(က)-ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် သက်ဆိုင်သည့် အကြောင်းအရာ ၄ ခု နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ (၁၀.၈.၂၀၁၂)

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် (က) မည်သည့်ဝန်ကြီးဌာန၏ လုပ်ငန်းအဖွဲ့ထံက သို့မဟုတ် ကော်မရှင်က မည်သည့်အခန်းကဏ္ဍမှပါဝင်၍ မည်ကဲ့သို့အကျိုးအမြတ် အမျိုးအစားများရရှိနိုင် ပါမည်နည်း။ (ခ) မည်သည့်နိုင်ငံသားကုမ္ပဏီက မည်သည့်အခန်းကဏ္ဍ၊ မည်သည့် အကျိုးအမြတ် အချိုးအစားရရှိ၍ ငွေကြေးပမာဏမည်မျှပါဝင်ပါသနည်း။ (ဂ) စီမံကိန်းတိုးတက်မှုအခြေအနေနဲ့ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေးအတွက် ကြိုတင်ကာကွယ်မှု၊ စီမံမှုအစီအစဉ်များ မည်ကဲ့သို့ စီစဉ်ထားပါသနည်း။ (ဃ) ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းကြောင့် မြန်မာနိုင်ငံသားများ အလုပ် အကိုင်ရရှိမည့်အလားအလာ မည်သို့ရှိသည်ကိုသိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသောင်းလွင်
အဖြေ

ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတာဝန်နှင့်အတူ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ဥက္ကဋ္ဌတာဝန်ကိုပါ ထမ်းဆောင်နေတဲ့ ကျွန်တော် ဦးသောင်းလွင် က ဖြေကြားတင်ပြမှာဖြစ်ပါတယ်။ ဦးသိန်းညွန့် မေးခွန်းအမှတ် ၃ (က) မှာ ထိုင်းနိုင်ငံအခြေစိုက် Italian Thai ကုမ္ပဏီနဲ့ မြန်မာနိုင်ငံပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့တို့ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် မည်သည့်ဝန်ကြီးဌာန၏ လုပ်ငန်းအဖွဲ့ထံက သို့မဟုတ် ကော်မရှင်ထံက မည်သည့်အခန်းကဏ္ဍမှ ပါဝင်သလဲ၊ မည်ကဲ့သို့ အကျိုးအမြတ်အမျိုးအစားရရှိပါသလဲ၊ ရရှိနိုင်မလဲလို့မေးမြန်းထားပါ တယ်။ ဒီစီမံကိန်းနှင့်ပတ်သက်ပြီးတော့ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှာ ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ထိုင်းနိုင်ငံ Italian Thai အများပိုင်ကုမ္ပဏီလီမီတက်တို့ဟာ ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်တည်ဆောက်ရေး စီမံကိန်းအတွက် မူဘောင်သဘောတူစာချုပ် (Framework Agreement) ကို လက်မှတ်ရေးထိုးခဲ့တာ မှန်ပါတယ်။ ဒီစီမံကိန်းများကို ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလမှာ ပြဋ္ဌာန်းခဲ့တဲ့ မြန်မာ့အထူးစီးပွားရေးဇုန်ဥပဒေနဲ့ ထားဝယ်အထူးစီးပွားရေးဇုန် ဥပဒေတို့ နှင့်အညီ ကြပ်မတ်ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီဥပဒေတွေနဲ့အညီ ဖွဲ့စည်းထားတဲ့ မြန်မာ့အထူး စီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့၊ ဗဟိုလုပ်ငန်းအဖွဲ့နဲ့ စီမံခန့်ခွဲမှုကော်မတီများက ကြပ်မတ်အကောင် အထည်ဖော်မှာဖြစ်ပါတယ်။ အထူးအားဖြင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းလုပ်ငန်းများ အဆင်ပြေစွာအကောင်အထည်ဖော်စေရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စွန့်ပစ်ရေနှင့် ပစ္စည်းများကို စနစ်တကျထိန်းသိမ်းရေး၊ ကျန်းမာရေး၊ ငွေရေးကြေးရေးနှင့် အကောက်ခွန်၊ စည်ပင်သာယာရေး၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ လုံခြုံရေး၊ လျှပ်စစ်စွမ်းအင်နှင့်ရေရရှိ ရေးစတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်လုပ်ငန်းများကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ဥပဒေနဲ့အညီ ကြီးကြပ်ကွပ်ကဲခြင်း၊ သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းများနဲ့ ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊  ဒေသခံများ ကျေနပ်လုံလောက်တဲ့ အခွင့်အရေးများပြည့်စုံစွာ ရရှိရေး အတွက်ဆောင်ရွက်ခြင်းတို့ကို ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းပြီး ဆောင်ရွက်မှာဖြစ်ပါတယ်။ အဲဒီမှာ ကျွန်တော့်ကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ထားပါတယ်။ ကျွန်တော့် ကြီးကြပ်မှုအောက်မှာ လက်ရှိအားဖြင့် ထားဝယ်အထူးစီးပွားရေးဇုန် အထောက်အကူပြုလုပ်ငန်းအဖွဲ့ ယာယီကို အရာရှိ ၁၇ ယောက်၊ အခြားအဆင့် ၃၃ ယောက်နှင့်ဖွဲ့စည်းပြီး လက်ရှိ ထားဝယ်အထူး စီးပွားရေးဇုန်စီမံကိန်းလုပ်ငန်းခွင်အတွင်းမှာ ရုံးထိုင်ပြီးတော့ အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိ ပါတယ်။ မိမိတို့ ရရှိမဲ့အကျိုးအမြတ်အဖြစ် Land Premium ၁ စတုရန်းကီလိုမီတာလျှင် အမေရိကန် ဒေါ်လာ ၁ သိန်းခွဲနဲ့ ထားဝယ်အထူးစီးပွားရေးဇုန် မြေဧကစုစုပေါင်း ၂၀၄.၅ စတုရန်းကီလိုမီတာ အတွက် မြေအသုံးချခ Land Premium ကြေး အမေရိကန်ဒေါ်လာ ၃၀.၆၇၅ သန်းကို ရရှိမှာ ဖြစ်ပါတယ်။ နောက် နှစ်စဉ်၊ နှစ်တိုင်းမှာလည်းပါဝင်တဲ့ စီမံကိန်းလုပ်ငန်း အသီးသီးကနေပြီးတော့ အကျိုးအမြတ်ရာခိုင်နှုန်းတစ်ခုကို ခွဲဝေရရှိမှာဖြစ်ပါတယ်။ စက်မှုဇုန်တည်ထောင်မှု စီမံကိန်း၊ ကျောက်မီးသွေး သို့မဟုတ် ဓါတ်ငွေ့ဓါတ်အားပေးစက်ရုံတည်ဆောက်ခြင်း စီမံကိန်း၊ သောက်သုံးရေ ပေးဝေမယ့် ဂလုံးထာရေလှောင်ကန် တည်ဆောက်ရေးစီမံကိန်း၊ ဆက်သွယ်ရေးစနစ်များ တည်ထောင် ရေးစီမံကိန်း၊ ရေနံ၊ ဓါတ်ငွေ့ပိုက်လိုင်း၊ ရထားလမ်းတည်ဆောက်ရေးစီမံကိန်း စသည်တို့မှာလည်း လုပ်ငန်းစတင်လည်ပတ်ပြီးသည့်နောက် နှစ်စဉ်ရရှိမယ့် ဝင်ငွေအပေါ်မှာ နှစ်ဦးနှစ်ဖက်ကြိုတင် သဘောတူသတ်မှတ်ထားတဲ့ ရာခိုင်နှုန်းတွေအရ နှစ်စဉ်ခိုင်ကြေးကိုတွက်ချက်ပြီး နိုင်ငံတော်အစိုးရကို တင်သွင်းရမှာဖြစ်ပါတယ်။ Framework Agreement မှာလည်း ကျွန်တော်တို့ကို ခွဲဝေပေးရမယ့် အချိုးနှုန်းများကို သတ်မှတ်ထားပြီးဖြစ်ပါတယ်။ ထားဝယ်အထူးစီးပွားရေးဇုန်ရဲ့ နယ်နိမိတ်ကို     ၂၀၄.၅ စတုရန်းကီလိုမီတာဆိုပြီးတော့ သတ်မှတ်ထုတ်ပြန်ထားပါတယ်။ ရင်းနှီးမြှုပ်နှံသူ Italian- Thai Development Company Ltd. က လျော်ကြေးစရိတ် သူတို့ရဲ့ ကျခံမှုနဲ့အပိုင်းလိုက် ကျွန်တော်တို့ရွာအချို့ကို ရွှေ့ပြောင်းရမှာဖြစ်ပါတယ်။ စီမံခန့်ခွဲရေးကော်မတီအနေနဲ့ ရင်းနှီး တည်ဆောက်သူ ရှင်းလင်းပြီးသမျှ နယ်မြေအစိတ်အပိုင်းကိုသာ အထူးစီးပွားရေးဇုန် ဖော်ဆောင် လုပ်ကိုင်နိုင်ဖို့ မြေငှားရမ်းမှာဖြစ်ပါတယ်။ လက်ရှိမူဘောင်သဘောတူစာချုပ် (Framework Agreement) ကိုလည်း လက်ရှိအခြေအနေများနှင့်အညီ ပြန်လည်ပြောင်းလဲဖို့ သုံးသပ်လျက်ရှိပါ တယ်။ ဒီလိုသုံးသပ်ပြီးတာနဲ့ ကျွန်တော်တို့ အသစ်ပြန်လည်ပြုပြင်ရေးဆွဲရန် ညှိနှိုင်းဆောင်ရွက် လျက်ရှိပါတယ်။ အဲလိုဆောင်ရွက်တဲ့အခါမှာ နိုင်ငံတော်နဲ့ပြည်သူ နစ်နာမှုမရှိစေဘဲနဲ့ အကျိုးအမြတ် ပိုမိုရရှိနိုင်ရေးအတွက် အလေးထားပြီး ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

နောက်မေးခွန်းတစ်ခုဖြစ်တဲ့ မေးခွန်းအမှတ် ၃(ခ)မှာ မည်သည့် မြန်မာနိုင်ငံသားကုမ္ပဏီက မည်သည့်အခန်းကဏ္ဍ၊ မည်သည့်အကျိုးအမြတ်အချိုးအစားပါဝင်ပါသလဲ ငွေကြေးပမာဏမည်မျှ ပါဝင်ပါသလဲလို့ မေးမြန်းထားပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် Italian–Thai Development  Public Company Ltd ဟာ ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်တဲ့နေရာမှာ မြန်မာနိုင်ငံမှာ Dawei Development Company Ltd… ကို မှတ်ပုံတင်ဖွဲ့စည်းထူထောင်ထားပြီးတော့ မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Max Myanmar ဟာ အစုရှယ်ယာ ၂၅ ရာခိုင်နှုန်းထည့်ဝင်ကာ လုပ်ငန်းများဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေမှာဆိုလို့ရှိရင် Italian - Thai အနေနဲ့ စုစုပေါင်း ဒေါ်လာ သန်း ၉၈ သန်းခန့်အသုံးပြုပြီး ဖြစ်ပါတယ်။ အလားတူပဲ Max Myanmar အနေနဲ့ ဒေါ်လာ ၂ သန်းခန့် စိုက်ထုတ်ထည့်ဝင်ထား ကြောင်းသိရှိရပါတယ်။ အခုနောက်ဆုံးအခြေအနေကတော့ Max Myanmar ဟာ ထွက်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ထားဝယ်ဖွံ့ဖြိုးမှုကုမ္ပဏီရဲ့ လက်အောက်မှာ လုပ်ငန်းစီမံကိန်း အလိုက် ဆောင်ရွက်မယ့်ကော်မတီများဖွဲ့စည်းပြီး လုပ်ငန်းစီမံကိန်းများမှာ ရင်းနှီးမြှုပ်နှံလိုတဲ့        နိုင်ငံတကာကရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်လျက်ရှိပါတယ်။ အခြေခံအဆောက်အအုံတည်ဆောက် ရေးလုပ်ငန်းတွေအတွက် စုစုပေါင်းလိုအပ်တဲ့ငွေကတော့ အမေရိကန်ဒေါ်လာသန်း ၈၆၀၀ ခန့်လိုအပ် ကြောင်းသိရပါတယ်။

ဆက်လက်၍ ဦးသိန်းညွန့်မေးခွန်းအမှတ် ၃(ဂ)တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့နှင့် Italian-Thai ဖွံ့ဖြိုးမှုကုမ္ပဏီတို့ လက်မှတ်ရေးထိုးပြီးချိန်မှစ၍ ယနေ့အထိ စီမံကိန်းတိုးတက်မှု အခြေအနေ မည်ကဲ့သို့ရှိပါသလဲလို့ မေးမြန်းထားပါတယ်။ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း များကို တစ်ပြိုင်တည်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီမှာ ထိုင်းနိုင်ငံနဲ့  ဆက်သွယ်တဲ့ ကားလမ်းဖောက်လုပ်မှုစီမံကိန်းဟာ အကြမ်းဖျင်းလမ်းအူကြောင်းရဲ့ မြေလမ်းပြီးစီးပြီ ဖြစ်တဲ့အတွက် စတင်သုံးစွဲလျက်ရှိပါတယ်။ အပြီးသတ် လမ်းအူကြောင်းအတွက် ဒီဇိုင်းရေးဆွဲမှုပြီးစီးပြီး အသေးစိတ်တိုင်းတာမှုများကို ဆက်လက်ဆောင်ရွက်ခြင်း၊ မြေသားစမ်းသပ်တိုင်းတာခြင်းလုပ်ငန်း များကိုဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါကိစ္စအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ Dawei Development Company Ltd… တို့ ကဏ္ဍဆိုင်ရာ Sectoral Agreement ချုပ်ဆိုနိုင်ရေး အတွက် ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။ အလားတူ ရေနက်ဆိပ်ကမ်းစီမံကိန်းမှာ Design ရေးဆွဲမှု ၈၀ ရာခိုင်နှုန်းခန့်ပြီးစီးပြီး Breakwater တည်ဆောက်ရန် စူးစမ်းလေ့လာမှုများကို ဆောင်ရွက်လျက်ရှိပါတယ်။ ထားဝယ်အထူး စီးပွားရေးဇုန်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ရေး အတွက် 400 MW ထုတ်လုပ်နိုင်မယ့် Clean Coal Technology အသုံးပြုတဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ ဒေသခံများအတွက် အန္တရာယ်မရှိတဲ့ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ တည်ထောင်ဖို့စဉ်းစားလျက်ရှိပါတယ်။ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း ရေလုံလောက်အောင် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ကလုံးထာရေလှောင်တမံစီမံကိန်းနဲ့ပတ်သက်ပြီးတော့ ရေသန့်စင်ခြင်း၊ စုဆောင်းခြင်း၊ ဖြန့်ဖြူးခြင်း၊ အမှိုက်များစွန့်ပစ်ခြင်း စသည်များအတွက် ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက်နေပြီး သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ လက်မှတ်ထိုးဖို့ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။

ဦးသိန်းညွန့်ရဲ့ မေးခွန်းအမှတ် ၃ (ဃ)မှာ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေးအတွက် ကြိုတင်ကာကွယ်မှု၊ စီမံမှုအစီအစဉ်များကို မည်သို့စီစဉ်ထားပါသလဲဟုမေးမြန်းထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ အလေးအနက်ထားပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။ စီမံကိန်းလုပ်ငန်းအသီးသီးကို အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်စံချိန်စံညွှန်းများနဲ့ ကိုက်ညီ မှုရှိအောင် လိုက်နာဆောင်ရွက်ရမှာဖြစ်ပါကြောင်း ဥပဒေမှာပြဋ္ဌာန်းထားပြီး လုပ်ဆောင်မှုအသီးသီး မှာလည်း နိုင်ငံတကာသဘာဝပတ်ဝန်းကျင်စံချိန်စံညွှန်းများကို လိုက်နာစေရေးကြပ်မတ်သွားမှာဖြစ်ပါ တယ်။ ထားဝယ်ဒေသစီမံကိန်းများတွင် သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေးအတွက် စီမံကိန်း လုပ်ငန်းများဆောင်ရွက်ခြင်းမပြုမီ လူမှုရေးထိခိုက်မှုဆန်းစစ်ခြင်း Social Impact Assessment နောက် Environmental Management Plan ၊ Environmental Impact Assessment ၊ နောက် ကျွန်တော်တို့ ဒီဟာနဲ့ပတ်သက်ပြီးတော့ အနည်းငယ်ထိပါးတဲ့ကိစ္စနဲ့ ပတ်သက်လို့ Payment for Environmental Services ဒါတွေကို ထမ်းဆောင်ဖို့ ထည့်သွင်းရေးဆွဲထားတာ ဖြစ်ပါတယ်။ နောက်ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီအောက်မှာ ဖွဲ့စည်းထားတဲ့ စက်မှုစီမံကိန်းများ၊ စက်ရုံကြီးများနှင့် မြို့ပြ၊ ရပ်ရွာဆိုင်ရာအထူးလုပ်ငန်းအဖွဲ့နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနများက ပြုစုထားတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း စက်ရုံအလုပ်ရုံ များတည်ထောင်လုပ်ကိုင်ခြင်းကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုအပေါ် လေ့လာဆန်းစစ်မှုအစီရင်ခံစာ များကို ဥပဒေပြဋ္ဌာန်းချက်နဲ့အညီ စိစစ်သုံးသပ်ပြီး လိုက်နာဆောင်ရွက်ဖို့ကြပ်မတ်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း စက်မှုဇုန်မှထွက်လာတဲ့ စွန့်ပစ် ပစ္စည်းများနဲ့ ပတ်သက်ပြီးတော့ စနစ်တကျ ဆောင်ရွက်သွားနိုင်ရေးအတွက် နည်းဥပဒေများ၊ အမိန့်၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်း၊ စည်းကမ်းများကို ဆက်လက်ရေးဆွဲပြဋ္ဌာန်း သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးနဲ့ Sustainable Development ဖြစ်စေရေးအတွက် စိစစ်ကြပ်မတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးနိုင်မှု EIA နဲ့ လူမှုရေးအပေါ်မှာ အကျိုးသက်ရောက် မှုဆန်းစစ်တဲ့ SIA တို့ကို တတိယအဖွဲ့ (Third Party) နဲ့ စစ်တမ်းကောက်ယူစေရန်နှင့် ရရှိလာတဲ့ အစီရင်ခံစာပေါ်မူတည်ပြီး ယင်းဒေသမှာရှိတဲ့ စီမံကိန်းတစ်ခုချင်းအလိုက် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအနည်းဆုံးဖြစ်စေဖို့ နိုင်ငံတကာစံချိန်စံညွှန်းအရ လက်ခံနိုင်မယ့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးစီမံချက်ကိုလည်း Third Party ခေါ်ပြီးတော့ ရေးဆွဲလျက်ရှိပါတယ်။ နောက် ITD ကုမ္ပဏီက လက်ရှိအခြေအနေမှာ ထိုင်းနိုင်ငံ Chula Longkorn တက္ကသိုလ်မှာရှိတဲ့ သဘာဝ ပတ်ဝန်းကျင်သုတေသနအဖွဲ့ (Environmental Research Institute of Chula Longkorn University) ကို ငှားရမ်းပြီးတော့ မြန်မာ-ထိုင်း ဆက်သွယ်မယ့် ကားလမ်းကြောင်းတစ်လျှောက်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများကို ကွင်းဆင်းလေ့လာလျက်ရှိပါတယ်။ သူ့အနေနဲ့ ပထမဆုံး Best marking ဆိုတဲ့ လက်ရှိအခြေအနေကို စတင်ပြီးတော့ သူလေ့လာလျက် ရှိပါတယ်။ နောက်ပိုင်းမှာ လက်ရှိအခြေအနေအရ သဘာဝပတ်ဝန်းကျင် ဘယ်လောက်ပျက်ယွင်း တယ်ဆိုတာကို ဆက်ပြီးတော့ လေ့လာပြီးတော့ ထိန်းချုပ်သွားမှာဖြစ်ပါတယ်။ အလားတူကလုံးထာ ရေလှောင်တမံတည်ဆောက်ရေးအတွက် ဂျပန်နိုင်ငံမှ စူးစမ်းလေ့လာရေးအဖွဲ့လာရောက်ပြီးတော့ လေ့လာခဲ့ပြီးဖြစ်ပါတယ်။

ဆက်လက်ပြီးတော့ ဦးသိန်းညွန့်ရဲ့ နောက်ဆုံးမေးခွန်းတစ်ခုဖြစ်တဲ့ မေးခွန်းအမှတ် ၃ (င)မှာ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် မြန်မာနိုင်ငံသားများ အလုပ်အကိုင်ရရှိမည့် အလားအလာ မည်သို့ရှိသလဲလို့ မေးမြန်းထားပါတယ်။ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း မြန်မာနိုင်ငံသားများ အလုပ်အကိုင်ရရှိရေးနဲ့ပတ်သက်ပြီးတော့ ရင်းနှီးမြှုပ်နှံသူသည် စီးပွားရေးလုပ်ငန်းစတင်သည့်နှစ်မှ ပထမငါးနှစ်ကုန်ဆုံးသည့်အချိန်တွင် နိုင်ငံသားအနည်းဆုံး ၂၅ ရာခိုင်နှုန်း၊ ဒုတိယငါးနှစ်ကုန်ဆုံးသည့် အချိန်တွင် အနည်းဆုံး ၅၀ ရာခိုင်နှုန်း၊ တတိယငါးနှစ် ကုန်ဆုံးသည့်အချိန်တွင် အနည်းဆုံး ၇၅ ရာခိုင်နှုန်းခန့်ထားရမယ်လို့ ကျွန်တော်တို့ ပြဋ္ဌာန်းထားပါတယ်။ စီမံကိန်းလုပ်ငန်းများမှာ သီးခြား ကျွမ်းကျင်မှုမလိုအပ်တဲ့ လုပ်ငန်းများမှအပ အခြားလုပ်ငန်းများကို နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင် တွေ၊ နိုင်ငံသားများကို တာဝန်ပေးဖို့လည်း ထည့်သွင်းထားပါတယ်။ ဒါ့အပြင် ထားဝယ်အထူး စီးပွားရေးဇုန်မှာ ဒေသခံများအား အဓိက ဦးစားပေးပါဝင်လုပ်ဆောင်ရန် ကျွန်တော်တို့ ITD ကို ညွှန်ကြားထားပြီးတော့ ကျွန်တော်တို့လည်း အနီးကပ်ကြပ်မတ်လျက် ရှိပါတယ်။ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့အထိ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း ပြည်တွင်းကုမ္ပဏီ ၆ ခုမှ ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံသား ၁၀၃၉ ဦး အလုပ်လုပ်ကိုင်စေလျက်ရှိပါတယ်။ လက်ရှိမှာ နိုင်ငံခြားသား ၉၅၆ ဦး၊ နိုင်ငံသား ၁၀၃၉ ဦး အလုပ်လုပ်ကိုင်လျက်ရှိတဲ့အတွက် မြန်မာနိုင်ငံသားပါဝင်မှုဟာ ၅၂ ရာခိုင်နှုန်းရှိပါကြောင်း တင်ပြအပ်ပါတယ်။ စီမံကိန်းတည်ဆောက်မှု ကာလမှာ အလုပ်လုပ်ကိုင်တဲ့ ကန်ထရိုက်နှင့်ဝန်ထမ်းတွေအတွက် လက်ရှိဆိုရင် ဟင်းသီးဟင်းရွက် တွေ၊ သားငါးတွေ၊ အခြားအသုံးအဆောင်များကို ထုတ်လုပ်ရောင်းချနေရတဲ့အတွက် ကျွန်တော်တို့ ထပ်ပြီးတော့ စိုက်ခင်းတွေတိုးလာပါတယ်။ သားငါးလုပ်ငန်းတွေတိုးလာပါတယ်။ အရောင်းအဝယ် လုပ်ငန်းတွေတိုးလာပါတယ်။ ဈေးဆိုင်တွေ တိုးလာတဲ့အတွက် ကျွန်တော်တို့ နိုင်ငံသားတွေ စတင် ပြီးတော့ အခြားအလုပ်အကိုင်များကို ဒီတည်ဆောက်ရေးလုပ်ငန်းအပြင်ဘေးလမ်း၊ အခြားလုပ်ငန်း တွေပါ တိုးတက်လာပြီဖြစ်ပါတယ်။ တည်ဆောက်ရေးကာလ အရှိန်အဟုန်မြင့်တက်လာချိန်မှာ အလုပ်သမား ၅၀၀၀၀ ခန့် ရှိမှာ ဖြစ်ပပါတယ်။ အဲဒီအချိန်မှာ အထက်ပါ ပြည်တွင်း စိုက်ပျိုး၊ မွေးမြူ၊ ရောင်းဝယ်တဲ့ လုပ်ငန်းများပိုမိုအရှိန်မြင့်တက်လာပြီးတော့ အလုပ်အကိုင်ပိုမိုရရှိလာမှာဖြစ်ပါတယ်။ တည်ဆောက်ရေးကာလမှာ မြန်မာအလုပ်သမားများ ပိုမိုခန့်ထားနိုင်ရေးအတွက် စက်မှုလက်မှုအတတ် ပညာသင်တန်းကျောင်းများ၊ အသက်မွေးဝမ်းကျောင်းပညာသင်တန်းကျောင်းများကို ဖွင့်လှစ်လေ့ကျင့် ရန်လည်း အစီအစဉ်များဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ စက်မှုဇုန်လည်ပတ်ချိန်မှာ ဟိုတယ်လုပ်ငန်း၊ စီးပွားရေးလုပ်ငန်းများ၊ အုပ်ချုပ်ထောက်ပံ့မှု Logistics လုပ်ငန်းများ၊ ပင်မလုပ်ငန်းများအတွက် စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ပေးသွင်းတဲ့ အထောက်အကူပြုလုပ်ငန်းများ စသည်များ ပေါ်ပေါက်လာမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အဲလိုဆောင်ရွက်တဲ့အခါမှာ မြန်မာနိုင်ငံအတွက် အကျိုးအမြတ်အများဆုံးရရှိနိုင်ဖို့အတွက် တခြားနိုင်ငံရဲ့အတွေ့အကြုံဖြစ်တဲ့ နိုင်ငံတကာ ငွေကြေး ကော်ပိုရေးရှင်း IFC (International Finance Corporation) ကနေ ထုတ်ဝေတဲ့ Good Practices on Special Economic Zone စတဲ့စာတမ်းတွေ နောက်အခြားလေ့လာခဲ့တဲ့ အတွေ့အကြုံများအရ အထူးစီးပွားရေးဇုန်လှုပ်ရှားမှုများကို ဒေသမှာရှိတဲ့ လူမှုရေး၊ စီးပွားရေး လုပ်ငန်းများနဲ့ ဆက်စပ်တည်ဆောက်ပေးမယ်ဆိုရင် SEZ ကိုလက်ခံတဲ့နိုင်ငံအတွက် ပိုမိုအကျိုးရှိ ကြောင်းသိရှိရတဲ့အတွက် ဒေသအကျိုး၊ တိုင်းပြည်အကျိုးကို ပိုမိုရရှိအောင် ကျွန်တော်တို့ဘက် ကလည်း Capacity တက်လာအောင် SEZ နဲ့အတူ ကျွန်တော်တို့ပါ တွဲပြီးတက်လာနိုင်အောင် ကျွန်တော်တို့ ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။

ဦးသိန်းညွန့်(သင်္ဃန်းကျွန်းမဲဆန္ဒနယ်)။              ။ ပြည်သူ့လွှတ်တော်နည်းဥပဒေ ၁၁၆ နည်းဥပဒေခွဲ(က)အရ ဒုတိယဝန်ကြီးကို မေးခွန်းတစ်ခုမေးပါရစေ။ ဆက်စပ်မေးခွန်းပါ။ ဒုတိယ ဝန်ကြီးရဲ့ ခုန ဖြေကြားရှင်းလင်းချက်များဟာ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့်ပတ်သက်ပြီး ပတ်ဝန်းကျင် ထိန်းသိမ်ရေး၊ လူမှုရေးအခြေအနေနှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေတဲ့သူတွေအတွက် ရှင်းရှင်း လင်းလင်း သိရတဲ့အတွက် ဒုတိယဝန်ကြီးကို အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဆက်စပ်မေးချင်တဲ့အချက်က အဲဒီ ထားဝယ်ရေနက်စီမံကိန်း နဘူးထယ်ဒေသမှာရှိနေတဲ့ မြန်မာနိုင်ငံမှာ မျိုးသုဉ်းပျောက်ကွယ်လု နီးပါးဖြစ်တဲ့ တနင်္သာရီ ကျားမျိုးစိတ်များ၊ နောက်တစ်ခါ ကမ္ဘာမှာ အင်မတန်ရှားပါးတဲ့ ကြံ့သူတော်များ၊ အဲဒီလို ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ကာကွယ်ဖို့ အခြားနိုင်ငံတွေမှာတော့ စက်မှုစီးပွားရေးဇုန်တစ်ခု လုပ်တယ်ဆိုရင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက် အဲဒီငွေအရင်းအနှီးက ၃၀၀ နှုန်းမှ ၅၀၀ နှုန်းအထိကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ရန်ပုံငွေအဖြစ်ထားရှိကြောင်း လေ့လာသိရှိရပါတယ်။ အဲ့ဒီတော့ ထားဝယ်ရေနက်ဆိပ်ကမ်းမှာလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ရန်ပုံငွေဘယ်လိုထားပါသလဲဆိုတာ ရှင်းလင်းပေးနိုင်မယ် ဆိုရင် ရှင်းလင်းပေးဖို့ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့်ဝန်ကြီးကို မေးအပ်ပါတယ်။

ဥက္ကဋ္ဌ။           ။ ဒါကြောင့် သက်ဆိုင်ရာပြည်ထောင်စုအဖွဲ့အစည်းဝင်အနေနဲ့ ရှင်းလင်းပေး နိုင်ရင် ရှင်းလင်းပေးဖို့ဖိတ်ခေါ်ပါတယ်။

သူရဦးသောင်းလွင် (ဥက္ကဋ္ဌ၊ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ)။        ။ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်မေးမြန်းတဲ့ မေးခွန်းနှင့်ပတ်သက်ပြီးတော့ ကျွန်တော် တင်ပြ ပါမယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဒီနေ့ ကျွန်တော်တို့ Best marking ဆိုတဲ့ လက်ရှိအခြေအနေကို ကျွန်တော်တို့ တိုင်းတာမှုဆောင်ရွက်ပါတယ်။ လက်ရှိအခြေအနေကို ကုန်းပေါ်မှာရော၊ ရေထဲမှာရော ကျွန်တော်တို့အသေးစိတ်လေ့လာရေးအဖွဲ့တွေနဲ့ တိုင်းတာမှတ်သားပြီးတော့ မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ အဲလိုမှတ်တမ်းတင်ထားတဲ့အခါမှာ ရေသတ္တဝါတွေရော၊ ကုန်းသတ္တဝါတွေရော၊ နောက်သစ်တောတွေရော၊ မြစ်ချောင်းတွေရော၊ နောက်လူနေမှု ဒါတွေပါအကုန်လုံး အသေးစိတ်တင် ထားတာဖြစ်ပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့ Third Parties Chula Longkorn University အဖွဲ့လည်း လာပြီတော့ လေ့လာတာဖြစ်ပါတယ်။ နောက်မြန်မာနိုင်ငံကလည်း သစ်တောရေးရာဝန်ကြီးဌာနနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနကနေပြီးတော့ ကျွန်တော်တို့ သီးသန့်ဌာနရှိပါတယ်။ အဲဒီဌာနကနေပြီးတော့လည်း ကျွန်တော်တို့ လေ့လာထားပါတယ်။ လေ့လာထားပြီးဆိုတော့ ကျွန်တော်တို့ ထားဝယ်ရေနက်ဆိပ်ကမ်း မှာလည်း အနီးကပ်ကြီးကြပ်နေတဲ့အဖွဲ့မှာ ကျွန်တော်တို့ သစ်တောရေးရာဝန်ကြီးဌာနကလည်း ကိုယ်စားလှယ်အပါအဝင် ဖြစ်ပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ဒီဟာနဲ့ပတ်သက်ပြီတော့ ကျွန်တော်တို့ Italian-Thai Company ကို သီးခြား ကျွန်တော်တို့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအတွက် သီးခြားရန်ပုံငွေတစ်ခုထားဖို့ နောက် ကျွန်တော်တို့ နိုင်ငံတော်ကိုလည်း Payment for Environmental Service (PESL) ကျွန်တော်တို့ သတ်မှတ်ပြီးတော့ ရန်ပုံငွေထည့်ဝင်ဖို့ ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ (PESL) တော့ ကျွန်တော်တို့ Environmental Services တွေ ဆောင်ရွက်ခဲ့ရရင် အဲဒီအတွက် သူက ငွေကြေးထုတ်ပေးရမှာဖြစ်ပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။

ဥက္ကဋ္ဌ။           ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီး ဌာနရဲ့ရှင်းလင်းဖြေကြားချက်မှာ Max Myanmar Company စီမံကိန်းမှ ထွက်ခွာသွားကြောင်း။ ထိုသို့ဆိုလျှင် နိုင်ငံနှင့်နိုင်ငံသား အကျိုးစီးပွားထိခိုက်မှု ရှိ၊ မရှိ။ ဒုတိယအချက်အနေနဲ့ ယင်း Max Myanmar Company အစား မြန်မာနိုင်ငံသား မြန်မာကုမ္ပဏီများမှ အစားထိုးဝင်ရောက်ရန် ခွင့်ပြု နိုင်ခြင်း ရှိ၊ မရှိကို လွှတ်တော်ဥက္ကဋ္ဌကလည်း သိချင်တဲ့အတွက် လွှတ်တော်မှတစ်ဆင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနအား မေးမြန်းပါတယ်။

သူရဦးသောင်းလွင် (ဥက္ကဋ္ဌ၊ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ)။        ။ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီး မေးမြန်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် ဖြေကြားတင်ပြမှာဖြစ်ပါတယ်။ ဒီဟာက Max Myanmar  အနေနဲ့ လက်ရှိအနေနဲ့ သူထွက်သွားပြီ ဆိုသော်လည်း သူရဲ့ အရင် ထည့်ဝင်ထားတဲ့ငွေကို ဆက်လက်ပြီးတော့ နုတ်မသွားသေးပါဘူး။ အဲလို နုတ်သွားတဲ့အခါမှာ ပြည်တွင်းက ကုမ္ပဏီတွေကို ကျွန်တော်တို့ ထပ်ထည့်ဖို့လည်း စဉ်းစားဆောင်ရွက်လျက်ရှိပါတယ်။ အဲလို ဆောင်ရွက်နေတဲ့အခြေအနေမှာပဲ ကျွန်တော်တို့ ဒီဟာသည် ထားဝယ်ဒေသက တနင်္သာရီတိုင်း ဒေသကြီးအစိုးရကနေပြီးတော့ သူတို့လည်း ဒေသခံများအတွက် စက်မှုဇုန်ထူထောင်ချင်တယ်လို့ ပြောတဲ့အတွက်ကြောင့် ကျွန်တော်တို့ ထိုင်းနိုင်ငံကို ရောက်တဲ့အချိန်မှာ ကျွန်တော်တို့ နဂိုက Italian-Thai ကိုပေးထားတဲ့ ၂၀၄.၅ စတုရန်း ကီလိုမီတာထဲက ဒီဟာသည် သူ့အနေနဲ့ ငွေရေး၊ ကြေးရေး၊ အခက်အခဲဖြစ်နေတဲ့အချိန်မှာ ကျွန်တော်တို့က ဒီဟာထဲကနေ ၅၀ ပြန်လိုချင်တယ်လို့ ညှိနှိုင်းတဲ့ အခါမှာ သူတို့က ပြန်ပေးပါတယ်။ ပြန်ပေးတဲ့အတွက်ကြောင့် လက်ရှိ ကျွန်တော်တို့ ဒါကို ဒီနေ့ Italian-Thai Company ကို ကျွန်တော်တို့ ဖိတ်ထားပါတယ်။ ဖိတ်ထားပြီးတော့ ဒီကိစ္စကို ဆက်လက် ဆွေးနွေးမှာ ဖြစ်ပါတယ်။ အလားတူပဲ ဒီ Framework Agreement ကို ကျွန်တော်တို့ ပြန်ပြင် ပြီးတော့ ကျွန်တော်တို့နိုင်ငံက ပိုအကျိုးရှိအောင်ဆိုပြီးတော့ ပြန်ပြင်ဆွေးနွေးဖို့လည်း အစီအစဉ် ရှိပါတယ်။ ဒါကြောင့် လတ်တလောအားဖြင့်တော့ ဒေသကုမ္ပဏီများကို ထပ်မံဖိတ်ခေါ်ပါဝင်စေဖို့ ကိစ္စကိုဆိုင်းငံထားပါတယ်။ ဒီကိစ္စကို ကျွန်တော်တို့ ဒီနေ့ Framework Agreement ကို ပြန်လည် ချုပ်ဆိုရေးကိစ္စကို Italian-Thai က သဘောတူတယ်ဆိုရင် အဲဒီအချိန်မှာ ကျွန်တော်တို့ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဥက္ကဋ္ဌ။          ။ ဒီထားဝယ်ဆိပ်ကမ်းရင်းနှီးမြှုပ်နှံမှုဟာ နိုင်ငံနှင့်နိုင်ငံတော်အတွက် အင်မတန်မှ အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အခု ဒုတိယဝန်ကြီးရဲ့ ပြန်လည်ရှင်းလင်းချက်ပေါ် မူတည်၍ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုကော်မတီကမှတ်သားပြီး လိုအပ်သည့် ကိစ္စများဆက်လက်၍ သက်ဆိုင်ရာကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်မှတစ်ဆင့် ကော်မတီအား တာဝန်ပေးအပ်ပါတယ်။