(ခ)-မြန်မာအမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူ စာချုပ် (UNCEDAW)ကို လက်မှတ်ရေးထိုးပြီးဖြစ်သဖြင့် လူမှု ကာကွယ်စောင့်ရှောက်မှုနှင့်ပတ်သက်ပြီး ဆောင်ရွက်နေမှု နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ (၁၀.၈.၂၀၁၂)

မြန်မာနိုင်ငံအနေနဲ့ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် (UNCEDAW) ကိုလက်မှတ်ရေးထိုးပြီး အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ အမျိုးသမီးများအတွက် ရပိုင်ခွင့်များအကာအကွယ် ပေးရေးနှင့် အဆင့်မြှင့်တင်ခြင်းဆိုင်ရာ လူမှုကာကွယ်စောင့်ရှောက်မှုလုပ်ငန်းနှင့်ပတ်သက်ပြီး UN အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ကျွန်မတို့မြန်မာနိုင်ငံဟာ Women Friendly Space များ ထူထောင် ခြင်းနှင့်အတူ Counseling Centre များကိုဖွင့်လှစ်ပြီး အမျိုးသမီးများရဲ့ဘဝကိုမြှင့်တင်ပေး လျက်ရှိတာကိုအကြမ်းဖျင်းအားဖြင့် ကျွန်မသိရှိရပါတယ်။  ဒါကြောင့် မြန်မာနိုင်ငံအတွင်းမှာမှီတင်းနေ ထိုင်ကြတဲ့ ကျွန်မတို့မြန်မာအမျိုးသမီး သန်း ၃၀ ခန့်သိရှိနိုင်ရေးအတွက်ရပိုင်ခွင့်များ၊ အကာအကွယ် ပေးရေးများနှင့် အဆင့်မြှင့်တင်ခြင်းဆိုင်ရာအမျိုးသမီးများအတွက်လူမှု ကာကွယ်စောင့်ရှောက်မှုနှင့် ပတ်သက်ပြီးမည်သည့်အတိုင်းအတာအထိ ဆောင်ရွက်ပြီးစီးကြောင်းသိရှိလိုပါတယ်ရှင်။ ဆက်လက်ပြီး တော့လည်း ယခုဒီစနစ်မှာ မည်ကဲ့သို့ဆက်လက်ဆောင်ရွက်နေကြောင်းကိုလည်း သိရှိလိုတဲ့အတွက် လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြန်လည်ဖြေကြားပေးပါရန် မေးမြန်းပါသည်။


 

ဖြေကြားသူ
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဘုန်းဆွေ
အဖြေ

 မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့တွင် အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပြီး အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းတာဝန်များကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီကို ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင်ဖွဲ့စည်းခဲ့ပါတယ်။ မြန်မာအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတစ်ဝန်းကျယ်ပြန့်စွာဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ကို ၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင်ဖွဲ့စည်းခဲ့ပါတယ်။ ဒါ့အပြင် မိခင်နှင့်ကလေးများကို ကာကွယ်စောင့်ရှောက်ရေးအတွက် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီး များစီးပွားရေးဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် စီးပွားရေးဝန်ဆောင်မှုများ လက်လှမ်းမီရရှိနိုင် စေရေးအတွက် အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များ အသင်းတို့ကိုလည်း ဖွဲ့စည်းဆောင်ရွက် လျက်ရှိပါတယ်။ ကုလသမဂ္ဂအမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်နှင့် အမျိုးသား၊ အမျိုးသမီး တန်းတူညီမျှမှုဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို တိုင်းဒေသကြီး/ပြည်နယ်များတွင် ၄ ကြိမ်ဆောင်ရွက်ခဲ့ပြီး ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် တိုင်းဒေသကြီး/ပြည်နယ်များတွင် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လူကုန်ကူး ခြင်းမှကာကွယ်ပေးနိုင်ရန် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာဥပဒေကို ၂၀၀၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး လူကုန်ကူးခံရသူများ အားပြန်လည်လက်ခံရေး၊ မိဘရပ်ထံပြန်လည်အပ်နှံရေးနှင့် မိသားစုပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ အမျိုးသားအဆင်‌့ လုပ်ငန်းလမ်းညွှန်ကို ရေးဆွဲပြီးဖြစ်သဖြင့် ပုံနှိပ်ဖြန့်ဝေနိုင်ရေးစီစဉ် ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်ပ နိုင်ငံများမှ ပြန်လည်ရောက်ရှိလာသော လူကုန်ကူးခံရသူများအား ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ လူမှုအသိုင်းအဝန်းအတွင်း ပြန်လည်ဝင်ဆံ့ ပေါင်းစည်းပေးနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ လူကုန်ကူးခြင်းခံရသူများ အတွက် ယာယီစောင့်ရှောက်ရေးဂေဟာကို မူဆယ်မြို့တွင်ဖွင့်လှစ်ထားပြီး ကော့သောင်းမြို့နှင့် မြဝတီမြို့တို့တွင် ထပ်မံဖွင့်လှစ်ရန်ဆောင်ရွက်လျက်ရှိပါတယ်။ လူကုန်ကူးခြင်းခံ ရမှုမှ ကြိုတင်ကာကွယ်သည်‌့အနေဖြင့် ပြည်သူလူထုအတွင်း သက်မွေးမှုအတတ်ပညာများ တတ်မြောက်စေရန်ရည်ရွယ်၍ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း ၇ ကျောင်းကို ဖွင့်လှစ်ထားပြီး အိမ်တွင်းမှုသက်မွေးပညာရပ်များကိုသင်ကြားပေးခြင်း၊ ရပ်ရွာအတွင်း သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။ ခိုကိုးရာမဲ့အမျိုးသမီးများနှင့် ကာကွယ် စောင့်ရှောက်ရန်လိုအပ်သော အမျိုးသမီးများအတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ဌာန ၂ ခု၊ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးဌာန ၂ ခုနှင့် အကျင်‌့စာရိတ္တပြုပြင်ပေးရန်လိုအပ်သော အသက် ၁၈ နှစ်အောက်အမျိုးသမီးငယ်များကို စောင့်ရှောက်ရန်အတွက် အမျိုးသမီးသက်မွေးအတတ်ပညာ သင်တန်းကျောင်း ၄ ကျောင်းကိုဖွင့်လှစ်၍ ကျောင်းပညာရေးသင်ကြားပေးခြင်း၊ အသက်မွေးဝမ်း ကျောင်းပညာသင်ကြားပေးခြင်း၊ အလုပ်နေရာချထားပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ (၅) ကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံမှချမှတ်ခဲ့သော အဓိက လုပ်ငန်းဧရိယာ ၁၂ ခုအနက် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ အမျိုးသမီးများအား အကြမ်းဖက် မှုမှကာကွယ်ရေး၊ အမျိုးသမီးများဆုံးဖြတ်ချက်ချမှတ်သည်‌့ အဆင်‌့အတန်းနေရာတွင်ပါဝင်ရေးတို့ကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး အမျိုးသား အဆင့်လုပ်ငန်းစီမံချက်များကိုရေးဆွဲလျက်ရှိပါတယ်။ ဒါ့အပြင် အမျိုးသား၊ အမျိုးသမီးတန်းတူညီမျှမှု နှင့် အကြမ်းဖက်မှုဆိုင်ရာအသိပညာပေးမှုများ၊ အမျိုးသမီးများ၏အခြေအနေ၊ အဆင်‌့အတန်းဆိုင်ရာ စစ်တမ်းကောက်ယူမှုလုပ်ငန်းများ၊ လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ မိဘရပ်ထံပြန်လည် အပ်နှံရေးနှင့် မိသားစုဝင်ဆံ့ပေါင်းစည်းရေး၊ အမျိုးသမီးဦးစီးသည်‌့ မိသားစုများ၏ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့ကို ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပလူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း ၍သင်တန်းကျောင်းအခြေပြုနှင့် ရပ်ရွာအခြေပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။