အဆိုပါလမ်းသည် ၂၀၁၈-၁၉ ခြောက်လဘတ်ဂျက်တွင် ပြည်ထောင်စု လွှတ်တော်အတည်ပြုပြီး့မှ ဘတ်ဂျက်လျှော့ခံရသဖြင့် မရရှိခဲ့သည့်လမ်း ဖြစ်ပါကြောင်း၊ ၂၀၁၈-၁၉ တစ်နှစ်ဘတ်ဂျက်တွင်လည်း ထပ်မံမျှော်လင့်ပါသေးကြောင်း၊ သို့သော် အဆိုပါလမ်းသည် ပါဝင်လာခြင်း မရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ၎င်းလမ်းများ ပါဝင်ခြင်းရှိမည်လားဆိုသည့် မျှော်လင့်ချက်ဖြင့် မေးရခြင်းဖြစ်ပါကြောင်း၊ ထိုလမ်းသည် တစ်မိုင်နှင့် ၆ ဖာလုံ အရှည်ရှိပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ကျောက်ချောလမ်းအဖြစ် ဖြစ်ခဲ့ပါကြောင်း၊ တချို့နေရာများတွင် ကျောက်ချောလမ်းပြီး၊ အချို့နေရာများတွင် လမ်းပျက်သည့်အတွက် မြေသားလမ်းအသွင် ဖြစ်နေပါကြောင်း၊ အမှန်တကယ် ၎င်းလမ်းသည် ကျေးရွာ ၁၈ ရွာအထိ ထိစပ်နေပြီး ကြို့ကုန်း အထက်တန်းကျောင်းကို ရွာအနီးချုပ်စပ်က ကျောင်းလာတက်သည့် သူများအလွန်များသည့်အတွက် ကျောင်းသားလမ်းကဲ့သို့ ဖြစ်နေပါကြောင်း၊ အိမ်ထောင်စုပေါင်း ၁၄၀၀ ခန့်ကို အကျိုးပြုပြီး တစ်ဖက်တွင် ရန်ကုန်-မြောင်းမြလမ်းကို ဦးတိုက်နေသည့် Class (A) အဆင့်ရှိသည့်လမ်း ဖြစ်ပါကြောင်း၊ တစ်ဖက်ကလမ်းအဆုံးတွင် အိမ်မဲတူးမြောင်း တံတားမှတစ်ဆင့် အိမ်မဲမြို့ကို တိုက်ရိုက်ဝင်ရောက်နိုင်သည့် အတိုဆုံးလမ်းလည်း ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် ၂၀၁၈-၁၉ ခြောက်လဘတ်ဂျက်ကတည်းက မျှော်လင့်နေပါကြောင်း၊ ယခုမိမိတို့ မြို့နယ်တွင် လွှတ်တော် ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာအသီးသီးပါဝင်သည့် စီမံကိန်းရေးဆွဲရေး ကော်မတီကလည်း ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် အဆိုပါလမ်းကို ဦးစားပေးအနေဖြင့် ရေးဆွဲထားခြင်း ဖြစ်သည့်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ထိုလမ်းလေးကို ဦးစားပေးထည့်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ မေးရခြင်းဖြစ်ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ကြို့ကုန်း-ကွင်းကလေးလမ်းအရှည် ၁ မိုင် ၆ ဖာလုံတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှစီမံခန့်ခွဲသော လမ်းဖြစ်ပါကြောင်း၊ အဆိုပါ လမ်းပိုင်းအား အကျယ် ၁၂ ပေ ကျောက်ချောလမ်းအဖြစ် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာ ၁၈ ရွာ၊ အိမ်ခြေပေါင်း ၁၃၅၄ အိမ်နှင့် လူဦးရေ ၆၀၀၀ ကျော်ကို အကျိုးပြုလျက်ရှိသဖြင့် အဆင့်မြှင့်တင်ရန် လိုအပ်လျက်ရှိပါကြောင်း၊
ကြို့ကုန်း-ကွင်းကလေးလမ်းသည် လမ်းအဆင့်သတ်မှတ်ချက်အရလည်း Class (A) ဦးစားပေး အဆင့် (၁) တွင် ပါဝင်သည့် လမ်းပိုင်းဖြစ်သည့်အတွက်ကြောင့် မိမိအနေဖြင့် ပြီးခဲ့သည့်ခြောက်လ ဘတ်ဂျက်တွင်လည်း စီမံကိန်းအသစ်များ မလုပ်ရသည့်အတွက်၊ မပါသည့်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေထည့်သွင်း ခဲ့ပါသော်လည်း ရန်ပုံငွေအခြေအနေအရ ဆောင်ရွက် ပေးနိုင်ခဲ့ခြင်း မရှိသည့်အတွက်လာမည့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေတွင် လျာထားထားပြီးဖြစ်ပါကြောင်း၊ ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီးဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရှင်းဖြေကြားပါသည်။
