တောင်ဥက္ကလာပမြို့နယ်သည် အရှေ့ပိုင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးစိုက်ရာ မြို့နယ် အဖြစ်လည်းကောင်း၊ အရှေ့ပိုင်းခရိုင် စည်ပင်သာယာရေးကော်မတီ၏ ခရိုင်အုပ်ချုပ်ရေးမှူး ရုံးစိုက်ရာမြို့နယ် အဖြစ်လည်းကောင်း တည်ရှိပြီး တိုင်းဒေသကြီးအားကစားကွင်း တည်ရှိရာ မြို့နယ် လည်း ဖြစ်ပါကြောင်း၊ ထိုသို့တည်ရှိနေသော်လည်း တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာခန်းမ မရှိဖြစ်နေသည့်အတွက် မြို့နယ်ဆိုင်ရာအခမ်းအနားများ ကျင်းပသောအခါ များတွင်လည်းကောင်း၊ ကလေးသူငယ်များအတွက် ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်းကောင်း၊ မြို့နယ်နှင့်သက်ဆိုင်သော အစည်းအဝေးများ ပြုလုပ်ရာတွင်လည်းကောင်း များစွာအခက်အခဲဖြစ်နေရပါကြောင်း၊ ထိုသို့သော အခြေအနေများကြောင့် တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ မြို့နယ်ခန်းမ တည်ဆောက်နိုင်ရေးအတွက်ကို မြို့နယ်အတွင်းရှိပြည်သူများမှ များစွာမျှော်လင့်လျက် ရှိနေပါကြောင်း၊ ထိုသို့တည်ဆောက်နိုင်ရေးအတွက် မြေနေရာရရှိရန်လည်း လိုအပ်လျက်ရှိပါကြောင်း၊ လွန်ခဲ့သော ၂၅ နှစ်ခန့်က ဗဟိုဈေးအဖြစ်တည်ရှိခဲ့ပြီး ယခုလက်ရှိ အသုံးပြုခြင်းမရှိသည့် တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၈) ရပ်ကွက် သစ္စာလမ်းနှင့် ဝေဇယန္တာလမ်းထောင့်ရှိ မြေကွက်အလွတ်ကို မြို့နယ်ခန်းမမြေနေရာအဖြစ် အသုံးပြုနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ပြည်သူများမှ အလွန်မျှော်လင့်လျက် ရှိနေပါကြောင်း၊ ၎င်း မြေကွက်အလွတ်၏ တစ်စိတ်တစ်ပိုင်းအား မြို့နယ်ခန်းမ မြေနေရာအဖြစ် အသုံးပြုနိုင်ရန်အတွက် ခွင့်ပြုပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
တောင်ဥက္ကလာပမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် (၈)၊ မြေကွက်အမှတ် (၃/၈၈)၊ သစ္စာလမ်းနှင့် ဝေဇယန္တာလမ်းထောင့်ရှိ ယခင်ဗဟိုဈေးမြေနေရာရှိ မြေဧရိယာ ၅.၂၄၅ ဧကဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၏ ၁၄-၉-၂၀၁၂ ရက်စွဲပါ မှတ်တမ်းအရ ကာကွယ်ရေးဝန်ကြီးဌာနပိုင် အမည်ပေါက်မြေဖြစ်ပါကြောင်း စိစစ်တွေ့ရှိရပါသည်။
သို့ဖြစ်ပါ၍ ၎င်း မြေနေရာသည် ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေအဖြစ် အမည်ပေါက် ရရှိထားပြီး ဖြစ်ခြင်း၊ တပ်မတော်အတွက် အနာဂတ်စီမံချက်များ ဆောင်ရွက်ရန် လျာထားမြေနေရာ ဖြစ်ခြင်းတို့ကြောင့် ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်း မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
