ခေါင်လန်ဖူးမြို့နယ်သည် မြန်မာနိုင်ငံ၏မြောက်ဘက်တွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ ၄၆၈၀ တွင်တည်ရှိသည့် တောင်ပေါ်မြို့လေး တစ်မြို့ဖြစ်ပြီး ဌာနဆိုင်ရာရုံး ၁၉ ရုံး၊ ကျေးရွာ အုပ်စု ၂၃ အုပ်စုရှိပါကြောင်း၊ ဌာနဆိုင်ရာ ရုံးအများဆုံးမှာ ဒေသတွင်ထွက်ရှိသည့် ပျဉ်ခင်း၊ ပျဉ်ကာ အဆောက်အဦများသာဖြစ်ပြီး နှစ်စဉ်မိုးများရွာသွန်းသည့်အတွက် မိုးဒဏ်လေဒဏ်ကြောင့် မကြာ ခဏပျက်စီး ပြုပြင်ထိန်းသိမ်းနေရပါကြောင်း၊ မြန်မာ့ဆက်သွယ်ရေးအဆောက်အဦသည် ခေါင်လန်ဖူး မြို့နှင့် ပူတာအိုလမ်းမကြီးဘေးတွင်တည်ရှိပြီး အဆောက်အဦတစ်ခုလုံးမှာ ပျဉ်ခင်း၊ ပျဉ်ကာ အဆောက်အဦများသာ ဖြစ်သည့်အတွက် များစွာဟောင်းနွမ်းပျက်စီးနေပါကြောင်း၊ ဝန်ကြီးဌာနမှ အနည်းငယ်သာပြင်ထားပြီး လိုအပ်ချက်များစွာရှိနေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ အဆောက် အဦတစ်ခုလုံးမှ မိုးမလုံ၊ လေမလုံဖြစ်နေသည့်အတွက် ရုံးဌာနအဆောက်အဦနှင့် သင့်တော်သော အဆောက်အဦဖြစ်စေရန် အတွက် မြန်မာ့ဆက်သွယ်ရေးနှင့်ပတ်သက်သည့် အဆောက်အဦများအား အမြန်ဆုံးဆောက်လုပ် ပြုပြင်ပေးရန်အစီအစဉ်ရှိ/မရှိ ကိုသိလိုပါကြောင်း မေးမြန်းပါသည်။
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ရှိ မြေအကျယ် အလျား ၂၀၀ ပေ x အနံ ၈၀ ပေ၊ ဧရိယာ အားဖြင့် ဝ.၂၆၇ ဧကရှိသောဝန်းအတွင်း ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုးဖြင့် စာတိုက်ရုံး၊ စာတိုက်ဝန်ထမ်း အိမ်ရာ၊ CDMA-450 MHz စခန်းသည် ယခင် ကြေးနန်းရုံး ဖြစ်ပြီး မီးစက်ခန်းသည် ယခင်က ကြေးနန်း ဝန်ထမ်းအိမ်ရာဖြစ်ပါကြောင်း၊ စုစုပေါင်း အဆောက်အဦလေးလုံးရှိပြီး ၁၉၉၆ ခုနှစ်တွင် တည်ဆောက် ခဲ့သည့်အတွက် ၂၂ နှစ်ခန့်ကြာမြင့်ခဲ့ပြီ ဖြစ်ပါကြောင်း၊ CDMA-450 MHz စခန်းနှင့် မီးစက်ခန်းတို့မှာ သဘာဝ ဘေးဒဏ်ကြောင့် အဆောက်အဦ၏အမိုး၊ နံရံနှင့် ကြမ်းခင်းတို့မှာ ဟောင်းနွမ်း ဆွေးမြေ့ ပျက်စီးနေ သည့်အတွက် ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် Kinetic Co.,Ltd နှင့် ၁၅-၆-၂၀၁၈ ရက်နေ့တွင် လုပ်ငန်းအပ်နှံစာချုပ်ချုပ်ဆိုခဲ့ပြီး ၃၀-၆-၂၀၁၈ ရက်နေ့တွင် ပြုပြင်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပြီး ၁၀-၉-၂၀၁၈ ရက်နေ့တွင် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပါကြောင်း၊ စာတိုက် လုပ်ငန်းသည် ယခင်က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကြီးကြပ်မှုအောက်တွင်ရှိသည့် လုပ်ငန်း တစ်ခုဖြစ်သော်လည်း ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်ကစပြီး မြန်မာ့စာတိုက်လုပ်ငန်းကို နိုင်ငံတော်ပိုင် လုပ်ငန်းအဖြစ် သီးခြားရပ်တည် ဆောင်ရွက်ခဲ့သည့်အတွက် ခွဲဝေချထားပေးသော ပြည်ထောင်စု ရန်ပုံငွေဖြင့် အသုံးစရိတ်များကို ကျခံသုံးစွဲရပါကြောင်း၊ မြန်မာ့စာတိုက်လုပ်ငန်း အနေဖြင့် စာတိုက်ရုံး ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုးတစ်ထပ်အဆောက်အဦအား နယ်မြေဒေသ အခြေအနေ နှင့်ကိုက်ညီမည့် အဆောက်အဦအသစ် အစားထိုးဆောက်လုပ်ပေးနိုင်ရေးအတွက် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ငွေလုံး ငွေရင်းရန်ပုံငွေတွင် ထည့်သွင်းတောင်းခံ၍ ရန်ပုံငွေရရှိပါက ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
