(ဃ)-ဟုမ္မလင်းမြို့နယ်အတွင်းရှိ ချောင်းကြီးချောင်း၊ နက်နန်းချောင်းအစရှိသော ကျေးရွာများစွာတည်ရှိရာ မြစ်ချောင်းများအတွင်း ရွှေမျောများခိုးတိုက်နေကြခြင်း လုံးဝမရှိစေရေးဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ နှင်‌့စပ်လျဉ်းသည်‌့မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့ (၂၅.၅.၂၀၁၈)

 

ဟုမ္မလင်းမြို့နယ်အတွင်း ချောင်းကြီးချောင်း၊ နက်နန်းချောင်း၊ နန်ထိန်ကွန်းချောင်း၊ နန်းမော်ချောင်း ဆိုပြီးမှ ရေဆင်းဒေသများစွာရှိပါကြောင်း၊ ၎င်းရေဆင်းဒေသများစွာသည် ကျေးရွာများတစ်ဆင်‌့၊ ကမ်းဘေးတွင် ဒေသမှာရှိသည့် ကျေးရွာပြည်သူများသည် ထိုချောင်းများကို အမှီပြုပြီး စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်စားသောက်ကြပါကြောင်း၊ ယခုအခါ ထိုရေဆင်းဒေသများတွင် ရွှေမျောများ တရားမဝင်ခိုးတိုက်ကြပါသဖြင်‌့ ရေလမ်းကြောင်းများပိတ်၍ နွေရာသီတွင် ကျေးရွာများအတွင်း ရေဘေးအန္တရာယ်ကျ ရောက်နိုင်သည့်အခြေအနေကို ကြုံနေရပါကြောင်း၊ မိုးရွာ သည်နှင့်တစ်ပြိုင်နက် ရေဆင်းများပိတ်ပြီး တချို့ရွာများတွင် ရေများအောင်းခြင်း၊ လယ်များအတွင်း ရေအောင်းခြင်းများ ကြုံနေရပါကြောင်း၊ မြို့နယ်တာဝန်ရှိသူများနှင့် အကြိမ်ကြိမ်သွားရောက် တားမြစ်သော်လည်း  ရပ်ဆိုင်းသွားခြင်းမရှိဘဲ တားမြစ်သူများကိုပင် ဘေးအန္တရာယ်နှင်‌့ ကြုံနိုင်သည်‌့ အင်အားစုအဖြစ် တိုးပွားလာသည်ကို တွေ့ရှိရပါကြောင်း၊ စစ်ဆေးရေးလာလျှင် ရပ်ဆိုင်း ဖြုတ်သိမ်း ထားပြီး ပြန်သွားပြီဆိုလျှင် ဆက်လက်မောင်းမြဲ၊ တိုက်မြဲဖြစ်နေသည်မှာ အံံ့သြစရာ ဖြစ်နေပါကြောင်း၊ မြစ်၊ ချောင်းရေဆင်းများအတွင်း ရွှေမျောများခိုးတိုက်ခြင်း လုံးဝရပ်ဆိုင်းသွားရန် အထူးအစီအစဉ် ချမှတ်ပြီး ဆောင်ရွက်သွားမှသာ ရေဆင်းများကောင်းမွန်လာပြီး လယ်/ယာများပျက်စီးမှုကို ကာကွယ်နိုင်မည် ဖြစ်ပါကြောင်း၊

ရွှေမျောများကို တရားမဝင်တိုက်နေသည့်အတွက် မိမိတို့နိုင်ငံတော်အတွက်လည်း ဘဏ္ဍာငွေ မရပါကြောင်း၊ ၎င်းရွှေမျောများ တိုက်လိုက်သည့်အတွက် ရေဆင်းများမှာလည်း ပျက်စီးပြီး ချောင်းကမ်းများ ပျက်စီးပါကြောင်း၊ ချောင်းကမ်း‌များ ပြုပြင်ရန်တောင်းပြီဆိုလျှင် နိုင်ငံတော် ဘတ်ဂျက်ကုန်ခြင်းမျိုးကိုလည်း ကြုံတွေ့ရပါကြောင်း၊ ထို့ကြောင့် ရွှေမျောလုပ်သားများဘက်မှ သူတို့အတွက် တစ်ပိုင်တစ်နိုင်လုပ်ပိုင်ခွင်‌့ဆိုသည့် မျှော်လင်‌့ချက်ကိုလည်း ယခုထိ မျှော်လင်‌့နေကြသည်ကိုလည်း တွေ့မြင်ကြရပါကြောင်း၊ ထို့ကြောင့် ချောင်းကြီး၊ နန်ထိန်ကွန်း၊ နန့်ဇကားချောင်းများသည် ဥရုမြစ်ထဲတွင်စုဝင်ကြပြီး နက်နန်းချောင်းက ချင်းတွင်းမြစ်ထဲကို စီးဝင်ပါကြောင်း၊ ဟုမ္မလင်းမြို့ထဲတွင် သူ့၏ရေဝင်ရေလက် တက်များကို ဖျက်ဆီးခံနေရသည့်အတွက် ဥရုမြစ်ကြီး တစ်ခါပျက်စီးပြီးမှ ချောင်းရေသည် နောက်ကျိနေသည့်အတွက် ဥရုမြစ်ကြီး ကယ်တင်ရန်လည်း အရေးကြီးနေခြင်းနှင့် ချောင်းကြီးချောင်းတွင်ရှိသည့် ရွှေမျောတိုက်ခြင်းကိုလည်း မည်ကဲ့သို့ ဆောင်ရွက်မည်ဆိုသည်ကိုလည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်သည် ၄၅၂၉.၅၆၈ ဧရိယာစတုရန်းမိုင် ကျယ်ဝန်းပြီး အရှေ့ဘက်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မိုးညှင်းမြို့နယ်၊ အနောက်ဘက်တွင် တမူးမြို့နယ်၊ တောင်ဘက်တွင် ဖောင်းပြင်မြို့နယ်၊ မြောက်ဘက်တွင် ခန္တီးမြို့နယ်၊ လေရှီးမြို့နယ်တို့နှင့် ဆက်စပ်တည်ရှိပါကြောင်း၊ မြို့နယ်အတွင်းရှိ ဒေသအနှံ့အပြားတွင် ရွှေထွက်ရှိသည့် အတွက်ကြောင်‌့ ယခင်ကတည်းက ဒေသခံများသည် မိရိုးဖလာရွှေထုတ်လုပ်မှု လုပ်ကိုင်ဆောင်ရွက် ခဲ့ကြသည့်အတွက် သယံဇာတနှင်‌့သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာနမှ အသေးစားရွှေလုပ်ကွက်များ ချထားလုပ်ကိုင်ခွင်‌့ပြုခဲ့ပါကြောင်း၊ ဒေသခံနှင့်ရွှေ့ပြောင်းအခြေချ နေထိုင်သူအချို့သည် ကုမ္ပဏီတည်ထောင်ပြီး အသေးစား ရွှေလုပ်ကွက်များ လျှောက်ထားခဲ့သော်လည်း အချို့မှာအရင်းနှီးမရှိ၍ တရားမဝင်လုပ်ကိုင်ခြင်း၊ မြစ်ကြောင်းတစ်လျှောက်တွင်  ရွှေထွက်မှုနှုန်းကောင်းမွန်ခြင်း၊ အလွယ်တကူရှာဖွေနိုင်ခြင်း၊ လုပ်ငန်းအတွက်လိုအပ်သည့် ရေအလွယ်တကူရရှိနိုင်ခြင်းတို့ကြောင့် ချောင်းကြီးချောင်း၊ နက်နန်းချောင်းအစရှိသည့် ကျေးရွာတွင်တည်ရှိသည့် မြစ်ချောင်းများမှာ တရားမဝင်ရွှေမျော တိုက်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်‌းလည်း တွေ့ရှိရပါကြောင်း၊ တရားမဝင် ရွှေမျောများ လုပ်ကိုင်မှု မရှိစေရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ သတ္တုတွင်း လုပ်ငန်း၊ မြို့နယ်‌မြေစာရင်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ပါဝင်သည့် ဖမ်းဆီးစစ်ဆေးရေး အဖွဲ့များမှ အကြိမ်ကြိမ်ကွင်းဆင်းပြီး ဖမ်းဆီးစစ်ဆေးအရေးယူခဲ့သော်လည်း တရားမဝင်ရွှေမျော လုပ်ကိုင်သူများသည် လာရောက်စစ်ဆေးချိန်တွင် ရှောင်တိမ်းထွက်ခွာပြီး ဖမ်းဆီးစစ်ဆေးရေးအဖွဲ့များ ပြန်သွားချိန်တွင် တရားမဝင်ရွှေမျောလုပ်ကိုင်သူများ ပြန်လည်လုပ်ကိုင်ကြောင်းလည်း သိရှိရပါကြောင်း၊

တရားမဝင်ရွှေမျော လုပ်ကိုင်သူများသည် မြန်မာ့သတ္တုတွင်းဥပဒေအရ အရေးယူခဲ့ရာ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်ထိ ၆၅ မှု၊ တရားခံ ၁၁၃ ဦး၊ အင်ဂျင်စက်နှင့်ဆက်စပ်ပစ္စည်းများ ဖမ်းဆီးအရေးယူနိုင်ခဲ့ သည့်အပြင် တရားမဝင်ရွှေမျောများတွင် အသုံးပြုသည့် ပိုင်ရှင်မဲ့ပစ္စည်းသိမ်း ဖမ်းဆီးရမှုများ အနေနှင့်လည်း ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အင်ဂျင် ၆၃ လုံးကိုလည်း ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပါကြောင်း၊ တရားဝင်လုပ်ဆောင်ခွင်‌့ရရှိပြီးသည့် ကုမ္ပဏီများက လိုက်နာရမည့် အချက်များ လိုက်နာမှုမရှိဘဲ စည်းကမ်းမဲ့တူးဖော် ဆောင်ရွက်နေခြင်း၊ တရားမဝင်ရွှေသတ္တု တူးဖော်လုပ်ကိုင်နေသူများကို စနစ်တကျစီမံဆောင်ရွက်ရန် လိုအပ်လျက်ရှိသည့်အတွက်ကြောင့် ၆-၁-၂၀၁၇ နေ့ တွင် ကျင်းပပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစည်းအဝေးတွင် ဟုမ္မလင်းမြို့နယ်၊ နန့်တော၊ လောင်ဖောင်၊ ထိန်ကုန်း၊ ဟဲဖက်ကျေးရွာအုပ်စုများ ရွှေသတ္တုတူးဖော် လုပ်ခြင်းများကို ယာယီရပ်ဆိုင်းထားရန် ဆုံးဖြတ်ဆောင်ရွက်ကြပ်မတ်ခဲ့ပါကြောင်း၊ ၃၀-၈-၂၀၁၇ ရက် နေ့တွင် ကျင်းပပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစည်းအဝေးတွင် လျှောက်ထားသည့် မြေနေရာသည် ယခင်တူးဖော်ထားသည့် မျောမီးခုံဟောင်းများ ဟုတ်/မဟုတ်နှင့် မျောမီးခုံဟောင်းများ ဖြစ်မည်ဆိုလျှင် ထောက်ခံတင်ပြရန် လျှောက်ထားမြေနေရာသည် လုပ်ကွက်အသစ်ဖြစ်ပါက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်သည့်အတွက် ထောက်ခံခြင်းမပြုရန် ဆုံးဖြတ်ခဲ့ပြီး အဆိုပါဆုံးဖြတ်ချက်နှင့်အညီ ရွှေသတ္တုလုပ်ကွက်များနှင့်ပတ်သက်ပြီး စိစစ်၍ သဘောထား မှတ်ချက်ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သယံဇာတနှင်‌့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာနမှ ဟုမ္မလင်းမြို့နယ်အတွင်း လက်ရှိတရားဝင် ရွှေမျောထုတ်လုပ်ရန်အတွက် ခွင့်ပြုမိန့်ပေးထားသည့် ကုမ္ပဏီ ၃၁ ခု၊ လုပ်ကွက် ၃၆ ကွက်ရှိကြောင်းကို သိရှိရပါကြောင်း၊ သယံဇာတနှင်‌့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၁၃-၂-၂၀၁၈ ရက် ရက်စွဲပါကြော်ငြာစာအမှတ်၊ ၁၁/၂၀၁၈ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဓာတ်သတ္တုအသေးစား သို့မဟုတ် လက်လုပ်လက်စား လုပ်ကွက်စိစစ်ချထားရေး အဖွဲ့ကိုဝန်ကြီး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ သယံဇာတနှင်‌့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ်ပါဝင်သည့် အဖွဲ့ဝင်ခုနစ်ဦးနှင့်လည်း ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည့်အပြင် ၂၂-၂-၂၀၁၈ ရက်နေ့ အမိန့်စာအမှတ်၊ ၄၂/၂၀၁၈ နှင့်လည်း ဦးကျော်ကျော်အုန်း၊ ဘူမိဗေဒအရာရှိ၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင် အဖြစ်ပါဝင်သည့် အဖွဲ့ဝင်များနှင့် ဓာတ်သတ္တုအသေးစား လုပ်ကွက်ငယ်များ လက်လုပ်လက်စား လုပ်ကွက်များ လုပ်ကိုင်ချထားပေးသော်လည်း လုပ်ကွက်ဧရိယာ သတ်မှတ်နိုင်ရန်အတွက် ကွင်းဆင်းတိုင်းတာရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ အဆိုပါကွင်းဆင်းတိုင်းတာရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး အကြမ်းဖျင်းဧရိယာပါရှိသည့် အစီရင်ခံစာများကို သယံဇာတနှင်‌့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနကို တင်ပြထားရှိပြီးဖြစ်ပါကြောင်းနှင်‌့ အဆိုပါတင်ပြချက်အပေါ် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ အတည်ပြုဧရိယာ သတ်မှတ်ချက်ပြန်ကြားလာပါက ၂၀၁၈ ခုနှစ်၊ သတ္တုတွင်းနည်းဥပဒေနှင့်အညီ လေးဧကရှိသည့် အသေးစားရွှေလုပ်ကွက်များ၊ တစ်ဧကရှိသည့် လက်လုပ်လက်စား ရွှေလုပ်ကွက်များကို တိုင်းဒေသကြီးလုပ်ကွက် စိစစ်ချထားရေးအဖွဲ့မှ လုပ်ကိုင်ခွင်‌့ချထား ပေးခြင်းဖြင်‌့လည်း တရားမဝင်ရွှေသတ္တုတူးဖော်မှုများ လျော့ကျသွားစေနိုင်မည် ဖြစ်ပါကြောင်း၊ ရွှေသတ္တုနှင့်သယံဇာတ တရားမဝင်တူးဖော် ထုတ်လုပ်မှုများကို ထိရောက်စွာ စိစစ်ကြပ်မတ်ဖမ်းဆီး အရေးယူနိုင်ရန်အတွက် ခရိုင်နှင့်မြို့နယ်အဆင်‌့ဆင်‌့ ကြီးကြပ်မှုအဖွဲ့များကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၄-၅-၂၀၁၈ ရက်နေ့တွင် ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ကြီးကြပ်ဆောင်ရွက်လျက် ရှိပါကြောင်း၊

          ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်တိုင်ဦးဆောင်သည့် အဖွဲ့က ၁၂-၅-၂၀၁၈ နေ့တွင် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့မှူးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းပါဝင်သည့်အဖွဲ့နှင့် ကောလင်း မြို့နယ်၊ ကြာအင်းကျေးရွာအနီး တရားမဝင်ရွှေသတ္တု တူးဖော်နေမှုများကိုလည်း ကိုယ်တိုင်ကွင်းဆင်း လေ့လာစိစစ် ဆောင်ရွက်ခဲ့ပါကြောင်း၊ တရားမဝင်ရွှေမျောများတူးဖော်မှု မပြုလုပ်စေရေးအတွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများမှ ဝိုင်းဝန်းထိန်းသိမ်းကြရန်နှင်‌့ ထိန်းသိမ်းမရပါက သက်ဆိုင်ရာဌာနများသို့ သတင်းပို့ကြရန်ညွှန်ကြားခြင်း၊ တရားမဝင်ရွှေတူးဖော်မှု ကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက် ပျက်စီးမှုအခြေအနေများ၊ အရေးယူခံနိုင်သည်‌့ မြန်မာ့သတ္တုတွင်း ဥပဒေနှင့် မြန်မာ့သတ္တုတွင်းဥပဒေကို ပြင်ဆင်သည်‌့ဥပဒေတို့ကို ပြဋ္ဌာန်းထားရှိသည့် ပြစ်မှု၊ ပြစ်ဒဏ်များကိုလည်း ဒေသခံပြည်သူများ နားလည်သဘောပေါက်အောင် အသိပညာပေး စည်းရုံးဟောပြောခြင်းများကိုလည်း တိုးမြှင်‌့ဆောင်ရွက်စေလျက ရှိပါကြောင်း၊ တရားမဝင်ဓာတ်သတ္တု ထုတ်လုပ်မှု လျော့နည်းပပျောက်စေရေး ရည်ရွယ်ပြီး ထိရောက်ပြစ်ဒဏ် ချမှတ်နိုင်ရေးအတွက်ကိုလည်း မြန်မာ့သတ္တုတွင်း ဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၃၀ (က) တွင် ထောင်ဒဏ်ခုနစ်အစား ၁၀ နှစ်ထိ တိုးမြှင်‌့သကဲ့သို့ ငွေဒဏ် ၅၀၀၀၀ အစား သိန်း ၅၀ အထိလည်းကောင်း၊ ပုဒ်မ ၃၀ (ခ) တွင် အနည်းဆုံးထောင်ဒဏ် တစ်လမှ အများဆုံး ထောင်ဒဏ် သုံးလအထိနှင့် ငွေဒဏ်တစ်သိန်းအထိလည်းကောင်း၊ ပုဒ်မ ၃၁ မှာတော့ ငွေဒဏ် ၂၀၀၀၀ အစား ကျပ်သိန်း ၂၀  အထိလည်းကောင်း၊ ပုဒ်မ ၃၂ တွင် ငွေဒဏ် ၁၀၀၀၀ အစား ကျပ် ၁၀ သိန်းထိလည်းကောင်း၊ ပုဒ်မ ၃၃ တွင် ငွေဒဏ် ၅၀၀၀၀ အစား ၅ သိန်းအထိလည်းကောင်း၊ ထောင်ဒဏ်နှင့် ငွေဒဏ်များကိုလည်း တိုးမြှင့်ပြင်ဆင် ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဟုမ္မလင်းမြို့နယ်အတွင်းရှိ ချောင်းကြီးချောင်းနှင့် နက်နန်းချောင်းအတွင်း တရားမဝင်ရွှေမျော မရှိစေရေးအတွက်ကို မြန်မာ့သတ္တုတွင်းနည်းဥပဒေနှင့်အညီ တိုင်းဒေသကြီး/ ပြည်နယ်လုပ်ကွက် စိစစ်ချထားရေးအဖွဲ့မှ ရွှေလုပ်ကွက်များနှင့်စပ်လျဉ်းပြီး စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင်‌့ တရားမဝင်ရွှေမျော လုပ်ကိုင်သူများကို ဥပဒေနှင့်အညီအရေးယူဆောင်ရွက်လျက်ရှိပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ပြန်လည်ရှင်းလင်းဖြေကြားပါသည်။