ဥတ္တရသီရိမြို့နယ်တွင် ၂၀၁၇ ခုနှစ်အတွင်း သစ်တောပယ်ဖျက်ထားသော ကျေးရွာ(၁၁)ရွာ၏ ရွာမြေ၊ လယ်မြေနှင့် အများပိုင်မြေများ သတ်မှတ်တိုင်းတာရာတွင် ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်း မရှိသည့် အကြောင်းအရာနှင့်စပ်လျဉ်း၍ စာရွက်ပေါ်မှ စာရင်းနှင့်မြေပြင်အမှန်တကယ်ရှိသော စာရင်း မှန်ကန်အောင် မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင့် ပယ်ဖျက်ထားသော ရွာနယ်နိမိတ်များနှင့် လယ်မြေများပြည်သူလက်ဝယ်ရောက်ရှိပြီး ပုံစံ(၇)ရရှိရေး တာဝန်ရှိသော ဌာနများ မည်သို့ပေါင်းစပ်ဆောင်ရွက်နေပြီး မည်သည့်အချိန်တွင် ပြီးစီးအောင် ဆောင်ရွက်ပေးမည် ကို သိလိုခြင်းတို့နှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိမဲဆန္ဒနယ်ဖြစ်သော ဥတ္တရသီရိမြို့နယ်သည် ပဲခူးရိုးမနှင့်ထိစပ်နေသော ကျေးရွာအများစုပါဝင် ဖွဲ့စည်းထားပါကြောင်း၊ နေပြည်တော်ဖြစ်လာသည့်အချိန်တွင် စီမံကိန်းနှင့်ပတ်သက်သည့် အရာများတွင် ကြိုးဝိုင်းပယ်ဖျက်ခြင်း၊ ဆောင်ရွက်ခြင်းများရှိခဲ့သော်လည်း ဒေသခံများဖြစ်သော သစ်တောတွင်းရှိ ကျေးရွာအများစု၊ ၎င်းတို့လုပ်ကိုင်နေသော လယ်ယာမြေများ ပယ်ဖျက်နိုင်ရန် မရှိခဲ့ပါကြောင်း၊ မိမိတို့ ၂၈-၁၂-၂၀၁၆ ရက်နေ့တွင် လယ်မြေများကို ပုံစံ (၇) ရရှိရေး၊ သစ်တောရွာများကို ပယ်ဖျက်ရေး နေပြည်တော်ကောင်စီကို တင်ပြခဲ့ပြီးနောက် ၂၈-၂-၂၀၁၇ ရက်နေ့တွင်လည်း ပြည်သူ့လွှတ်တော်တွင် မေးခွန်းမေးမြန်း ခဲ့ပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနက ဥတ္တရသီရိမြို့နယ်ရှိ အိမ်ခြေ ၅၀ အထက် ကျေးရွာ (၁၁) ရွာကို ပယ်ဖျက် ပေးမည်ဟု ဖြေကြားသွားပါကြောင်း၊ ၃-၄-၂၀၁၇ ရက်နေ့တွင် (၄၆/၂၀၁၇) ၊ ၁-၆-၂၀၁၇ ရက်နေ့တွင် (၈၁/၂၀၁၇) သစ်တောပယ်ဖျက်အမိန့်ဖြင့် ကျေးရွာ (၁၁) ရွာကို ပယ်ဖျက် ခဲ့ပါကြောင်း၊
ပယ်ဖျက်ထားသော ကျေးရွာများကို ရွာမြေများ၊ သာသနာပိုင်မြေများ၊ အများပိုင်မြေများကို တိကျမှု ရှိစေရန်နှင့် ပယ်ဖျက်ပြီးလယ်မြေများ ပုံစံ (၇) ရရှိပြီး တောင်သူများ စိုက်ပျိုးစရိတ် ထုတ်ချေးနိုင်ရန် အတွက် သက်ဆိုင်ရာဌာနများက ဆောင်ရွက်နေခြင်း ပြီးစီးမှုရှိ/မရှိ မိမိတို့မေးမြန်းခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ်အထိ ဆောင်ရွက်ပြီးစီးမှုမရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ၁၆-၄-၂၀၁၈ ရက်နေ့တွင် နေပြည်တော်ကောင်စီကို တင်ပြသော်လည်း ဌာနချင်းညှိနှိုင်းမှု မရှိသည်ကို တွေ့ရှိရ ပါကြောင်း၊ တိကျသည့်ဆောင်ရွက်ချက်များ မရှိခဲ့သည့်အတွက် စာရင်းများလွဲမှားနေသည်ကို တွေ့ရှိရပါကြောင်း၊
ပြည်သူအချို့က ဆက်လက်မေးမြန်းပေးပါဟု တင်ပြလာသည့်အတွက် သက်ဆိုင်ရာဌာန အသီးသီးနှင့် ညှိနှိုင်းဆွေးနွေးပြီး သစ်တောက ပယ်ဖျက်သည့်စာရင်းတွင် လွဲနေသည်ဟု သိရပါကြောင်း၊ ယခင်ကတည်းက မိမိတို့သိပါကြောင်း၊ မေးခွန်းဖြေဆိုနေလျက်က စာရင်းများလွဲနေသည်ဟု မိမိတို့တင်ပြခဲ့ဖူးပါကြောင်း၊ တင်ပြထားသည့် စာရင်းပယ်ဖျက်ခဲ့ပါက ကျန်ရှိသည်များကို ဆက်လုပ်နိုင်မည် ဖြစ်သည့်အတွက် စောင့်ဆိုင်းနေခဲ့ပါကြောင်း၊ မြေစာရင်းကို မိမိတို့ခေါ်ပေးသည့်အခါ သစ်တောကပေးသည့် Point နေရာလွဲနေပါကြောင်း၊ မြေစာရင်းက တစ်ခါတရံ သစ်တောကရွာဟု သတ်မှတ်သော်လည်း အဆိုပါနေရာက ရွာမဟုတ်ဘဲ ကုန်းဖြစ်လျှင် ဖြစ်နေပါကြောင်း၊ ၎င်းကဲ့သို့ လွဲနေသည့်အတွက် ပယ်ဖျက်ရန်အခက်အခဲများ ကြုံသည်ဟု ရှင်းပြခဲ့ဖူးပါကြောင်း၊ သက်ဆိုင်ရာမည်သည့် ဌာနတွင် အဓိကတာဝန်ရှိသည်၊ သစ်တောတွင် တာဝန်ရှိသည်၊ သစ်တောကလည်း ပယ်ဖျက်ပြီးနေပြီ ဖြစ်သည့်အတွက် မြေစာရင်းတွင် တာဝန်ရှိလား၊ သစ်တောတွင် တာဝန်ရှိလား၊ အဆိုပါနှစ်ခုကို ညှိနှိုင်းပေါင်းစပ်မှု ဆောင်ရွက်စေလိုသည့်အတွက် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ နေပြည်တော် ကောင်စီနှင့် တာဝန်ရှိဌာနဆိုင်ရာအသီးသီးကိုလည်း မိမိတို့ အခါအားလျော်စွာ ၎င်းတို့နှင့် ပတ်သက်၍ အမြဲတမ်းဆွေးနွေး ညှိနှိုင်းတိုင်ပင်ပါကြောင်း၊
သို့သော် ၂၀၁၉ ခုနှစ်အထိ ပြီးစီးမှု၊ ဆောင်ရွက်နေမှု အားနည်းချက်များစွာကို တွေ့နေရပါကြောင်း၊ ၁-၆-၂၀၁၇ ရက်နေ့က ပယ်ဖျက်ထားသည်က ၂၀၁၉ ခုနှစ်တွင် ပြီးစီးအောင်ဆောင်ရွက်မှု အားနည်းချက်များ ရှိနေသည့်အတွက် ၂၀၁၇ ခုနှစ်ကပယ်ဖျက်ထားသော ကျေးရွာ (၁၁) ရွာ၏ ရွာမြေ၊ လယ်မြေနှင့် အများပိုင်မြေများကို မြေပြင်တွင် အမှန်ရှိနေသော စာရင်းကို မှန်ကန်အောင် မည်သို့ဆောင်ရွက်နေသည်ကို သိရှိလိုခြင်းနှင့် ပယ်ဖျက်ထားသော ကျေးရွာများ၏ နယ်နိမိတ်များ၊ အများပိုင်မြေများ တိကျပြီး စိုက်ပျိုးလယ်မြေများပုံစံ (၇) ရရှိ၍ တာဝန်ရှိသက်ဆိုင်ရာ ဌာနများက မည်ကဲ့သို့ ပေါင်းစပ်ပြီး၊ မည်သည့်အချိန်တွင် ပြီးစီးအောင် ဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသည့် မြေနေရာများသည် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်းက ကြိုးဝိုင်းတောမြေ အဖြစ်မှ ပယ်ဖျက်ခဲ့သည့်နေရာများ ဖြစ်ပါကြောင်း၊ ကိုင်းကြိုးဝိုင်းမှ ၁၁၃.၈၉၃ ဧက၊ ပလွေး ကြိုးဝိုင်းမှ ၃၇.၃၀ ဧက၊ တောင်ညိုကြိုးဝိုင်းမှ ၁၀.၅၅ ဧကနှင့် ငလိုက်ကြိုးဝိုင်းမှ ၆၁၇.၆၈၃ ဧက စုစုပေါင်း ၇၇၉.၄၂၆ ဧကကို ပယ်ဖျက်ပေးခဲ့ပါကြောင်း၊ ပယ်ဖျက်ပေးခဲ့ရသည့် အကြောင်းအရင်း မှာ လယ်မြေအဖြစ် ၅၅၃ ဧကကျော်၊ ရွာမြေအဖြစ် ၁၈၁ ဧကကျော် အများပိုင်/ သာသနာမြေအဖြစ် ၄၄ ဧကကျော် အသုံးပြုနိုင်ရန်အတွက် ပယ်ဖျက်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ကြိုးဝိုင်းတောမြေအဖြစ် က ပယ်ဖျက်ပေးခဲ့သည့် ဧရိယာများ ဥတ္တသီရိမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ ပါဝင်သည့်အဖွဲ့များ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည့်အခါ လက်ရှိမြေပြင် စစ်ဆေးပြီးသည်အထိ ကြိုးဝိုင်းများအနေအထားမှာ ကိုင်းကြိုးဝိုင်းမှ ပယ်ဖျက်သောဧက ၁၁၄ ဧကခန့်၊ တောင်ညိုကြိုးဝိုင်းမှ ပယ်ဖျက်သောဧက ၁၀ ဧကကျော်၊ ငလိုက်ကြိုးဝိုင်းမှ ပယ်ဖျက်သောဧက ၁၉ ဧကခန့် စုစုပေါင်း ၁၄၃ ဧကကျော်သည် ကြိုးဝိုင်းတောမြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့သော အမိန့်စာပါ မြေပုံညွှန်း၏ အပြင်ဘက် (သစ်တောဧရိယာမှ ပယ်ဖျက်ခြင်း မရှိသေးသည့်ဧရိယာ) အတွင်း ကျရောက်နေပါကြောင်း၊ ကွင်းဆင်းစစ်ဆေးရန် ကျန်ရှိနေသော ပလွေးကြိုးဝိုင်းမှ ပယ်ဖျက်ဧရိယာနှင့် ငလိုက်ကြိုးဝိုင်းမှ ပယ်ဖျက်ဧရိယာ များကိုလည်း ဆက်လက်စိစစ် ဆောင်ရွက်လျက် ရှိပါကြောင်း၊
မြေပြင်တွင် မြေယာအနေအထားများ အနည်းနှင့်အများ ရှုပ်ထွေးမှုရှိကြပါကြောင်း၊ ယခုကဲ့သို့ ကြိုးဝိုင်းတောမြေအဖြစ်မှ ပယ်ဖျက်ခဲ့သည့်အနေအထားမှာ မြေပြင်တည်ရှိမှုအခြေအနေ ကွဲလွဲမှုများကို သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပြီး အမှန်တည်ရှိသော ဧရိယာများကို စိစစ်ရရှိမှသာ မြေအတိုင်းအတာလုပ်ငန်း၊ မြေပုံထုတ်ခြင်း လုပ်ငန်းများကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ပြီးသွားမှသာ ၂၀၁၇ ခုနှစ်၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ်ပုံစံ (၇) ထုတ်ပေး နိုင်ရန် သက်ဆိုင်ရာလယ်ယာမြေ စီမံခန့်ခွဲမှုအဆင့်ဆင့်မှ စိစစ်ဆောင်ရွက်သွားနိုင်သည့် အခြေအနေ ဖြစ်ကြောင်း နေပြည်တော်ကောင်စီ၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ရှင်းလင်း ဖြေကြားပါသည်။
ဦးကျော်မင်းလှိုင် (ဥတ္တရသီရိမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
အချို့အခြေအနေများက မိမိတို့သိနေပြီးသား ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ အောက်ခြေဌာန အဆင့်ဆင့်တွင် မိမိတို့အမြဲတမ်း တွေ့ဆုံဆွေးနွေးပြီး အလွဲအမှားများကြောင့် မေးမြန်းနေခဲ့ ပါကြောင်း၊ ဆိုလိုသည်မှာ မည်သူကမှားနေပြီး အဘယ်ကြောင့်လုပ်မရသနည်း၊ ဒုတိယဝန်ကြီး ဖြေကြားသွားရာတွင် သစ်တောကြိုးဝိုင်းအတွင်း တည်နေရာများလွဲနေပါကြောင်း၊ ၂၀၁၇ ကတည်း က ပယ်ဖျက်ထားပါကြောင်း၊ ယခုပယ်ဖျက်သည့် စာရင်းတွင်လည်း ဥတ္တရသီရိမြို့နယ်က အဓိက သစ်တောအတွင်း လယ်မြေစာရင်းက ၂၀၁၅ ကကောက်ထားပါကြောင်း၊ ၄၆၄၈ ဧကကျော် လယ်ယာမြေ ရှိပါကြောင်း၊ ၎င်းတို့ကိုဆောင်ရွကရန် လုပ်ငန်းစဉ်များ ကျန်နေသေးပါကြောင်း၊ စာရင်းများကို အမှန်ရရှိမှသာကျန်သည့် စာရင်းများကို ဆက်လက်ဆောင်ရွက် နိုင်မည်ဖြစ်သည့် အတွက် မေးမြန်းနေရခြင်း ဖြစ်ပါကြောင်း၊ လက်ရှိမြေပြင်တွင် စုစုပေါင်း ၁၃၁၃.၄၇၇ မြေစာရင်းတွင်လည်း စာရင်းရှိပါကြောင်း၊ ယခုပယ်ဖျက်လိုက်သောစာရင်း ၇၇၉.၄၂၆ ကို ၁-၆-၂၀၁၇ နောက်ဆုံးထားပြီး ပယ်ဖျက်လိုက်ပါကြောင်း၊ ပယ်ဖျက်လိုက်သည့် အနေအထားအပေါ် မည်သည့်အချိန်တွင် ပြီးစီးအောင် ဆောင်ရွက်မည်နည်း၊ အကုန်လုံးကို မှန်အောင်လုပ်နိုင်မလား၊ ယခုသက်ဆိုင်ရာ မြေစာရင်းဦးစီးဌာန၊ နေပြည်တော်ကောင်စီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ဖြေကြားပါကြောင်း၊ အဓိကက မှားနေသည်မှာ သစ်တောကစပြီး လွှဲဆိုကတည်းက မှားနေပါကြောင်း၊ အချက်အလက်များကို ဆက်လက်၍ ပြန်လည်ညှိနှိုင်းပြီး သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၊ အုပ်ချုပ်ရေးနှင့် သက်ဆိုင်ရာပြည်သူလူထု ပါသည့်အတွက်၊ မှားနေသည်ကို သိနေသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ၎င်းအမှားများကို တိတိကျကျဖော်ပြပြီး သက်ဆိုင်ရာသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် ညှိနှိုင်းပေါင်းစပ်ပြီး ဖြေရှင်းပေးနိုင်မှုရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
လွှတ်တော်ကိုယ်စားလှယ်ကြီးအနေဖြင့် လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်ရန်အတွက် ဆက်စပ်မေးခွန်း မေးမြန်းသည်ဟု ခံယူပါကြောင်း၊ အဆိုပါ လုပ်ငန်းတွင် အပိုင်းနှစ်ပိုင်း ပါရှိပါကြောင်း၊ အဓိကက သစ်တောဧရိယာမှ ပယ်ဖျက်လိုက်သော ဧရိယာပေါ်ထွက်လာမှ ဒုတိယအဆင့်အနေဖြင့် လိုအပ်သောမြေ တိုင်းတာခြင်း လုပ်ငန်းများကို ဆောင်ရွက်ပြီး ပုံစံ (၇) ထုတ်ပေးရမည့် အနေအထားဖြစ်ပါကြောင်း၊ ထို့ကဲ့သို့ ဆောင်ရွက်သည့်အခါ သစ်တောဦးစီးဌာန၏ လုပ်ငန်းတစ်ခုကို အခြေခံထားသော်လည်း သက်ဆိုင်ရာ ဒေသနေပြည်တော်ကောင်စီ အောက်ရှိ ဌာနအဖွဲ့အစည်းများ၏ ပေါင်းစပ်ညှိနှိုင်း မှုကလည်း လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသကဲ့သို့ အမှန်အရေးကြီးပါကြောင်း၊ ၎င်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွား နိုင်ရန်အတွက် အဆိုပါအဖွဲ့များသည် ညှိနှိုင်းပေါင်းစပ်မှု ကောင်းကောင်းဖြင့် ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အဆင့်နှစ်ဆင့် ရှိသည့်အလျောက် ကြိုးဝိုင်းတောမြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့ပြီး ထွက်ပေါ်လာသော မြေများကိုရရှိမှသာ မြေစာရင်းကိုအတိအကျ သိမှသာ မိမိတို့ ပုံစံ (၇) ထုတ်ပေးနိုင်မည့် အခြေအနေဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။
