လွိုင်ကော်မြို့နယ်ထဲတွင် ဘုရားဖြူ၏ မိုးဗြဲလက်ဝဲမြောင်းမကြီး မိုင်နာ (၁၉) အထိဖြစ်ပြီး ပေ အရှည်က ၂၂၀၀၀၊ အကျယ်က ၁၂ ပေ၊ အထူက ၁၂ လက်မဖြစ်ကြောင်း၊ ထို့ကြောင့် ဒေါပေါ်ကလဲ ကျေးရွာတွင် လူထုတွေ့ဆုံပွဲ လုပ်ုသည့်အခါ တောင်သူလယ်သမားများက တောင်းဆိုခြင်း ဖြစ်သောကြောင့် လက်ရှိမြေပြင်ပေါ်တွင် အလွန်ဆိုးရွားသည့် ကုန်ထုတ်လမ်း အခြေအနေရှိသဖြင့် တောင်းရခြင်းဖြစ်ပါကြောင်း၊ ၎င်းလမ်းကို ရာသီမရွေးသွားလာနိုင်သော ဒီမော့ဆိုမြို့နယ်အတွင်းရှိ ဘီလူးချောင်း၏ အနောက်ဘက် ကျေးရွာ ၁၂ ရွာ၊ ဘီလူးချောင်း၏ အရှေ့ဘက်တွင်ရှိသည့် လွိုင်ကော်ထဲက ကျေးရွာပေါင်း ၁၀ ရွာတို့သည် ဒေသခံများနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီး စီးပွားရေးကုန်ထုတ်လမ်းအဖြစ် အသုံးပြုနိုင်မည်ဖြစ်သကဲ့သို့ ရေသောက်စနစ် အတွင်းရှိ ကွင်းပေါင်း ၂၀၊ ရေသောက်ဧက က ၅၇၇၀၊ စပါးစိုက်ပျိုးသည့် တောင်သူက ၁၂၆၅ ဦး၊ လယ်မှ စပါးတင်းပေါင်းက လေးသိန်းခြောက်သောင်းကျော် ထွက်သည့်အတွက် လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ နောက်တစ်ခုက မိမိတို့မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲရေး ဟန်ချက်ညီသည့် MSCB ၏ စီမံကိန်းမူဝါဒ မဟာဗျူဟာ ၃ (၁) တွင်လည်း ကျေးလက်ဒေသ ဆင်းရဲမှုလျှော့ချရေးအတွက် အခြေခံလည်းရှိခြင်းကြောင့် ဘက်စုံမွေးမြူရေး အလေ့အထ ကုန်ထုတ်မျိုးစုံ ထုတ်လုပ်နိုင်စွမ်း စီးပွားရေးကိုလည်း ပံ့ပိုးမည်ဆိုသည့် အကြောင်းလည်း ပါဝင်ပါကြောင်း၊ UNDP ၏ SDG တွင်လည်း Low Poverty ဆင်းရဲမှုလျှော့ချသည့် Zero Hunger ၊ ၎င်းသည်လည်း Nutrition အပိုင်းတွင် Improve လုပ်သကဲ့သို့ Sustainable Agriculture ခေါ် စဉ်ဆက်မပြတ် စိုက်ပျိုးရေးတွင်လည်း အားပေးခြင်းဖြစ်သည့်အပြင် ကယားပြည်နယ်၏ စီမံကိန်းမူဝါဒ ရည်မှန်းချက်များနှင့် ကိုက်ညီသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် လမ်းအခြေအနေ ကြည့်မည်ဆိုလျှင် မြေသားလမ်းကို ဆင်းရဲသားတောင်သူ လယ်သမားများအတွက် ဆင်းရဲမှုဘဝမှ မြှင့်တင်နိုင်ရန် အဆိုပါလမ်းကို ကျောက်ချောလမ်းအဖြစ် လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ မရှိလျှင် မည်သည့်အတွက်ဖြစ်သည် ရှိလျှင်လည်း မည်သည့်အချိန်တွင် လုပ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ မိုးဗြဲဆည်ရေသောက်စနစ်အတွင်းရှိ ဘုရားဖြူကျေးရွာမှ ဒေါပေါ်ကလဲ ကျေးရွာအထိ ဆက်သွယ်ဖောက်လုပ်ထားသော လယ်ယာကုန်ထုတ် လမ်းသည် ဘီလူးချောင်း အရှေ့ဘက်တွင်ရှိသည့် ကျေးရွာ ၁၀ ရွာနှင့် အနောက်ဘက်ကမ်းတွင်ရှိသည့် ကျေးရွာ ၁၂ ရွာတို့အပြင် လွိုင်ကော်မြို့နှင့်ပါ ဆက်သွယ်သွားလာနိုင်သည့် လမ်းဖြစ်ပါကြောင်း၊ ဒေသအတွင်း လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာအထောက်အကူ ပြုသည့်လမ်းဖြစ်ပါကြောင်း၊ အဆိုပါ လယ်ယာကုန်ထုတ် လမ်းသည် မြေသားလမ်းဖြစ်ပြီး အလျား ပေ ၂၂၀၀၀၊ အကျယ် ၁၂ ပေခန့် ရှိပါကြောင်း၊ မိုးရာသီအတွင်း ဆက်သွယ်သွားလာရန် ခက်ခဲလျက်ရှိသည့်အတွက် ရာသီမရွေး ဆက်သွယ်သွားလာနိုင်ရန် ကျောက်ချောလမ်းခင်း ဖြစ်ရန်အတွက် လိုအပ်လျက်ရှိပါကြောင်း၊ စိစစ်သိရှိရပါသည်။ သို့ဖြစ်ပါ၍ ဘုရားဖြူ-ဒေါ်ပေါ်ကလဲ လယ်ယာကုန်ထုတ်လုပ်ငန်းကို ကျောက်ချောလမ်း ခင်းပေးနိုင်ရန် လိုအပ်သည့် မြေပြင်တိုင်းတာခြင်း လုပ်ငန်းများကို ဆောင်ရွက်ပြီး ခန့်မှန်းကုန်ကျငွေ များကိုလည်း တွက်ချက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ လိုအပ်လာမည့် ရန်ပုံငွေကို ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ ရန်ပုံငွေတွင် ထည့်သွင်းလျာထား တောင်းခံဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ရန်ပုံငွေ ရရှိသည်နှင့်အညီ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ကယားပြည်နယ် အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ရှင်းလင်း ဖြေကြားပါသည်။
ဒေါက်တာဒေါ်ခင်စည်သူ (လွိုင်ကော်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိတို့ MSDP တွက် ၂၀၁၈-၂၀၃၀ စီမံကိန်းစာအုပ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လက်ရှိအခြေအနေမှာ ဘတ်ဂျက်အနေအထားပေါ် မူတည်ပြီး စီမံကိန်းများ ရွေးချယ်လျက် ရှိပါကြောင်း၊ စီမံကိန်းရွေးချယ်ရာတွင် ငွေရေးကြေးရေး အခြေအနေကို ထည့်သွင်းစဉ်းစားရန် အရေးကြီးသော်လည်း နိုင်ငံအတွက် အမှန်တကယ် လိုအပ်သည့် စီမံကိန်းများကို ဦးစားပေး ရွေးချယ်ရန်မှာ ပို၍အဓိကဖြစ်ပါကြောင်း၊ ပြည်သူပြည်သားများအတွက် ကောင်းကျိုးအများဆုံး ဆောင်ကြဉ်း ပေးနိုင်သော စီမံကိန်းများကို ရွေးချယ်အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ပြောထားသိကို သိရှိရပါကြောင်း၊ ယခု ဒုတိယဝန်ကြီးက မိမိတို့ကို ပြည်နယ်အစိုးရနှင့် တိုင်ပင်ပြီးမှ လျာထားပေးသည့်အတွက်၊ မြေပြင်ကိုလည်း တိုင်းတာပေးမည်ဖြစ်သည့်အတွက် အများကြီး ကျေးဇူးတင်ရှိပါကြောင်း၊ သို့သော် ၎င်းလျာထားချက်တွင် ပထမဦးစားပေး အဖြစ်ဆောင်ရွက်ပေးမည်လား၊ ပြီးလျှင်တိတိကျကျ ကျစ်ကျစ်လစ်လစ်ဖြင့် သေသေချာချာ လုပ်ထားခြင်းရှိပါသလား ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
မိမိတို့ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်သည့်အခါ အရာရာမပြည့်စုံသည့် အလျောက်၊ လိုအပ်ချက်များ ရှိနေဆဲဖြစ်ပါကြောင်း၊ ထို့ကြောင့် ယင်းပေါ်အခြေတည်ပြီး ဦးစားပေးလုပ်ငန်းများကို စိစစ်ပြီး ဘတ်ဂျက်၏ အကန့်အသတ်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရသည့် အခြေအနေမျိုး ဖြစ်ပါကြောင်း၊ ယခု လွိုင်ကော်မြို့နယ်၊ ဘုရားဖြူကျေးရွာတွင် တည်ရှိသည့် ဘုရားဖြူရွာမှ မိုးဗြဲလက်ဝဲမြောင်းမကြီး မိုင်နာ (၁၉) အထိ ပေ ၂၂၀၀၀ ရှည်သည့် ကုန်ထုတ်လမ်းကို ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်သွားနိုင်ရန်အတွက် ကယားပြည်နယ် အစိုးရအဖွဲ့၏ ဦးစားပေးတွင် ထည့်သွင်းဆောင်ရွက် ပေးသွားနိုင်ရန် သက်ဆိုင်ရာပြည်နယ် အစိုးရအဖွဲ့ကို ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
