ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့နယ်ခွဲသို့ ၂၄-၄-၂၀၁၄ ရက်နေ့ ကျွန်တော်သွားရောက်ခဲ့စဉ်က ၂၅ ခုတင်ဆံ့ပြည်သူ့ ဆေးရုံ၌ ဆရာဝန်မရှိပါ။ သူနာပြုလေးဦး၊ စာရေးတစ်ဦး၊ အထွေထွေလုပ်သားတစ်ဦး စုစုပေါင်း ဝန်ထမ်းအင်အား ခြောက်ဦးရှိပါသည်။ သို့ဖြစ်ပါ၍ ကျိုင်းတောင်းမြို့နယ်ခွဲပြည်သူ့ဆေးရုံအတွက် ဆရာဝန်နှင့်အခြားအရေးကြီးသောဝန်ထမ်းများ ခန့်ထားပေးပါရန်နှင့် ဆေးရုံဝင်းခြံစည်းရိုးကာရံပေး ပါရန် အစီအစဉ်ကို သိရှိလိုပါသဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းပါသည်။
ကျန်းမာရေးဝန်ကြီး ဌာန၊ ကျန်းမာရေးဦးစီးဌာနသည် ရှမ်းပြည်နယ်၊ မိုးနဲမြို့နယ် ကျိုင်းတောင်းမြို့နယ်ခွဲ ပြည်သူ့ဆေးရုံ တွင် လိုအပ်လျက်ရှိတဲ့ လက်ထောက်ဆရာဝန်တစ်ဦးအား ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလအတွင်း ခန့်ထားမည်ဖြစ်ပြီး၊ ကျိုင်းတောင်းမြို့နယ်ခွဲ ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံမှာ လက်ရှိဖွဲ့စည်းပုံအရ အထက်တန်းသူနာပြုနှစ်ဦး၊ ခန့်ထားနှစ်ဦးရှိရာ လစ်လပ်မရှိပါ။ သူနာပြုခြောက်ဦး၊ ခန့်ထား နှစ်ဦးဖြစ်၍ လစ်လပ် ၄ ဦးဖြစ်ပါတယ်။ ကျန်းမာရေးဦးစီးဌာနသည် သစ်လွင်သူနာပြု ၁၄၄၁ ဦး ခန့်ထားနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါသဖြင့် ခန့်ထားခွင့်ရရှိပါက ကျန်းမာရေး ဦးစီးဌာနမှ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ခွဲဝေခန့်ထားပြီး၊ ထိုသို့ခန့်ထားရာတွင် ရှမ်းပြည်နယ်၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လစ်လပ်လျက်ရှိတဲ့ သူနာပြုရာထူးများအား လုပ်ငန်းလိုအပ်ချက်အရ ဆက်လက်ခန့်ထားမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။ တစ်ဆက်တည်း လစ်လပ်လျက်ရှိတဲ့ ဓါတ်ခွဲကျွမ်းကျင်(၃)အား (၄၅)ကြိမ်မြောက် ဓါတ်ခွဲစစ်ဆေးသူ ပထမတန်းသင်တန်းဆင်းများအား လည်းကောင်း၊ ဓါတ်ခွဲကျွမ်းကျင်သူ(၄)အား (၅၇)ကြိမ်မြောက် ဓါတ်ခွဲစစ်ဆေးသူ ဒုတိယတန်း သင်တန်းဆင်းများအားလည်းကောင်း ရွေးချယ်၍ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လအတွင်းခန့်ထားရန် စီစဉ် ဆောင်ရွက်လျက်ရှိပါတယ်။
ကျိုင်းတောင်းမြို့နယ်ခွဲ ၂၅ ခုတင်ဆံ့ပြည်သူ့ဆေးရုံအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် လစ်လပ်လျက်ရှိတဲ့ ဆေးဘက်ကျွမ်းကျင်(၄) ဆေးစပ်ရာထူးများကို ဖြည့်စွက်ခန့်ထား နိုင်ရန်အတွက် ဆေးဘက်ကျွမ်းကျင်(၄) ဆေးစပ်ရာထူးဝင်ရောက်ဖြေဆိုခွင့် စာမေးပွဲကို ၂၈-၄-၂၀၁၄ ရက်နေ့တွင်လည်းကောင်း၊ နှုတ်ဖြေစာမေးပွဲကို ၇-၅-၂၀၁၄ ရက်နေ့တွင်လည်းကောင်း ကျင်းပခဲ့ပြီး အောင်မြင်သူများအား ဆေးဘက်ကျွမ်းကျင်(၄) ဆေးစပ် ၆ လသင်တန်းကို ၂-၆-၂၀၁၄ ရက်နေ့တွင် တိုင်းဒေသကြီး မြို့နယ်အသီးသီး၌ တစ်ပြိုင်တည်းဖွင့်လှစ်မှာဖြစ်ပြီး ၎င်းတို့ သင်တန်းဆင်းပြီးတဲ့ အချိန်မှာ ကျိုင်းတောင်းမြို့နယ် ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံ၌ လစ်လပ်လျက်ရှိတဲ့ ဆေးစပ်(၄) တစ်နေရာ၌ ဖြည့်စွက်ခန့်ထားပေးနိုင်မည်ဖြစ်ပါကြောင်း၊
တဖန် ကျိုင်းတောင်းမြို့နယ် ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံတွင်လုပ်ငန်းလိုအပ်ချက်အရ ယာဉ် မောင်း၊ ဆေးထည့်၊ စက်မောင်းမီး/ရေ၊ ရုံးအကူ၊ ဥယျာဉ်လုပ်သား၊ ထမင်းချက်လုပ်သား၊ ရေထမ်း လုပ်သား၊ အထွေထွေလုပ်သားနှင့်အစောင့် စုစုပေါင်း ၁၈ နေရာ လစ်လပ်နေရာ နေ့စားခန့်ထားရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိုးနဲမြို့နယ်ကျန်းမာရေးဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြလာပါက ခန့်ထား ရန် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
