နိုင်ငံတော်အနေဖြင့်ပညာရေးကဏ္ဍမြင့်မားရေးကို ထူးချွန်ထက်မြက်သောပညာရှင်များ ပေါ်ထွန်းလာရေးအတွက် ဆောင်ရွက်လျက်ရှိရာမှာ ယခင်ပညာရေးဝန်ကြီးဌာနက တက္ကသိုလ်ဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူများအနက်မှ သုတေသနထူးချွန်သူများကိုရွေးချယ်၍ သုတေသနပညာသင် ထောက်ပံ့ကြေး Research Stipendကို လစဉ်ချီးမြှင့်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ အစီအစဉ်ရပ်ဆိုင်း သွားခဲ့ပါတယ်။ ယခုအခါ ၎င်းအစီအစဉ်အတိုင်း ပြန်လည်ချီးမြှင့်ရန် ရှိ၊ မရှိသိလိုပါတယ်။ ရှိပါက မည်သည့်ကာလမှာ ပြန်လည်လုပ်ဆောင်မည်။ မရှိပါကလည်း မည်သည့်အတွက်ကြောင့်လုပ်ဆောင် နိုင်ခြင်းမရှိသည်ကို သိလိုပါကြောင်းမေးမြန်းပါသည်။
ပညာရေး ဝန်ကြီးဌာနအနေဖြင့် ငွေကြေးမပြည့်စုံမှုကြောင့်တက္ကသိုလ်ပညာဆက်လက်ဆည်းပူးရန် အခက်အခဲ ရှိသူများအား အထောက်အကူဖြစ်စေရန် နိုင်ငံတော်ကပညာသင်ထောက်ပံ့ကြေးဆုများကို နှစ်စဉ် ချီးမြှင့်လျက်ရှိပါသည်။ သတ်မှတ်ချက်နှင့်ကိုက်ညီသော ပညာချွန်ဆုလျှောက်ထားသူများကို အခြေခံ သိပ္ပံပညာထူးချွန်ဆု၊ သင်္ချာ၊ ဓာတု၊ ရူပကို တစ်ဘာသာလျှင် ၂၀ ဦးစီဖြင့်လည်းကောင်း၊ စီးပွားရေး ပညာထူးချွန်ဆု၊ ဝါဏိဇ္ဇ၊ ဘောဂဗေဒ၊ စာရင်းအင်းပညာကို တစ်ဘာသာလျှင် ၁၀ ဦးစီဖြင့် လည်းကောင်း၊ စုစုပေါင်း ၉၀ ဦးကိုရွေးချယ်၍ နှစ်စဉ်စာမေးပွဲအောင်မြင်ပါက မဟာဘွဲ့ရသည်အထိ ချီးမြှင့်ပါတယ်။ တက္ကသိုလ်များမှသုတေသနပညာရှင်များက နိုင်ငံအကျိုးပြု၊ ဒေသအကျိုးပြု၊ ဘာသာရပ်အကျိုးပြု၊ သုတေသနလုပ်ငန်းစုစုပေါင်း ၆၀၁၃ ခုကိုဆောင်ရွက်ခဲ့ပြီး သုတေသနလုပ်ငန်း ၃၃၅၇ ခုကိုဆောင်ရွက်လျက်ရှိပါတယ်။
၂၀၀၉ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာနမှ အကောင်းဆုံးသုတေသနရွေးချယ်ရေးအဖွဲ့က သက်ဆိုင်ရာအဆင့်မြင့်ပညာဦးစီးဌာနများမှ အကောင်းဆုံးသုတေသနပညာရှင်များ၏ သုတေသန စာတမ်းများနှင့် သုတေသနစာတမ်းဖတ်ကြားခြင်းတို့ကို စိစစ်အကဲဖြတ်ကြပြီး ပညာရေးဝန်ကြီးဌာန၏ အကောင်းဆုံးသုတေသနထူးချွန်ဆု (ဝိဇ္ဇာ၊ သိပ္ပံ၊ စီးပွားရေး) သုတေသနပညာရှင် သုံးဦးတို့အား ပထမဆုကျပ်တစ်သိန်း၊ ဒုတိယဆုကျပ်ခုနှစ်သောင်းနှင့် တတိယဆုကျပ်ငါးသောင်း ချီးမြှင့်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ အကောင်းဆုံးသုတေသနစာတမ်းဆုရရှိသော သုတေသနပညာရှင် ၁၂၃ ဦးတို့အား တစ်ဦးလျှင်ဂုဏ်ပြုလက်မှတ်နှင့် ငွေသားကျပ်နှစ်သောင်းစီကိုလည်းကောင်း၊ ၂၀၀၇ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ပါရဂူဘွဲ့ရရှိပြီးသောသုတေသနပညာရှင်များ၏ ပါရဂူဘွဲ့ကျမ်းများကို စိစစ်အကဲဖြတ်ပြီး မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံသုတေသနပညာရှင်အဖွဲ့ဆုရရှိသော သုတေသနပညာရှင် ၁၈ ဦးတို့အား တစ်ဦးလျှင်ဆုတံဆိပ်၊ ဂုဏ်ပြုလက်မှတ်နှင့် ငွေသားကျပ်နှစ်သိန်းစီကိုလည်းကောင်း ပေးအပ်ချီးမြှင့််ခဲ့ပါတယ်။ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် သုတေသန Project ဖြင့် ဆောင်ရွက်သောသုတေသနလုပ်ငန်စုစုပေါင်း ၇၁ ခုအတွက် ခွင့်ပြုရန်ပုံငွေကျပ်သိန်း ၁၂၀ ခွင့်ပြု ခဲ့ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် သုတေသန Project ဖြင့်ဆောင်ရွက်သော သုတေသနလုပ်ငန်းစုစုပေါင်း ၇၃ ခုအတွက် ခွင့်ပြုရန်ပုံငွေကျပ်သိန်း ၂၀၀ ထိပိုမိုခွင့်ပြုခဲ့ပါတယ်။
ပြည်တွင်းပညာသင်ဆုများနှင့် ပညာသင်ထောက်ပံ့ကြေးများ၊ သုတေသနရန်ပုံငွေများဖြင့် ပညာရေးကဏ္ဍမြင့်မားရေးနှင့် ထူးချွန်ထက်မြက်သောပညာရှင်များ ပေါ်ထွန်းလာရေးအတွက် ဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံတကာပညာသင်ဆုများဖြင့်လည်းကောင်း၊ ပါရဂူဘွဲ့သင်တန်းသား ၈၁ ဦး၊ မဟာဘွဲ့သင်တန်းသား ၇၇ ဦး၊ သုတေသနသင်တန်းသား ၁၂၇ ဦး၊ Training သင်တန်းသား ၃၈၃ ဦးနှင့် Study Tour ၉၈ ဦး၊ ဆွေးနွေးပွဲတက်ရောက်သူ ၄၄၃ ဦး၊ စုစုပေါင်း ၁၂၀၉ ဦးတို့အား ပြည်ပသို့စေလွှတ်ပြီး ဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာပညာသင်ဆုများ၊ ပြည်တွင်းပညာသင်ဆုများနှင့် ပညာသင်ထောက်ပံ့ကြေးများကိုပိုမိုချီးမြှင့်သွားရန် ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားခဲ့ပါသည်။
