်းငင်အတိုကို သုံးစွဲလေ့ရှိပါကြောင်း၊  ယခုမေးခွန်း၏ အဓိက ဆိုလိုရင်းမှ အခုတင်ပြခဲ့သည့် တစ်ချောင်းငင်နှင့် နှစ်ချောင်းငင်အတိုကိစ္စ ဖြစ်ပါကြောင်း၊ ကွန်ပျူတာမပေါ်ခင် ခဲစာလုံးစီပြီး ရိုက်ခဲ့ရသည့် ပုံနှိပ်ခေတ်တစ်လျှောက်လုံး တစ်ချောင်းငင် အတိုကို အသုံးပြုခြင်းသည် မှန်ကန်ခဲ့သော်လည်း ကွန်ပျူတာခေတ်တွင် အားနည်းသွားပါကြောင်း၊ ဟထိုးနှစ်ချောင်းငင်နှင့် ရရစ်တစ်ချောင်းငင်တို့သည် ကွန်ပျူတာ ကီးဘုတ်လက်ကွက် Key Stoke ရိုက်သည့်အခါတွင် Alter ခံပြီး ရိုက်ရသည့်အတွက် စာစီသူတို့အတွက် နံပါတ်များမှတ်ရခြင်း လက်ဝင်ခြင်းမျိုးလည်း ဖြစ်နိုင်သကဲ့သို့ ယခုအသုံးပြုနေသည့် Font အမျိုးအစားမကိုက်ညီသည့် Software နည်းပညာအရလည်း ဖြစ်နိုင်ပါကြောင်း၊   မှန်ကန်သည့် အသုံးပြုမှုဖြစ်ရန်အတွက် နိုင်ငံတော်အဆင့် အထူးသဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ညွှန်ကြားနေသည့် e-Government အစီအစဉ်တွင် ပြည်ထောင်စု Font တွင် ပါဝင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က သတ်သတ်မှတ်မှတ် ဦးဆောင်ညွှန်ကြား လမ်းညွှန်ပေးစေချင်ပါကြောင်း၊ ယခု တက်ရောက်နေသည့် ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော် အခမ်းအနားများတွင် အခမ်းအနားမှူးတွင် နှစ်ချောင်းငင်အရှည် ဖြစ်နေပါကြောင်း၊  တကယ်တမ်း နှစ်ချောင်းငင်အတို ဖြစ်ရမည် ဖြစ်ပါကြောင်း၊  ထို့ကြောင့် အစိုးရဝန်ကြီးဌာနများနှင့် မြန်မာနိုင်ငံတစ်ဝန်း သုံးစွဲနေသည့် ပုံနှိပ်မီဒီယာများအားလုံး ကွန်ပျူတာပုံနှိပ် ဖော်ပြရာတွင် အသုံးပြုနေသော တစ်ချောင်းငင် အရှည်နှင့် အတိုသုံးစွဲမှုကို ပြည်ထောင်စုအစိုးရအဖွဲ့က ဦးဆောင်၍ စနစ်တကျမှန်ကန်အောင် ညွှန်ကြားပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိ ကိုသိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မြန်မာစာရေးသားရာတွင် မြန်မာစာအဖွဲ့မှ ထုတ်ဝေသော မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းကို လိုက်နာကြရန် ပညာရေးဝန်ကြီးဌာနက ၃၀..၁၉၈၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (/၈၆) ဖြင့် ပြဋ္ဌာန်းပြီးဖြစ်ပါကြောင်း၊ အဆိုပါ စာလုံးပေါင်းသတ်ပုံကျမ်းသည် ယနေ့အထိ အတည်ပြု ပြဋ္ဌာန်းဆဲ ဖြစ်သည့်အပြင် လိုက်နာဆောင်ရွက် ကျင့်သုံးလျက်ရှိပါကြောင်း၊ အနှစ် ၃၀ ကျော် ကာလရှိသော အဆိုပါကျမ်းကိုလည်း ပြင်ဆင်ဖြည့်စွက်ထုတ်ဝေ နိုင်ရန်အတွက် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ရေးထုံးအနေဖြင့် အစဉ်အလာရေးခဲ့သည့် စာလုံးပေါင်း ဖြစ်ပါကြောင်း၊ အက္ခရာရေးဆွဲပုံ၊ အက္ခရာပုံသဏ္ဌာန်၊ စာလုံးပေါင်းသတ်ပုံတို့သည် ရေးထုံးတွင် အကျုံးဝင်ပါကြောင်း၊ စာလုံးပေါင်းအနေဖြင့်  ဗျည်း၊ သရ၊ ယပင့်၊ ရရစ်၊ ဝဆွဲ၊ ဟထိုး၊ အသတ် စသည်တို့ကို စာလုံးဖြစ်အောင် ရေးသားရသည့် ရေးထုံးနည်းဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီး မေးမြန်းတင်ပြထားသည့် ပြု၊ မှူးနှင့်အလှူ တစ်ချောင်းငင်အရှည်နှင့် နှစ်ချောင်းငင် အရှည်များဖြင့် ရေးသားမှုများကို တင်ပြထားချက်များမှာ ပြဋ္ဌာန်းထားသည့် စာလုံးပေါင်းသတ်ပုံကျမ်း စာမျက်နှာ ၇၉၊ စာမျက်နှာ ၁၀၄ စာမျက်နှာ ၁၃၈ တို့တွင် ထိုကဲ့သို့ တစ်ချောင်းငင်အရှည်၊ နှစ်ချောင်းငင် အရှည်များဖြင့်ရေးရန် ပြဋ္ဌာန်းထားသည်ကို သတ်ပုံစာအုပ် အထောက်အထားဖြင့် တင်ပြအပ်ပါကြောင်း၊ စာပေသည် လူမျိုး၏အသက်ဖြစ်ပါကြောင်း၊ ပညာမြင့်မှ လူမျိုးတင့်မည် ဖြစ်ပါကြောင်း၊  ပြည်သူများ၏ အဓိကအလင်းရောင်မှာလည်း ပညာတန်ဆောင်သာ ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၅၀ တွင် မြန်မာစာသည် ရုံးသုံးစာဖြစ်သည်ဟု ပြဋ္ဌာန်းပါရှိပါကြောင်း၊ ထို့ပြင် ပုဒ်မ ၄၅၂ နှင့် ၄၅၄ တို့တွင် မြန်မာစာပေအခန်း ကဏ္ဍအရေးပါပုံကိုလည်း ပြဋ္ဌာန်းပြီး ဖြစ်ပါကြောင်း၊  လွှတ်တော် ကိုယ်စားလှယ်ကြီး တင်ပြထားသည့် တစ်ချောင်းငင်အတို၊ တစ်ချောင်းငင်အရှည်၊ နှစ်ချောင်းငင်အတို၊ နှစ်ချောင်းငင်အရှည်သုံးစွဲမှုသည် စာလုံးပေါင်းသတ်ပုံ ဆိုရင်းထက် အရေးပုံရိပ် မျှသာဖြစ်ပြီး သတ်ပုံမှားယွင်းမှု မဟုတ်ပါကြောင်းနှင့် ဖော်ပြပါ ပြု၊ မှူးနှင့် အလှူစသည်တို့ ဖော်ပြထားခြင်းသည် ပြဋ္ဌာန်းထားသည့် စာလုံးပေါင်းသတ်ပုံကျမ်းစာအုပ်ပါ အရေး ပုံရိပ်အတိုင်းရေးသားခြင်း ဖြစ်ပါကြောင်းနှင့် စာလုံးပေါင်းသတ်ပုံ မှန်ကန်ရေး လုပ်ငန်းစဉ်များသည် ယခင်က ဆောင်ရွက်ပြီးလုပ်ငန်းနှင့် ယခုဆက်လက်ဆောင်ရွက်ဆဲ လုပ်ငန်းများ ဖြစ်ပါကြောင်း ဖြင့် ဖြေကြားခဲ့ပါသည်။

 

ဦးမောင်မောင် (ထီးချိုင့်မဲဆန္ဒနယ်) မှ ဆက်စပ်မေးခွန်းအားမေးမြန်းပါသည်။

ဟထိုး၊ နှစ်ချောင်းငင်မှူးက ကွန်ပျူတာတွင် အခက်အခဲရှိပါကြောင်း၊  မိမိမနေ့က ကွန်ပျူတာ စီသည့်အခါ၊ Power Point ပြုလုပ်ရာတွင် တော်တော်ဒုက္ခတွေ့ပါကြောင်း၊  ယနေ့နိုင်ငံတော် သတင်းစာများတွင် ပါနေသည့် ၎င်းအမှားကြီးကို ဆက်ပြီးမပါစေလိုပါကြောင်း၊ မိမိတို့ လွှတ်တော်ထဲတွင်ထုတ်သည့် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များတွင် ၎င်းဟထိုး၊ နှစ်ချောင်းငင်အရှည်နှင့် သုံးထားခြင်းဖြစ်ပါကြောင်း၊ တကယ်တမ်းက စာစီသည့် နေရာတွင် အခက်အခဲရှိပါကြောင်း၊ ၎င်းကို နိုင်ငံတော်မှ မမှားသင့်သည့်အမှားကို မြန်စာအရေးအသား မှန်ကန်ရန်အတွက် မည့်ကဲ့သို့ ပြင်ဆင်ပေး၍ ပြင်ဆင်ပေးနိုင်ရန်အတွက် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်းဖြင့်  ဆက်စပ်မေးခွန်းအားမေးမြန်းပါသည်။

 

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဝင်းမော်ထွန်း

မြန်မာစာအရေးအသား၊ ရေထုံး၊ သတ်ပုံတို့နှင့်ပတ်သက်၍ အဆုံးအဖြတ်ပေးနိုင်ရန် သက်ကြီး မြန်မာစာပေပညာရှင်များ ပါဝင်သည့် မြန်မာစာအဖွဲ့ကို မိမိတို့ဖွဲ့စည်းဆောင်ရွက် ထားပါကြောင်း၊  ကိုယ်စားလှယ်တော်ကြီး တင်ပြချက်များနှင့် စပ်လျဉ်းပြီး မြန်မာစာအဖွဲ့၏ အဆုံးအဖြတ်ကို ရယူ ဆောင်ရွက်မည် ဖြစ်ပါကြောင်းဖြင့် ဆက်စပ်မေးခွန်းအား ပြန်လည်ဖြေကြားခဲ့ပါသည်။