တည်ဆဲ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ တွင် အသက် ၁၆ နှစ်အောက်ကို အသက်မပြည့်ဟု သတ်မှတ်ထားသော်လည်း သက်ငယ်မုဒိမ်းအတွက် ကျူးလွန်သူများကို သီးခြား ထိရောက် ဟန့်တားလောက်သော ပြစ်ဒဏ်မပါဝင်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနမှ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ရန်ညွှန်ကြားထားသော်လည်း အဆိုပါသက်ငယ်မုဒိမ်းဖြစ်ပွား မှုများမှာ လျော့ပါး သွားခြင်းမရှိပါကြောင်း၊ အကျူးလွန်ခံရသည့် အပြစ်မဲ့ကလေးသူငယ်များ၏ ဘဝများသည် စိတ်ဒဏ်ရာအမျိုးမျိုးဖြင့် အနာဂတ်ရှေ့ခရီးလမ်းအတွက် ယုံကြည်မှုများ ကွယ်ပျောက်သွားခြင်း၊ အရွယ်နှင့်မမျှအောင် အကျူးလွန်ခံရခြင်းကြောင့် ထိခိုက်ဒဏ်ရာ အနာတရဖြစ်ကြရင်းနှင့် အသက်ပါဆုံးရှုံးရသည့်အထိ ဖြစ်ပေါ်နေပါကြောင်း၊
ကျူးလွန်သူအချို့ကို မိအောင်မဖမ်းနိုင်ခြင်း၊ နောင်ကျူးလွန်မည့်သူများ ထပ်မံမကျူးလွန်ရဲအောင် ကြီးလေးသည့်ပြစ်ဒဏ်များမပေးခြင်းများကြောင့် သက်ငယ်မုဒိမ်းများ ပပျောက်သွားခြင်းမရှိတာဟု လူဘောင်အသိုင်းအဝိုင်းက ထင်မြင်ယူဆနေကြပါကြောင်း၊ ထို့ပြင် မုဒိမ်းမှုဟူသည် လူမှုကျင့်ဝတ် သိက္ခာနှင့်လည်းဆိုင်နေသည်ဖြစ်ရာ ကျူးလွန်သူကို သနားခွင့်လွှတ် နိုင်ဖွယ်မရှိနိုင်သည့်အပြင် မုဒိမ်းကောင်များသည် ကလေးသူငယ်တွေကို ကျူးလွန်ပြီးနောက် ပြန်မပြောနိုင်အောင် သတ်ပစ်သည်အထိ ရက်စက် ယုတ်မာမှုများကို ကမ်းကုန်အောင် ပြုကျင့်ကြပါကြောင်း၊
အာဏာရှိပုဂ္ဂိုလ်များက သက်ငယ်မုဒိမ်း အကျူးလွန်ခံရသည့်မိသားစုကို ငွေကြေးဖြင့် ဖြား ယောင်းပြီး တရား မစွဲဆိုနိုင်ရန် ဆောင်ရွက်ပေးသူများကိုလည်း ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သင့်သလို ပြုကျင့်ခံရသူမိသားစုအသိုင်းအဝိုင်းမှာ အားငယ်စိတ်ပျက်လာစေရန်နှင့် အမှုအား မတိုင်ကြားရန်၊ အမှုကိုလည်း ပေါ့လျော့ရန် တရားစွဲအဖွဲ့များ၏ ဆောင်ရွက်ချက်များကို တင်းတင်းကြပ်ကြပ်လမ်းညွှန်မှုများပေးရန် လိုအပ်နေပါကြောင်း၊ ထို့အပြင် မှုခင်းဖြစ်ပွားပါက မှန်ကန်တိကျသည့် စိစစ် မှတ်တမ်းမှုတွေကိုလည်း အမှန်ဆုံးရရှိအောင် သက်ဆိုင်ရာတာဝန်ရှိ သူများက ဆောင်ရွက်ပေးသင့်ပါကြောင်း၊ နစ်နာခဲ့ရသည့် ကလေးငယ်နှင့် မိသားစုတွေအတွက် ကောင်းမွန်သည့် အနာဂတ်ဖန်တီး ပေးရန်လည်း အမှန်တကယ်လိုအပ်ပြီး ပတ်ဝန်းကျင် အသိုင်းအဝိုင်းတို့ကလည်း စိတ်ဒဏ်ရာများ ထပ်မပေးရန် လွန်စွာအရေးကြီးပါကြောင်း၊
ပြစ်မှုကျူးလွန်ရန် အားပေးအားမြှောက်ဖြစ်စေသည့် WY အပါ အဝင် စိတ်ကြွဆေးများကို ထိထိရောက်ရောက်နှိမ်နင်းခြင်းများ၊ ညစ်ညမ်းဓာတ်ပုံများ၊ ညစ်ညမ်းစာပေများ၊ ဗွီဒီယိုဖိုင်များနှင့် ရုပ်ရှင်များကိုလည်း ပညာပေးအစီအစဉ်များဖြင့် ပြန်လည်ထိန်းကျောင်းခြင်းများ၊ ကလေး သူငယ် များ မိမိကိုယ်ကို ထိန်းကျောင်းနိုင်မှုရှိရန်အတွက် အသိပညာဗဟုသုတများ ဝေငှပေးရန်နှင့် တရားရုံးများတွင် ပြစ်မှုနှင့်ကိုက်ညီသည့် ပြစ်ဒဏ်ကို ထိထိရောက်ရောက်၊ မြန်မြန်ဆန်ဆန်ချမှတ် နိုင်စေရန် အစီအစဉ် ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပြစ်မှုများကို ကြိုတင်ကာကွယ်ခြင်း၊ ဖြစ်ပွားသည့် ပြစ်မှုများကို စုံစမ်းဖော်ထုတ်တရားစွဲဆိုခြင်းများ ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ပြစ်မှုများကို အမှုကြီး ၁၀ မျိုး၊ အခြားအမှု ၁၀ မျိုး၊ ကြိုတင်ကာကွယ်မှု ၁၀ မျိုးဖြင့်သတ်မှတ် ဆောင်ရွက်လျက်ရှိရာ မုဒိမ်းမှုကိုအမှုကြီးအဖြစ် သတ်မှတ်ပြီး တားဆီးနှိမ်နင်း လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် မုဒိမ်းမှုဖြစ်ပွားမှု အခြေအနေများနှင့် ပတ်သက်ပြီး သိရှိနိုင်စေရန်နှင့် သက်ငယ်မုဒိမ်း ဖြစ်ပွားမှုများကို တာဝန်ရှိသူများနှင့်အတူ ပြည်သူတစ်ရပ်လုံးပါ သိရှိပြီး ကလေးသူငယ်များကို အဓမ္မပြုကျင့်ခံရမှုများမှ ဝိုင်းဝန်းကာကွယ်စောင့်ရှောက်နိုင်စေရန် ရည်ရွယ်ပြီး ကိန်းဂဏန်းအချက်အလက်များအပေါ် သုံးသပ်တင်ပြသွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် မုဒိမ်းမှုများဖြစ်ပွားမှု ရာခိုင်နှုန်းသည် ၂၀၁၆ ခုနှစ်တွင် ၆၁ ရာခိုင်နှုန်း၊ ၂၀၁၇ ခုနှစ်တွင် ၆၄ ရာခိုင်နှုန်းနှင့် ၂၀၁၈ ခုနှစ်တွင် ၆၈ ရာခိုင်နှုန်းဖြစ်ပွားခဲ့သည့်အတွက် နှစ်အလိုက် မုဒိမ်းမှုဖြစ်ပွားမှု အရေအတွက်သည် တိုးပွားလာသကဲ့သို့ သက်ငယ်မုဒိမ်းဖြစ်ပွားမှု ရာခိုင်နှုန်းသည်လည်း မြင့်မားလာပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ဖြစ်ပွားမှုမှာ ပြစ်မှုအနည်းအများအလိုက် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ သက်ငယ်မုဒိမ်းမှုဖြစ်ပွားရာတွင် ကျူးလွန်ခံရသူများနှင့် အသက်နှစ်နှစ်မှ ငါးနှစ်ကြား ကလေးသူငယ်များပင် ပါရှိပြီး အသက် ၁၄ နှစ်မှ ၁၆ နှစ်ကြား ကလေးသူငယ်များသည် အများဆုံးကျူးလွန်ခံရကြောင်းနှင့် ကျူးလွန်သူအများစုသည် အသက် ၁၉ နှစ်မှ အသက် ၅၀ ကြား အများဆုံးဖြစ်ကြောင်း၊ အသက် ၁၆ နှစ်အောက်ကလေးများ ပင်လျှင် သက်ငယ်မုဒိမ်းကျူးလွန်မှုများတွင် ပါဝင်ကျူးလွန်နေကြောင်း တွေ့ရှိသည့်အပြင် ကျူးလွန်သူများနှင့် ပထွေးများနှင့် ဆွေမျိုးတော်စပ်သူများမှ အခွင့်အရေးရယူမှု ရှိသကဲ့သို့ ဖခင်အရင်း များပင် ကျူးလွန်ကြောင်းကို တွေ့ရှိရပါကြောင်း၊ ထို့အပြင် နေ့အချိန် ကျေးရွာများမှာ အများဆုံးဖြစ်ပွားခဲ့ကြောင်းနှင့် ကျူးလွန်ခံရသည့် အကြောင်းရင်းများမှာ ကလေးသူငယ်များအပေါ် အဓမ္မပြုကျင့်မှုများနှင့် ဖြားယောင်းသွေးဆောင်မှုများသည် ဒုတိယအများဆုံး ကျူးလွန်သည်ကို တွေ့ရှိရပါကြောင်း၊ သက်ငယ်မုဒိမ်းမှုများပိုမိုဖြစ်ပွားလာရခြင်း၏ အကြောင်းရင်းများကို စိစစ်ပြီး တင်ပြပါအတိုင်း သုံးသပ်တွေ့ရှိရပြီး ညစ်ညမ်းဗွီဒီယိုများ အလွယ်တကူကြည့်ရှုနိုင်ခြင်းနှင့် အရက်နှင့် မူးယစ်ဆေးဝါးသုံးစွဲမှုတို့ကြောင့် ကျူးလွန်မှုများ ပိုမိုဖြစ်ပွားလာရကြောင်းကိုလည်း တွေ့ရှိရပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် သက်ငယ်မုဒိမ်းမှုများ ဖြစ်ပွားမှုအပေါ် သုံးသပ်ပြီး သက်ငယ်မုဒိမ်းမှုများ လျော့နည်းကျဆင်းရေးအတွက် စီမံချက်ရေးဆွဲဆောင်ရွက်ရာတွင် ပြစ်မှုဖြစ်ပွားမှုများကို တွန်းအားဖြစ်စေသည့် အရက်နှင့်မူးယစ်ဆေးဝါး အမှုအပါအဝင် ကြိုတင်ကာကွယ်မှုများကို ထိထိရောက်ရောက်ဖမ်းဆီး အရေးယူဆောင်ရွက်ခြင်း၊ ဖြစ်ပွားလာသည့် အမှုများကို သက်သေအထောက်အထား ခိုင်လုံစွာဖြင့် ဥပဒေနှင့်အညီ တရားစွဲတင်နိုင်ရေး ဆောင်ရွက်ခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်းကို သက်ဆိုင်ရာတရားရုံးမှ ဆောင်ရွက်ပြီးထိရောက်သော ပြစ်ဒဏ်ရရှိရေးအတွက် ဥပဒေရုံးများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ တရားရုံးများမှ ချမှတ်သည့် ပြစ်ဒဏ်နှင့်စပ်လျဉ်းပြီး ပြစ်မှု၊ ပြစ်ဒဏ်မျှတမှု မရှိသောအမှုများကို စိစစ်ပြီး အဆင့်မြင့်တရားရုံးများသို့ အယူခံမှု၊ ပြင်ဆင်မှုများ တက်ရောက်နိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက် ရှိသကဲ့သို့ အသိပညာပေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊
ထို့အပြင် တစ်ချိန်တည်း မှုခင်းကြိုတင်ကာကွယ်တားဆီးရေး မဟာဗျူဟာအပေါ် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်ပြီး လေ့လာသုံးသပ်ပြင်ဆင်ရေးဆွဲခြင်းနှင့် မူးယစ်မူဝါဒအသစ်ချမှတ်ရေးဆွဲ အကောင်အထည်ဖော်မှုများကိုလည်း ဆောင်ရွက်ခြင်းအားဖြင့် သက်ငယ်မုဒိမ်းအပါအဝင် ရာဇဝတ်မှုများ၊ လျော့နည်းကျဆင်းရေးကိုလည်း အလေးထားဆောင်ရွက် လျက်ရှိသည့်အပြင် ပြည်သူလူထုများပူးပေါင်းပါဝင် ဆောင်ရွက်မှုများနှင့် ကာကွယ်စောင့်ရှောက် နိုင်ရေးကိုလည်း အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ငယ်မုဒိမ်းပြုကျင့်သူများအပေါ် ဆန့်ကျင်သည့် ကလေးသူငယ်များ အကာအကွယ်ပေးခြင်းစသည့် လူထုပူးပေါင်းပါဝင် ဆောင်ရွက်မှုများလည်း သက်ငယ်မုဒိမ်းလျှော့ချနိုင်ရေးအတွက် အဓိကစွမ်းအားတစ်ရပ် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် သက်ငယ်မုဒိမ်းများ စုံစမ်းစစ်ဆေးပြီး တရားရုံးများကို တရားစွဲတင်ပို့ရာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ မြို့နယ်တရားရုံးကို ၁၃ မှု၊ ခရိုင်တရားရုံးကို ၂၃၆ မှု စုစုပေါင်း ၂၄၆ မှု တရားစွဲတင်ပို့ နိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် သက်ငယ်မုဒိမ်း ဖြစ်ပွားမှုများကို ၂၀၁၆ ခုနှစ်တွင် ၉၆.၇၂ ရာခိုင်နှုန်း၊ ၂၀၁၇ ခုနှစ်တွင် ၉၇.၉၉ ရာခိုင်နှုန်းနှင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ၆၉.၁၇ ရာခိုင်နှုန်း ဖမ်းဆီးတရားစွဲတင်နိုင်ခဲ့ပြီး ကျန်ရှိသည့် တရားခံများကို တရားစွဲတင်ခြင်းနှင့် တရားခံပြေးများ ဖော်ထုတ်ဖမ်းဆီးနိုင်ရေးတို့ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တရားရုံးတွင် သက်ငယ်မုဒိမ်းကျူးလွန်သူများကို ပြစ်ဒဏ်ချမှတ်မှု အနေဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ထောင်ဒဏ် ၈ နှစ်မှ ၁၀ နှစ်အထိ ၂၈ ဦး၊ ထောင်ဒဏ် ၁၁ နှစ် မှ ၂၀ နှစ်အထိ ၁၃ ဦး၊ ထောင်ဒဏ် ၂၀ နှစ်အထက် လေးဦးနှင့် သေဒဏ်တစ်ဦး စုစုပေါင်း ၄၆ ဦးကို တရားရုံးများမှလည်း ပြစ်ဒဏ်အသီးသီး ချမှတ်နိုင်ခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ထောင်ဒဏ် ၂၀ နှစ် ချမှတ်ခဲ့ရာ ၂၀၁၇ ခုနှစ်တွင် ၂၅ ဦးအထိ အမိန့်ချမှတ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် သေဒဏ်တစ်ဦး ပြစ်ဒဏ်ချမှတ်ခဲ့သည့်အတွက် သက်ဆိုင်ရာတရားရုံးများအနေဖြင့် ထိရောက်ပြစ်ဒဏ်များ တိုးမြှင့်ချမှတ်လျက်ရှိပါကြောင်း တွေ့ရှိရပါသည်။
အဆိုပါ ပြစ်ဒဏ်ချမှတ်ခဲ့သည့် အမှုများအနက် ၂၀၁၆ ခုနှစ်တွင် ၁၇ မှု၊ ၂၀၁၇ ခုနှစ်တွင် ၃၄ မှုနှင့် ၂၀၁၈ ခုနှစ်၊ ဧပြီလအထိ ၁၁ မှု စုစုပေါင်း ၆၁ မှုကို ပြစ်မှုနှင့် ပြစ်ဒဏ်မျှတမှု မရှိကြောင်း သုံးသပ် တွေ့ရှိရသည့်အတွက် ပြစ်ဒဏ်တိုးမြှင့်နိုင်ရေးကိုလည်း အယူခံပြင်ဆင်တက်ရောက်ခဲ့ပါကြောင်း၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ မုဒိမ်းမှုအတွက်အများ ဆုံးချမှတ်နိုင်သည့် ပြစ်ဒဏ်မှာ ထောင်ဒဏ် ၂၀ နှစ်ဖြစ်၍ ကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိရောက်သောပြစ်ဒဏ် ချမှတ်နိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ တရားစွဲတင်ခြင်း၊ ကလေးသူငယ်များကို မုဒိမ်းမှုကျူးလွန်ခြင်းကြောင့် အသက်ဘေးအန္တရာယ် ဖြစ်စေနိုင်ခြင်း၊ ရောဂါဝေဒနာစွဲကပ်နိုင်ခြင်း၊ ဂုဏ်သိက္ခာကျဆင်းစေခြင်းတို့ကို ဖြစ်စေသည့်အတွက် ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေပုဒ်မ ၆၅ ပုဒ်မခွဲ (က) အရလည်း ထပ်မံအရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျူးလွန်ခံရသူများကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေအရစည်းရုံးခြင်း၊ သယ်ဆောင်ခြင်း၊ ခေါင်းပုံဖြတ်ခြင်းတို့ စစ်ဆေးပေါ်ပေါက်လျှင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေအရလည်း ထပ်မံပူးတွဲ အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိရောက်သော ပြစ်ဒဏ် ချမှတ်နိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သက်ဆိုင်ရာတရားရုံး၊ ဥပဒေရုံးများ ကဏ္ဍအလိုက် အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ငယ်မုဒိမ်းမှုများနှင့် ပတ်သက်ပြီး ထိရောက်သည့် ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနက ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေများကို ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၏ မြန်မာနိုင်ငံအပေါ် အကြံပြုချက်များနှင့်အညီ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေကိုပြန်လည်ရေးဆွဲ ဆောင်ရွက်လျက်ရှိသည့်အပြင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကိုလည်း အသစ်ရေးဆွဲလျက်ရှိပါကြောင်း၊ အဆိုပါဥပဒေကြမ်းတွင် ကလေးသူငယ်အမျိုးသမီးများ၊ မသန်စွမ်းသူအမျိုးသမီးများအပေါ် ကျူးလွန်သည့် မုဒိမ်းမှုများနှင့် ပတ်သက်ပြီး ထိရောက်ဟန့်တားသည့် ပြစ်ဒဏ်များ ချမှတ်နိုင်ရေးကိုလည်း ထည့်သွင်းရေးဆွဲလျက်ရှိပါကြောင်း၊ သက်ငယ်မုဒိမ်းမှု လျော့နည်းပ ပျောက်ရေးအတွက် ပညာပေးဟောပြောမှုများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအဖွဲ့များ၊ ဥပဒေအရာရှိများ၊ လူမှုဝန်ထမ်းဦးစီးဌာန အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ လူမှု အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ရပ်ကွက်/ကျေးရွာများ အထိလည်းကောင်း၊ စာသင်ကျောင်းများတွင် လည်းကောင်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသည့်အပြင် ဘာသာရေး၊ လူမှုရေးဆိုင်ရာ သင်တန်းများတွင်လည်း သက်ငယ်မုဒိမ်းမှုများ အပါအဝင် မှုခင်းများမဖြစ်ပွားစေရေးအတွက် ပညာပေးဟောပြောမှုတွေကိုလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ် ဧပြီလထိ ပညာပေးဟောပြောမှုစုစုပေါင်း ၆၃၂၁ ကြိမ်၊ လက်ကမ်းစာစောင်ဖြန့်ဝေမှု ၂၆၀၆ ကြိမ် အစောင်ရေစုစုပေါင်း ၁၀၀၀၀၀ ကျော် ဖြန့်ဝေနိုင်ခဲ့ပြီး ဆိုင်းဘုတ်/ပိုစတာစိုက်ထူခြင်း၊ ပြည်သူလူထုအတွင်း ပညာပေးဟောပြောမှု ၂၇၈ ကြိမ်လည်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ သက်ငယ်မုဒိမ်းနှင့် ပတ်သက်ပြီး ပြည်သူတစ်ရပ်လုံးသို့ အသိပညာပေးဟောပြောမှုများ ကြိုတင်ကာကွယ်ရေးအတွက် အဓိကလုပ်ငန်းစဉ်တစ်ရပ်အဖြစ် အလေးထားဆောင်ရွက် လျက်ရှိသည့်အပြင် ပြည်သူလူထုအတွင်း ပညာပေးဟောပြောမှုများ ပြုလုပ်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့သာမက ဆက်စပ်ဝန်ကြီးဌာနများနှင့်လည်း ပေါင်းစပ်ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ခြင်း၊ လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့်ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ငယ်မုဒိမ်းမှုများ အပါအဝင် မုဒိမ်းမှုများလျော့နည်း ကျဆင်းရေးအတွက် ကြိုတင်ကာကွယ်ရေး အရေးယူမှုများအနေနဖြင့် ညစ်ညမ်းရုပ်ရှင်ပြသမှုများ၊ ရောင်းချမှုများဥပဒေနှင့်အညီ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခြင်း၊ လိုင်စင်မဲ့ အရက်ချက်လုပ် ရောင်းချသူများ၊ မူးယစ်ဆေးဝါးရောင်းဝယ်သူ၊ သုံးစွဲသူများ ဖော်ထုတ်အရေးယူခြင်း၊ မိန်းကလေးငယ်များကို ကာအိန္ဒြေပျက်ပြားအောင် ထိခိုက်နှောင့်ယှက်သူများကို ဥပဒေအရအရေးယူ ခြင်း၊ ခွင့်ပြုချက်မရှိသော လိင်ပိုင်းဆိုင်ရာဆေးဝါးများ ရောင်းချမှုကို ဥပဒေနှင့်အညီ ဖော်ထုတ်ဖမ်းဆီး အရေးယူခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ် ဧပြီလကုန်အထိ မုဒိမ်းမှုကြိုတင် ကာကွယ်ရေးအတွက် ဖမ်းဆီးအရေးယူမှုတွင် ပြည့်တန်ဆာမှု ၁၄၁ မှု၊ ယစ်မျိုးမှု ၂၅၄၃ မှု၊ မူးယစ် ဆေးဝါးမှု ၃၃၁၀ မှု၊ ဆင်ဆာမဲ့ ဗီဒီယိုဖမ်းဆီးမှု ၅၈ မှုတို့ကို ဖမ်းဆီးအရေးယူခဲ့ပြီး ပိုမိုဖမ်းဆီးနိုင်ရေး ကိုလည်း အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊
သို့ပါ၍ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် သက်ငယ်မုဒိမ်းဖြစ်စဉ်တွင် မည်သို့မှလက်မခံနိုင်သည့် ပြစ်မှုဖြစ်သည့်အတွက် လူမဆန်သည့် လုပ်ရပ်အဖြစ် သတ်မှတ်ပြီး၊ ဖြစ်စဉ်များ လျော့နည်းပပျောက်ပြီး အနာဂတ်မျိုးဆက်သစ် ကလေးသူငယ်များကို ထိရောက်စွာ အကာအကွယ်ပေးနိုင်ရေးအတွက် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်လာစေရန်နှင့် မြို့ပေါ်နှင့် ကျေးလက်ဒေသများ အပါအဝင် လူထုလူတန်းစားအလွှာအသီးသီးတွင် ဥပဒေအသိပညာနှင့် မှုခင်း အသိပညာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိရေး ပညာပေးဟောပြောမှုများ ဆောင်ရွက်ခြင်း၊ ပြစ်မှုဖြစ်ပွားမှုကို တွန်းအားဖြစ်စေသည့် ကိစ္စရပ်များကို ကြိုတင်ကာကွယ်မှုအနေဖြင့် ထိထိရောက်ရောက် ဖမ်းဆီးအရေးယူ ဆောင်ရွက်ခြင်း၊ ဖြစ်ပွားရသည့် အကြောင်းအရင်းများပေါ် သုံးသပ်ပြီး အစီအမံများရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ဖြစ်ပွားလာသည့် အမှုများကို ခိုင်မာစွာ တရားစွဲတင်ပြီး ဥပဒေနှင့်အညီ ထိရောက်သည့် ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ထိရောက်သည့် ပြစ်ဒဏ်များချမှတ်နိုင်ရန်အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို ပြင်ဆင်ရေးဆွဲခြင်းနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်တားဆီး ကာကွယ်ရေးဥပဒေကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနမှ အသစ်ရေးဆွဲလျက်ရှိခြင်း၊ ပြစ်မှုကျူးလွန်ခံရသူကလေးသူငယ်များ၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် စောင့်ရှောက်မှုပေးနိုင်ရန် သက်ဆိုင်ရာဌာနများ၊ လူမှုအဖွဲ့အစည်းများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးသာဌေး မှ ဆက်စပ်ဖြေကြားပါသည်။
မုဒိမ်းမှုနှင့်စပ်လျဉ်းပြီး ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ ပြစ်မှုကျူးလွန်သည့် တရားခံကို ထောင်ဒဏ် အနှစ် ၂၀ ထိဖြစ်စေ၊ ၁၀ နှစ်ထိထောင်ဒဏ်တစ်မျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ် နိုင်ပါကြောင်း၊ သို့သော်လည်း တရားခံက အရွယ်မရောက်သေးသူ ကလေးသူငယ်ကိုဖြစ်စေ၊ အရွယ်ရောက်ပြီး သူကိုဖြစ်စေ မုဒိမ်းမှုပြုကျင့်ပြီး ယင်းမုဒိမ်းပြုကျင့်ခံရသူကို သတ်ဖြတ်ခဲ့ကြောင်း ပေါ်ပေါက်ပါက ယင်းတရားခံကို တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၃၀၂ (ဃ) အရ သေဒဏ်မှအပ အခြားပြစ်ဒဏ် ချမှတ်နိုင်ခြင်းမရှိသဖြင့် သေဒဏ်ကိုမလွဲမသေ ချမှတ်မည်ဖြစ်ပါကြောင်း၊ ယခုအခါ အရွယ်မရောက်သေးသူ ကလေးသူငယ်များအပေါ် မုဒိမ်းမှုကျူးလွန်သည့် ပြစ်မှုများ များပြားလာကြောင်း သိရသဖြင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအပေါ် မုဒိမ်းမှုကျူးလွန်သည့် ပြစ်မှုများကို ခရိုင်တရားရုံးက လက်ခံစစ်ဆေးရန် ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်ပါက ပြစ်မှုကျူးလွန်သူတရားခံကို ထိရောက်ဟန့်တားသည့် ပြင်းထန်သော ပြစ်ဒဏ်၊ အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ရန် အဆိုပါအမှုများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အစီရင်ခံသွားရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ၉-၁-၂၀၁၇ ရက်စွဲပါစာအမှတ်၊ ၁၂၁/၂/ပတခ ၆၃/၂၀၁၇ ဖြင့် လက်အောက်ခံ တရားရုံးများသို့ ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ယင်းညွှန်ကြားချက်အတိုင်း ကြီးကြပ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ အရွယ်မရောက်သေးသူ ကလေးသူငယ်အပေါ် ကျူးလွန်သည့် သက်ငယ်မုဒိမ်းမှုများကို ဥပဒေအရခွင့်ပြုသည့် ကြီးလေးသော ပြစ်ဒဏ်များချမှတ်နိုင်ခြင်းဖြင့် မုဒိမ်းမှုများ လျော့နည်းပ ပျောက်စေရန် တရားရုံးက ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယင်းသို့ တရားရုံးများက အရွယ်မရောက်သေးသူ ကလေးသူငယ်များအပေါ် မုဒိမ်းမှုကျူးလွန်သူတရားခံများကို ဥပဒေအရ ခွင့်ပြုသည့်အတိုင်း ကြီးလေးသည့်အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်ခြင်းဖြင့် ယင်းပြစ်မှုများဖြစ်ပွားမှု လျော့နည်းပပျောက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
