ဆောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူးရုံးအား ဆောချောင်းနှင့် ချုပ်ချောင်းတို့၏ ရေတိုက်စားမှုဘေးမှ ကာကွယ်ထားသည့် ကွန်ကရစ်မြေထိန်းနံရံ အရှည်(၂၅၇)ပေအနက် အရှည်(၁၁၇)ပေ ရေတိုက်စားပါသွားရာ အမြန်ဆုံးပြန်လည်တည်ဆောက် ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ဆောမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူးရုံးသည် ဆောမြို့၊ သီရိရပ်ကွက်တွင်ရှိပြီး ရုံး၏အနောက်ဘက်မှာကပ်လျက် မြို့နယ်လျှပ်စစ်မှူးရုံး ရေစီးကြောင်း၏ အောက်ဘက်တွင် မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းအိမ်ရာ၊ မြို့နယ်ပညာရေးမှူးရုံး၊ ဝင်းသူဇာ အဆောက်အဦနှင့် စစ်မှုထမ်းဟောင်းများရုံး၊ လူနေအိမ်များ များစွာတည်ရှိနေခြင်း ဖြစ်ပါကြောင်း၊ မူလ ဆောချောင်း ရေစီးဆင်းမှုသည် ရုံးနှင့်ပေ ၆၀၀ ခန့်အကွာတွင် စီးဆင်းနေခြင်းကြောင့် အန္တရာယ်ကင်းရန်ဆိုပြီး မြေထိန်းကွန်ကရစ် နံရံအရှည် ၂၅၇ ပေ တည်ဆောက်ထားခြင်း ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်မိုးရာသီ မိုးကြီးရွာသွန်းခြင်းကြောင့် ရုတ်တရက် ရေစီးကြောင်းများပြောင်း၊ ဆောချောင်းနှင့် ချုပ်ချောင်းတို့ရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှူးရုံးအား ရေတိုက်စားမှုဘေးမှ ကာကွယ်တည်ဆောက်ထားသော ကွန်ကရစ်မြေထိန်းနံရံ ၂၅၇ ပေကို ရေတိုက်စားရာ အရှည်ပေ ၁၁၇ ပေ ပြိုကျသွားပါကြောင်း၊ အနီးအနားတွင်ရှိသည့် နိုင်ငံတော်အစိုးရရုံးများ၊ ဝန်ထမ်းအိမ်ရာများနှင့် လူနေအိမ်ရာများလည်း လွန်စွာစိုးရိမ်နေရပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရေတိုက်စားပြီး ပြိုကျပျက်စီးသွားသည့် အရှည် ၁၁၇ ပေအား လာမည့် မိုးရာသီမတိုင်မီ ရေရှည်ခိုင်ခံ့တောင့်တင်းသော ရေကာနံရံတစ်ခု အမြန်ဆုံးတည်ဆောက် ပေးစေလိုပါကြောင်းနှင့် မည်သည့်အချိန်တွင် တည်ဆောက်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ဆောမြို့နယ်ရုံး၊ ချုပ်ချောင်းနှင့်ဆောချောင်း ရေတိုက်စားမှုကြောင့် မြေထိန်းနံရံတည်ဆောက်ရန်အတွက် ဦးစီးဌာနမှ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် သာမန်အသုံးစရိတ်ရန်ပုံငွေက ကျပ်သိန်း ၆၀ အသုံးပြုခဲ့ပါကြောင်း၊ ထို့အပြင် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင်လည်း သာမန်အသုံးစရိတ်ရန်ပုံငွေမှ ကျပ်သိန်း ၅၀ အသုံးပြုပြီး လွှတ်တော်ကိုယ်စားလှယ် ကြီးတင်ပြသည့် မြေထိန်းနံရံ စုစုပေါင်း ကွန်ကရစ်မြေထိန်းနံရံ ၂၅၇ ပေ တည်ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ သို့ရာတွင် ၂၀၁၈ ခုနှစ် သြဂုတ်လအတွင်း မိုးပြင်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေထပ်မံတိုက်စားခဲ့ပြီး မြေထိန်းနံရံ ၁၁၇ ပေ ပြိုကျ သွားပါကြောင်း၊ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ဌာနက အတွင်းဝန်ကိုယ်တိုင် ဆောမြို့နယ်ရုံးကို သွားရောက် စစ်ဆေးပြီးမှ ဒေသတွင်ရှိသည့် အစိုးရအဖွဲ့များ နဲ့ညှိနှိုင်းခဲ့ပါကြောင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ မကွေးတိုင်းဒေသကြီး၊ ရေအရင်းအမြစ်ဖြင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ် ဖြည့်စွက်ရန်ပုံငွေမှ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ချောင်းရေတိုက်စားသည့် မြေထိန်းနံရံကို ပြုပြင်ရန်အတွက် တောင်းခံတင်ပြသွားမည်ဟု ညှိနှိုင်းရရှိပါကြောင်း၊ ထို့ကြောင့် ၎င်းကိစ္စကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆောင်ရွက်မည်ဖြစ်သည့်အတွက် မိမိဌာနအနေဖြင့် လောလောဆယ် ပြန်လည်ပြုပြင်ပေးရန် အစီအစဉ်မရှိပါကြောင်းနှင့် တိုင်းဒေသကြီးနှင့် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
