(စ)-မတူပီ-ပလက်ဝလမ်းပေါ်ရှိ ကုလားတန်မြစ်ကူးတံတား(ပလက်ဝ)တည်ဆောက်ရေးစီမံကိန်းအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ထပ်မံလိုအပ်ရန်ပုံငွေအား ပြည်ထောင်စုရန်ပုံငွေမှ တာဝန်ယူဆောင်ရွက် ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၁၅.၂.၂၀၁၉)

 

ပလက်ဝမြို့သည် ကုလားတန်မြစ်၏ အနောက်ဘက်ကမ်းတွင်တည်ရှိပြီး မတူပီ-ပလက်ဝကားလမ်းနှင့် ကျောက်တော်-ပလက်ဝကားလမ်းများသည် ကုလားတန်မြစ်၏ အရှေ့ဘက်ကမ်းတွင်ရှိပြီး မော်တော်ယာဉ်များ ပလက်ဝမြို့ကို တိုက်ရိုက်ဝင်ရောက်နိုင်ရန်အတွက် ကုလားတန်မြစ်ကူးတံတား တည်ဆောက်ရန် လိုအပ်ပါကြောင်း၊ တံတားဆိုင်ရာအချက်အလက်များထဲမှ တံတားစီမံကိန်း တန်ဖိုးမှာ ကျပ် ၂၇၀၀၀ သန်းဖြစ်ပြီး လုပ်ငန်းစတင် ဆောင်ရွက်သည့်နေ့မှာ ၁-၅-၂၀၁၇ ဖြစ်ပြီး ပြီးစီးမည့်နေ့မှာ  ၃၁-၃-၂၀၂၀ ဖြစ်ပါကြောင်း၊ ဤနေရာတွင် လုပ်ငန်းစတင်ဆောင်ရွက်သည့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ရန်ပုံငွေအရဆိုလျှင် ပြည်ထောင်စုရန်ပုံငွေက သန်း ၁၄၀၀ ရရှိပြီး ပြည်နယ်ရန်ပုံငွေက ၂၅၂၅ သန်း ဖြစ်ပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် Mini Budget တွင် ပြည်ထောင်စု ရန်ပုံငွေမှ သန်း ၁၀၀၀ ဖြစ်ပြီး ပြည်နယ်ဘတ်ဂျက်မှ ၁၇၄၈.၁၃၅ သန်း ဖြစ်ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုက သန်း ၅၀၀၀ ဖြစ်ပြီး ပြည်နယ်က သန်း ၃၀၀၀ ဖြစ်ပါကြောင်း၊ နောက်ထပ် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ထပ်မံလိုအပ်ငွေမှာ မြစ်ကူးတံတား တည်ဆောက်ရေးအတွက် သန်း ၁၂၃၂၆.၈၆၅ ဖြစ်ပြီး ချဉ်းကပ်လမ်း လုပ်ငန်းအတွက် သန်း ၂၀၀၀ ဖြစ်ပါကြောင်း၊ အကျဉ်းချုပ်အနေနှင့် ပြောရမည်ဆိုလျှင် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အထိ ပြည်ထောင်စုမှ ကျပ်သန်း ၇၄၀၀ ဖြစ်ပြီး ချင်းပြည်နယ်ရန်ပုံငွေထဲမှ ကျပ်သန်း ၇၂၇၃.၁၃၅ သန်း ရရှိပြီးဖြစ်ပါကြောင်း၊

မိမိတို့ချင်းပြည်နယ်သည် ပထဝီအနေအထားအရ တောင်တန်း၊ တောင်ကုန်းများ၊ ချောင်းများ၊ မြောင်းများ ပေါများသောကြောင့် လမ်းပန်းဆက်သွယ်ရေးတွင် လွန်စွာခက်ခဲနေဆဲ ဖြစ်ပါကြောင်း၊ တစ်နေရာနှင့် တစ်နေရာ အဆင်ပြေစွာ ဆက်သွယ်သွားလာနိုင်ရန်အတွက် လမ်းတံတားများ တည်ဆောက်ရန် လိုအပ်မှုမြင့်မားနေဆဲလည်း ဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့်လည်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် စီမံခန့်ခွဲရန် ရန်ပုံငွေလိုအပ်လျက် ရှိနေပါကြောင်း၊ ကုလားတန်မြစ် ကူးတံတား (ပလက်ဝ) စီမံကိန်းအတွက် ဖော်ပြခဲ့သည့်အတိုင်း ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အထိ ချင်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေမှ ကျပ် ၇၂၇၃.၁၃၅ သန်း၊ ရာခိုင်နှုန်းအားဖြင့် ၄၉.၅၆၇ ရာခိုင်နှုန်းပါဝင်ပြီး ဖြစ်ပါကြောင်း၊ အဆိုပါ ကုလားတန်မြစ် ကူးတံတားသည် ချင်းပြည်နယ်အတွက် ဂုဏ်ယူစရာဖြစ်သည်သာမက ပြည်သူများအတွက်လည်း များစွာအကျိုးပြု စေမည်ဖြစ်သောကြောင့် အဆိုပါ ကုလားတန်မြစ်ကူးတံတား (ပလက်ဝ) စီမံကိန်းလုပ်ငန်းအတွက် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ထပ်မံလိုအပ်ရန်ပုံငွေအား ပြည်ထောင်စုရန်ပုံငွေမှ တာဝန်ယူဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ချင်းပြည်နယ်အတွင်းရှိ မတူပီ-ပလက်ဝလမ်းပေါ်ရှိ ကုလားတန်မြစ်ကူးတံတားမှာ ဆောက်လုပ်ရေး ဝန်ကြီးဌာနပိုင် ချင်းပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသောတံတားဖြစ်ပြီး ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး တည်ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၎င်းတံတားသည် အရှည် ၁၉၄၂ ပေ သံဘောင် အမျိုးအစားဖြစ်ပြီး ပင်မတံတားမှာ Steel Truss နှင့် ချဉ်းကပ်တံတားမှာ Continuous Steel Plate Girder & Box Girder အမျိုးအစားတို့ ဖြစ်ပါကြောင်း၊ ယာဉ်သွားလမ်းအကျယ် ၇.၅ မီတာဖြစ်ပြီး ခွင့်ပြုယာဉ် ၇၅ တန် တန်ချိန်ခွင့်ပြုမည် ဖြစ်ပါကြောင်း၊ တံတားစီမံကိန်းတန်ဖိုးမှာ စုစုပေါင်းကျပ်၂၇ ဘီလီယံဖြစ်ပြီး ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု (ဖြည့်စွက်) ရန်ပုံငွေကျပ် ၁၄၀၀ သန်းနှင့် ချင်းပြည်နယ် အစိုးရအဖွဲ့ရန်ပုံငွေ ၂၅၂၅ သန်း စုစုပေါင်း ၃၉၂၅ သန်းအားလည်းကောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ဧပြီလမှ စက်တင်ဘာလအထိ ပထမခြောက်လတွင် ပြည်ထောင်စုရန်ပုံငွေ သန်း ၁၀၀၀ နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေ ၁၇၄၈.၁၃၅ သန်း စုစုပေါင်း ၂၇၄၈.၁၃၅ သန်း အားလည်းကောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ၁၂ လ ရန်ပုံငွေတွင် ပြည်‌ထောင်စုရန်ပုံငွေ ၅ ဘီလီယံနှင့် ချင်းပြည်နယ် အစိုးရအဖွဲ့ရန်ပုံငွေ ၃ ဘီလီယံ စုစုပေါင်း ၈ ဘီလီယံဖြင့်လည်းကောင်း စုစုပေါင်းဆောင်ရွက်ခဲ့သည့် နေရာတွင် စုစုပေါင်း ၁၄.၆၇ ဘီလီယံရရှိပြီး ဖြစ်ပါသဖြင့် ထပ်မံလိုအပ်သည့် ရန်ပုံငွေသည် ၁၂.၃၃ ဘီလီယံ ဖြစ်ပါကြောင်း၊

ကိုယ်စားလှယ်တော်ကြီး လိုအပ်နေသည့် ၁၂.၃၃ ဘီလီယံကို ပြည်ထောင်စုက လျာထားပေးရန်ဟု မေးလာသည့် မေးခွန်းဖြစ်ပါကြောင်း၊ အဆိုပါ ကုလားတန် မြစ်ကူးတံတား (ပလက်ဝ) ပြီးဆုံးနိုင်ရေးအတွက် မိမိတို့က ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းပါကြောင်း၊ ညှိနှိုင်းသည့်အခါ လိုအပ်နေသည့် ၁၂.၃၃ ဘီလီယံကို ပြည်ထောင်စုက ၆ ဘီလီယံ၊ ချင်းပြည်နယ်အစိုးရအဖွဲ့က ၆.၃၃ ဘီလီယံထည့်ပြီး လာမည့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် ပြီးစီးအောင် တည်ဆောက်မည် ဖြစ်ကြောင်း၊ ချင်းပြည်နယ်နေ့သည်လည်း ဖေဖော်ဝါရီလထဲတွင် ကျင်းပနိုင်လျှင် ထိုနေ့ပွဲအမီ ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်ရန် မူလချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းထားပါကြောင်း၊ အကယ်၍ ထိုသို့ ညှိနှိုင်းထားသည့်အတိုင်း ချင်းပြည်နယ်အစိုးရ အဖွဲ့ကလည်း လိုအပ်နေသည့် ရန်ပုံငွေ၏ တစ်ဝက်ကို ဖြည့်ဆည်းပေးပြီး ပြည်ထောင်စုကလည်း ၆ ဘီလီယံ ပေးမည်ဆိုပါက ၂၀၁၉ ခုနှစ် အတွင်းတွင် ပြီးအောင်တည်ဆောက်ပြီး ၂၀၂၀ ဖေဖော်ဝါရီလတွင် ဖွင့်လှစ်သွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် တံတားကြီးအချိန်မီ ဖွင့်လှစ်နိုင်ရန်အတွက် ချင်းပြည်နယ် အစိုးရအဖွဲ့ကလည်း ပူးပေါင်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ နမူနာအားဖြင့် ပြောရလျှင် မြောင်းမြတံတားဆိုလျှင် ဧပြီလ ၁ ရက်နေ့ဖွင့်နိုင်မည် ဖြစ်ကြောင်း၊ ထိုသို့တစ်နှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်မည်ဆိုလျှင် ပြည်ထောင်စုရန်ပုံငွေနှင့် မလုံလောက်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း ရန်ပုံငွေတစ်ဝက်မျှပြီး ကျခံရပါကြောင်း၊ ထို့အတူ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အခြားကြိုးတံတား လေးစင်းကို အသစ်တည်ဆောက်သည့်အခါလည်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး အမြန်ဆုံးပြီးစီးရေးအတွက် ပြည်ထောင်စုကလည်း ရန်ပုံငွေထည့်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း ရန်ပုံငွေထည့်ပါကြောင်း၊ သို့မှသာ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရပါကြောင်း၊ ယခု စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တည်ဆောက်ပြီးစီးခဲ့သည့် ခန္တီးတံတား၊ ဟုမ္မလင်းတံတား စသည်တို့လည်း ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ပေါင်းစပ်ညှိနှိုင်း တည်ဆောက်ပြီး ရန်ပုံငွေကို နှစ်ဖက်စလုံးက ဝိုင်းဝန်းထည့်ခြင်းအားဖြင့် အချိန်မီပြီး စီးသွားခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပလက်ဝတံတား တည်ဆောက်ရေး စီမံကိန်းတွင်လည်း ချင်းပြည်နယ် အစိုးရအဖွဲ့မှ ရန်ပုံငွေထည့်ပေးရန် လိုအပ်ပါကြောင်းနှင့် ထိုသို့ထည့်ပေးမည်ဆိုပါက ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် ဖွင့်လှစ်သွားနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။