လူကူးတံတားမဟုတ်သည့် မီးရထားတံတားပေါ်တွင် လုံခြုံမှုမရှိဘဲ နေ့စဉ်၊ လစဉ်၊ နှစ်စဉ် နိစ္စဓူဝ သွားချီပြန်ချီ ကူးသန်းနေရသည့်တံတားတစ်စင်း မိမိတို့တောမြို့လေးတွင် ရှိပါကြောင်း၊ လုံခြုံမှုမရှိသည့် တံတားပေါ်မှနေပြီး ဖြတ်သန်းနေစဉ် ပြုတ်ကျ၍ အသက်များ ဆုံးရှုံးခဲ့ရခြင်းများ ရှိပါကြောင်း၊ လက်ပံတန်းမြို့တွင် အင်္ဂလိပ်အစိုးရ အုပ်ချုပ်စဉ်အခါက တည်ဆောက်ခဲ့သည့် အင်္ဂလိပ်ခေတ် အငွေ့အသက်အဖြစ် ကျန်နေခဲ့သည့် တံတားများယခုထက်ထိ ရှိနေသေးကြောင်း၊ လွတ်လပ်ရေးသမိုင်းတစ်လျှောက် ဗုံးဒဏ်အကြိမ်ကြိမ်ခံခဲ့ရသည့် မြန်မာပြည်တွင် အဆောဆုံး ဖောက်လုပ်ခဲ့သည့် ရန်ကုန်-ပြည်မီးရထားလမ်းပေါ်ရှိ လက်ပံတန်းမြို့အဝင် တာဆိပ်ချောင်းကူး မီးရထားတံတားကို ပဉ္စမအကြိမ် အစည်းအဝေးတွင် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် သံကူကွန်ကရစ်တံတား စတင်တည်ဆောက်ပေးမည် ဖြစ်ပါကြောင်း၊ တာဆိပ်ချောင်းကူး မီးရထားတံတားကို ကျေးရွာအုပ်စု ၅၃ အုပ်စုအနက် တာဆုံးကျေးရွာအုပ်စုက ကျေးရွာသူ/ရွာသားများ လက်ပံတန်းမြို့နှင့် ဆက်သွယ်ရာတွင် လူကူးတံတားမရှိသည့်အတွက် ၎င်းမီးရထားတံတားကို အားပြုသွားလာနေရသည်မှာ တံတားစတင် တည်ဆောက်စဉ်ကတည်းက ယနေ့ထိ ဖြစ်ပါကြောင်း၊ အသက်အန္တရာယ်နှင့်ရင်းပြီး နေ့စဉ်ဖြတ်သန်းနေရသည့် တာဆိပ်မီးရထား တံတားအစား ၎င်းမီးရထားတံတား၏ အောက်ဘက်ထန်းပင်ကုန်း-ရှမ်းတော ကျေးလက်လမ်းနှင့် တာဆုံး-ရှမ်းတော ဆက်သွယ်ရေးလမ်းတို့ဆုံရာ ရှမ်းတောကျေးရွာမှ တစ်ဖက်ကမ်းတာဆိပ်-အိုးဖိုတန်းကို ဆက်သွယ်မည့် ခေတ်နှင့်လျော်ညီသည့် တံတားအသစ်တစ်စင်းကို လက်ပံတန်း မြို့နယ်၏ အနောက်တောင်ဘက် အရပ်တွင်ရှိသော ကျေးရွာ (၉) ရွာမှ ပြည်သူများ အသုံးပြုနိုင်ရန်အတွက် တာဆိပ်ချောင်းကူး သံဘေလီတံတားအသစ် တစ်စင်းကို မီးရထားတံတားနှင့်အပြိုင် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းကိုမေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ မိုးအိုင်ကျေးရွာအုပ်စု၊ ရှမ်းတောကျေးရွာနှင့် တာဆုံး ကျေးရွာအုပ်စု၊ ထန်းပင်ကုန်းကျေးရွာသို့ဆက်သွယ်သည့် ကျေးလက်လမ်းပေါ်ရှိ ရှမ်းတော-တာဆိပ်ချောင်းကူးတံတားသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ စီမံခန့်ခွဲသောတံတား ဖြစ်ပါကြောင်း၊ လက်ပံတန်းမြို့နယ်အတွင်းရှိ မိုးအိုင်ကျေးရွာ အုပ်စု၊ တာဆုံးကျေးရွာအုပ်စု၊ ချမ်းသာကုန်းကျေးရွာအုပ်စုနှင့် ဆင်ကူးရွာသစ်ကျေးရွာ၊ အုပ်စု လေးခုမှာရှိသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများတို့သည် လက်ပံတန်းမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်းသို့သွားသည့် နေရာတွင် ရထားသံလမ်းကူးတံတားမှ ခက်ခဲစွာ ဖြတ်သန်းသွားလာ နေရပါသဖြင့် တံတားတစ်စင်း တည်ဆောက်ပေးရန် လိုအပ်လျက် ရှိပါကြောင်း၊ တံတားတည်ဆောက် ပြီးစီးပါက ကျေးရွာအုပ်စုလေးအုပ်စု၊ ကျေးရွာပေါင်းကိုးရွာ၊ လူဦးရေပေါင်း ၄၀၀၀ ကျော်ကို လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်လာမည် ဖြစ်ပါကြောင်းနှင့် ရှမ်းတော-တာဆိပ်ချောင်းကူး ကွန်ကရစ်တံတား တည်ဆောက်နိုင်ရန်အတွက် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် လျာထားထားပြီး ဖြစ်ပါကြောင်း၊ ရန်ပုံငွေ ခွဲဝေရရှိမှုပေါ် မူတည်ပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
