(ဃ)-ညောင်ရွှေမြို့နယ်၊ စကားဒေသတွင် လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ရေးအတွက် (၆၆/၁၁)ကေဗွီ ဓာတ်အားခွဲရုံတည်ဆောက်ပေးရန် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ရန်ပုံငွေထည့်သွင်းရေးဆွဲ ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၄. ၆. ၂၀၁၄)

 ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးမှာ ရှမ်းပြည်နယ်၊ ညောင်ရွှေမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဆွေမှ ညောင်ရွှေမြို့နယ်တောင်ပိုင်းရှိ စကားဒေသသို့ လျှပ်စစ်မီးသွယ်တန်းပေးရန် အစီအစဉ် အားမေးမြန်းခဲ့ရာ ယခင်အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ စကားဒေသ အုပ်စု ခုနှစ်အုပ်စုအား ဓာတ်အားရယူမည်ဆိုပါက တောင်တို-အင်းလျားမှ ၁၁ ကေဗွီလိုင်း မိုင် ၂၀ တည်ဆောက်၍ ဓာတ်အားပေးရမည်ဖြစ်ကြောင်း၊ ၁၁ ကေဗွီလိုင်း စုစုပေါင်း ၅၁ မိုင်ရှိသဖြင့် ဗို့အား အပြည့်အဝရရှိနိုင်မည်မဟုတ်ကြောင်း။ သို့ဖြစ်ပါ၍ ခေါင်တိုင်မှ တောင်တို-အင်းလျားဒေသသို့ ၆၆ ကေဗွီလိုင်း ၃၁ မိုင်ဆွဲသား၍ တောင်တို-အင်းလျားတွင် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီခွဲရုံတည်ဆောက် ကာ ယင်းခွဲရုံမှစကားရွာသို့ ၁၁ ကေဗွီလိုင်း ၂၀ မိုင်တည်ဆောက်ပြီး ဓာတ်အားပေးရမည်ဖြစ်ကြောင်း  အစရှိသည်ဖြင့် ပြန်လည်ဖြေကြားခဲ့ပါတယ်။

          ယခုအခါတွင် အင်းလေးဒေသအရှေ့ဘက်ကမ်း၌ ဟိုတယ်ဇုန်ကို စတင်တည်ဆောက် အကောင်အထည်ဖော်လျက်ရှိရာ ဟိုတယ်ဇုန်အတွက် ၆၆ ကေဗွီလိုင်း ရောက်ရှိနေပြီဖြစ်ပါတယ်။ ဟိုတယ်ဇုန်မှ တောင်တို-အင်းလျားဒေသ တွန်ဟွန်းတံတားသို့ ၁၅ မိုင်ခန့်သာကွာဝေးပြီး ၎င်းတွန်ဟွန်း တံတားမှ  စကားဒေသသို့ ၁၅ မိုင်ခန့်သာ ကွာဝေးပါတယ်။ ဟိုတယ်ဇုန်မှတစ်ဆင့် တွန်ဟွန်းတံတား၌ ၆၆ ကေဗွီလိုင်းအား ဆက်သွယ်တည်ဆောက်ပေးမယ်ဆိုပါက ခေါင်တိုင်မှသွယ်တန်းပေးသည်ထက် စရိတ်စကမြောက်များစွာ သက်သာသွားမည် ဖြစ်ပါတယ်။

          သို့ဖြစ်ပါ၍ ညောင်ရွှေမြို့နယ်တောင်ပိုင်းရှိ စကားဒေသတွင် လျှပ်စစ်ဓာတ်အားအသုံးပြုနိုင်ကြ စေရေးအတွက် ဟိုတယ်ဇုန်မှ တွန်ဟွန်းတံတားသို့ လျှပ်စစ်ဓာတ်အားလိုင်း ဆွဲပေးခြင်း၊ ၆၆/၁၁ ကေဗွီ ဓာတ်အားခွဲရုံတည်ဆောက်ပေးခြင်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါတယ်။ ဆောင်ရွက် ပေးရန်အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ဦးအောင်သန်းဦး(ဒုတိယဝန်ကြီး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန)
အဖြေ

 ညောင်ရွှေမြို့နယ် တောင်ပိုင်းရှိ စကား ဒေသမှာ လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ရေးအတွက် ၁၃၂/၆၆/၁၁ ကေဗွီ က‌လောဓာတ်အားခွဲရုံမှ လက်ရှိ ၆၆ ကေဗွီဓာတ်အားလိုင်းဖြင့် ဓာတ်အားပေးထားသော ကလော-အောင်သပြေ ဓာတ်အားလိုင်း ၃၁.၅၆ မိုင်၊ အောင်သပြေ-နောင်ကား ဓာတ်အားလိုင်း ၁၇ မိုင်နှင့် နောင်ကား-ဟိုတယ်ဇုံ ဓာတ်အား လိုင်း ၂၆ မိုင် စုစုပေါင်း ၇၄.၅ မိုင် အကွာအဝေးရှိပြီဖြစ်ပါတယ်။ ဟိုတယ်ဇုံမှ တွန်ဟွန်းတံတားအထိ ဓာတ်အားလိုင်း ၁၅ မိုင် ထပ်မံတည်ဆောက်လိုက်ပါက စုစုပေါင်းလိုင်းမိုင် ၈၉.၅ မိုင် ရှည်လျား သွားမှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ နည်းပညာအရ ၆၆ ကေဗွီဗို့အားစနစ်ဖြင့် တည်ဆောက်သင့်တဲ့ လိုင်းအကွာအဝေးအတွင်းမရှိတဲ့အတွက် ဟိုတယ်ဇုံမှ စကားဒေသသို့ ၆၆ ကေဗွီဓာတ်အားလိုင်းဖြင့် ထပ်မံတည်ဆောက်ဓာတ်အားပေးရန် မသင့်တော်ကြောင်း တင်ပြအပ်ပါတယ်။ သို့ဖြစ်ပါ၍ လက်ရှိ ဟိုတယ်ဇုံကို ဓာတ်အားပေးထားတဲ့ ၆၆ ကေဗွီ ဓာတ်အားလိုင်းမှာလည်း ယာယီအသုံးပြုနိုင်ရန်သာ တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် တောင်ကြီးမြို့မှာ ၁၃၂/၆၆ ကေဗွီ ၆၀ MVA ဓာတ်အားခွဲရုံအသစ်ကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ စတင်တည်ဆောက်ပြီးတော့မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ ပြီးစီးမှာဖြစ်ပါတယ်။ အဲ့ဒီ တောင်ကြီးဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးတဲ့အခါ မှာတော့ ၆၆ ကေဗွီ နောင်ကားဓာတ်အားခွဲရုံကတစ်ဆင့် စကားဒေသဓာတ်အားရရှိရေးအတွက်ကို ရန်ပုံငွေလျာထားပေးပြီး ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း ဖြေကြားပါသည်။