(က)-ရမည်းသင်းခရိုင် မြန်မာ့စီးပွားရေးဘဏ် အဆောက်အအုံအား ခရိုင်ဘဏ်နှင့် သင့်လျော်သော အဆောက်အအုံအသစ် ပြန်လည်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၅. ၆. ၂၀၁၄)

          ကျွန်တော်တို့ ရမည်းသင်းမြို့နယ်ရှိ   ရမည်းသင်းခရိုင်ဘဏ်ခွဲအဆောက်အအုံရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၆၀ ကျော်ပြီဖြစ်တဲ့အတွက် ပြုပြင်တည်ဆောက်ရန်လိုအပ်နေပြီ ဖြစ်ပါတယ်။ ယခင်လူနေအဆောက်အဦအား ဘဏ်မှငှားရမ်းသုံး စွဲခဲ့ပြီး ၃၁-၅-၁၉၉၅ ခုနှစ်တွင် ပိုင်ရှင်ထံမှ မြန်မာ့စီးပွားရေးဘဏ်က ဝယ်ယူခဲ့တဲ့အဆောက်အအုံ ဖြစ်ပါတယ်။ ပင်မအဆောက်အအုံရဲ့နောက်တွင် တိုးချဲ့အဆောက်အအုံတစ်ခု ၂၀၀၆ ခုနှစ်က တည်ဆောက်ပေးခဲ့ပါတယ်။ ပင်မအဆောက်အအုံအား မူလလူနေအိမ်ကို ဘဏ်အဖြစ် ဖွင့်လှစ်ခဲ့ပြီး ငွေကြေးခန်း၊ ကွန်ပျူတာခန်း၊ ငှေစုဘဏ်ဌာန၊ စာရင်းဌာနစိတ်၊ ပင်စင်ဌာနစိတ်၊ ငွေလွှဲဌာနစိတ်၊ မန်နေဂျာရုံးခန်းများဖြင့် ဖွင့်လှစ်ဖွဲ့စည်းထားရှိသဖြင့် စားပွဲအပြည့်၊ လူအပြည့်ဖြစ်နေပါတယ်။ ငွေကြေး ကောင်တာရှေ့တွင် ငါးပေခန့်သာကျယ်ဝန်းသဖြင့် Customer များ ကျဉ်းကြပ်စွာဖြင့် ငွေသွင်း/ ငွေထုတ်ဆောင်ရွက်နေရပါတယ်။

          အဆောက်အအုံဟာ နှစ်ပေါင်း ၆၀ ကျော်လာပြီဖြစ်တဲ့အတွက် သံဘာဂျာတံခါးများပျက်စီးခြင်း၊ တံခါးရွက်များပျက်စီးခြင်း၊ ကြမ်းခင်းများ၊ နံရံနှင့်အမိုးများ သက်တမ်းကုန်နေပြီဖြစ်ပါတယ်။ လုံခြုံစိတ် ချရတဲ့အဆင့် မရှိဖြစ်နေပါတယ်။ တိုးချဲ့ဆောင်တွင် စီမံဌာန၊ ချေးငွေဌာန၊ JAB ဌာနစိတ်၊ လက်နှိပ်စက် များ၊ ရုံးသုံးဘီရိုများထားရှိပါတယ်။ အဝင်တံခါးမကြီးများမှာ သံဘာဂျာတံခါးများတပ်ဆင်ထားခြင်း မရှိ၊ အဆောက်အအုံနံရံတစ်ဖက်မှာ အပြင်သို့နိမ့်ပြီးကွာကျတော့မည့် အနေအထားမျိုးရောက်ရှိနေပြီ ဖြစ်ပါတယ်။

          ခြုံငုံတင်ပြရပါက ပင်မအဆောက်အအုံနှင့် တိုးချဲ့ဆောင်တို့၏အနေအထားဟာ လုံခြုံ‌စိတ်ချရ တဲ့အနေအထားမရှိတော့ပါသဖြင့် ယခုလက်ရှိအဆောက်အအုံမှာ အသစ်တည်ဆောက်နိုင်ပါမှ လုံခြုံ စိတ်ချရသောအနေအထားသို့ ရောက်ရှိနေပါ၍ ရမည်းသင်းခရိုင် မြန်မာ့စီးပွားရေးဘဏ်ခွဲအား ခရိုင် အဆင်‌့နှင့်လျော်ညီတဲ့ သင့်လျော်သောအဆောက်အဦသစ်တစ်ခု တည်ဆောက်ပေးနိုင်ခြင်းရှိ/မရှိ၊ မည်သည့်ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ပေးနိုင်မည်ဖြစ်သည်ကို သိရှိလိုပါသဖြင့် လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့်  မေးမြန်းပါသည်။


ဖြေကြားသူ
ဒေါက်တာမောင်မောင်သိမ်း(ဒုတိယဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီးဌာန)
အဖြေ

မေးခွန်းကို ပြည်ထောင်စုဝန်ကြီးရဲ့ကိုယ်စား ဒုတိယဝန်ကြီး ကျွန်တော် ဒေါက်တာ မောင်မောင်သိမ်းမှ ဖြေကြားသွားမှာဖြစ်ပါတယ်။ ရမည်းသင်းဘဏ်ခွဲမှာ ဝန်ထမ်း ၄၃ ဦးနဲ့ လုပ်ငန်း တွေဆောင်ရွက်နေပါတယ်။ စာရင်းအနေနဲ့ဆိုလို့ရှိရင် စာရင်းရှင်က ၂၀၀ ကျော်ရှိပြီးတော့ ငွေစုဘဏ် စာရင်း ၂၀၀၀ ကျော်ရှိပါတယ်။ ပင်စင်စား ၂၄၅၀ ကိုလည်းပဲ ထိန်းသိမ်းပေးလျက်ရှိပါတယ်။ ထို့အတွက်ကြောင့် ဒီဘဏ်သည် အရေးကြီးတဲ့ဘဏ်လည်း ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်ကြီး မှန်ကန်စွာတင်ပြထားတဲ့အတိုင်းပါပဲ ဘဏ်ရဲ့သက်တမ်းဟာ၊ အဆောက်အအုံ ရဲ့သက်တမ်းဟာ နှစ်ပေါင်း ၆၀ ကျော်သွားပါပြီ။ အခြေအနေကလည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီး တင်ပြတဲ့အတိုင်းပဲ ယိုယွင်းလျက်ရှိပါတယ်။ သို့ဖြစ်တဲ့အတွက်ကြောင့် အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်ဖြစ်တဲ့ ၂၀၁၅-၂၀၁၆ မှာ ဘဏ္ဍာငွေထည့်သွင်းပြီးတော့ လုံးဝအသစ်ပြင်ဆင် ဆောက်လုပ်ပေးသွားမှာဖြစ်ကြောင်း ဖြေကြားပါသည်။