မိမိအနေဖြင့် စိုက်ပျိုးရေး ပိုးသတ်ဆေးများထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်းများကို စနစ်တကျ စီမံဆောင်ရွက် စေရန်နှင့် လူနှင့် ပတ်ဝန်းကျင် ဘေးအန္တရာယ်ဖြစ်စေတတ်သော အဆိပ်ငွေ့များ နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်ပေါ် လာစေရန်တို့အတွက် တာဝန်ရှိသော အစိုးရက ကြိုတင်ကာကွယ်ထိန်းချုပ်ထားရှိနိုင်စေရန် ရည်ရွယ်၍ မေးမြန်း ရခြင်းဖြစ်ပါကြောင်း၊ အချို့ ကုမ္ပဏီများသည် အဆိပ်ရှိပိုးသတ်ဆေးများကို ရန်ကုန်မြို့တော် ဧရိယာ အတွင်းမှာပင် ပြန်လည်ထုပ်ပိုးခြင်း၊ သိုလှောင်ခြင်းမျိုးကို လျှို့ဝှက်ဖြစ်စေ၊ ထင်ထင်ပေါ်ပေါ်ဖြစ်စေ ဆောင်ရွက်နေတာကို တွေ့ရှိရသည့်အတွက် အင်မတန် စိုးရိမ်စရာကောင်းပါကြောင်း၊ လူနေရပ်ကွက်များနှင့် နီးစပ်သော စက်မှုဇုန်များတွင် အဆိပ်ရှိတဲ့ပစ္စည်း သိုလှောင်ခြင်းအားဖြင့် သဘာဝအန္တရာယ်နှင့် မီးလောင်ခြင်းများကို ကြုံတွေ့ရပါက ရေတွင်းများ၊ သောက်သုံးရေများ ညစ်ညမ်းစေပြီး မီးလောင်ဖြစ်ပွားပါက ပေါက်ကွဲမှုပြင်းထန်ပြီး အဆိပ်ငွေ့များပါရှိသည့် လေကို ရှုကြရပါသည့်အပြင် နောက်ဆက်တွဲဆိုးကျိုးများလည်း အချိန်ကြာမြင့်စွာဖြစ်စေပါကြောင်း၊ ဥပမာအနေဖြင့် သာဓကပြောရရင် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့် ကူးတို့ဆိပ်ရပ်ကွက် မေတ္တာမွန် ဂိုထောင်ကွင်းအတွင်းမှာ မီးလောင်ပေါက်ကွဲမှုသည် အနာဂတ်အတွက် ကြိုတင် ကာကွယ် စီမံဆောင်ရွက်ရန်လိုအပ်သည်ကို သင်ခန်းစာအသိပေးလိုက်ခြင်းဖြစ်ပါကြောင်း၊ အစိုးရ အနေနှင့် သတိရှိရှိစနစ်တကျ ကြိုတင်စီမံဆောင်ရွက်ထားရန်လိုအပ်ပါကြောင်း၊ ဒီမိုကရေစီစနစ်တွင် စီမံ အုပ်ချုပ်မှု ညံ့ဖျင်းသော အစိုးရအပေါ် ပြည်သူလူထု၏ တရားစွဲဆိုမှုကိုလည်း ခံရတတ်ပါကြောင်း၊ မိမိတို့အနေဖြင့် အနာဂတ်အတွက် အကောင်းဆုံးဆောင်ရွက်ပေးရန် တာဝန်ရှိသောကြောင့် နိုင်ငံတော်အစိုးရမှ အဆိပ်ရှိ ပိုးသတ်ဆေးများ ဖော်စပ်ထုတ်လုပ်ခြင်း၊ ပြန်လည် ထုတ်ပိုးခြင်းနှင့် သိုလှောင်ခြင်းလုပ်ငန်းများ ဘေးအန္တရာယ် ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရန် သီးခြား၊ သီးသန့်စက်မှုဇုန်တစ်ခု သတ်မှတ်ထူထောင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း ပြန်လည်ဖြေကြားသွားပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသည် အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သော ပိုးသတ်ဆေးဥပဒေနှင့် အညီ အဆိပ်ရှိပိုးသတ်ဆေးများ ဖော်စပ်ထုတ်လုပ်ခြင်း၊ ပြန်လည်ထုပ်ပိုးခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်းနှင့် ကိုင်တွယ်သုံးစွဲခြင်းတို့ကို စနစ်တကျ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့အထိ ပိုးသတ် ဆေးအမျိုးအစား ပေါင်း ၂၀၆၇ မျိုးအား ပိုးသတ်ဆေးဥပဒေပါ စည်းကမ်းချက်များ လုပ်ထုံးလုပ်နည်း များနှင့်အညီ မှတ်ပုံတင်ထားပြီး ဖြစ်သည့်အပြင် တားမြစ်ပိတ်ပင် ထားသော ပိုးသတ်ဆေးအမျိုးအစားပေါင်း ၃၉ မျိုးနှင့် ကန့်သတ်တားမြစ်ထားသော ပိုးသတ်ဆေး ခုနစ်မျိုးကိုလည်း အမိန့်ကြော်ငြာစာအမှတ်-၂/၂၀၁၃ ဖြင့် ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် ၂/၉၂ ဖြင့် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ (Pesticide Registration Board-PRB) ကို စိုက်ပျိုးရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်း ရောင်းဝယ်ရေး၊ သစ်တောဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် ကျန်းမာရေးဓာတ်ခွဲခန်းတို့မှ ညွှန်ကြား ရေးမှူးချုပ်များနှင့် ပါဝင်ဖွဲ့စည်းထားပြီး လူနှင့်ပတ်ဝန်းကျင်အတွက် ဘေးအန္တရာယ်ကင်းရှင်းမှု၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတို့ကို နိုင်ငံတကာစံချိန် စံညွှန်းများနှင့်အညီ စစ်ဆေးပြီး PRB အဖွဲ့၏ ခွင့်ပြုချက်ဖြင့်သာ ပိုးသတ်ဆေးနှင့် သက်ဆိုင်သော လုပ်ငန်းများကို ဆောင်ရွက်စေခြင်းဖြစ်ပါကြောင်း၊ ပြန်လည်ထုပ်ပိုးခြင်းနှင့် သိုလှောင်ခြင်းလုပ်ငန်း ဆောင်ရွက်နေသော ကုမ္ပဏီများအား PRB အဖွဲ့မှ စစ်ဆေးဆောင်ရွက် လျက်ရှိနေပါကြောင်း။
ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့သည် ပိုးသတ်ဆေးများ အန္တရာယ်ကင်းစွာဖော်စပ်ခြင်း၊ ထုပ်ပိုးခြင်း နှင့် သိုလှောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပိုးသတ်ဆေးဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း များ၊ အပိုဒ်-၂၀ နှင့်အညီ လိုက်နာဆောင်ရွက်ရန်လည်း လမ်းညွှန်ချက်များကိုအကြိမ်ကြိမ် ထုတ်ပြန်ခဲ့ ပြီးဖြစ်ပါသောကြောင့် ပိုးသတ်ဆေးကုမ္ပဏီတစ်ခုအနေဖြင့် အထက်ဖော်ပြပါလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက ပိုးသတ်ဆေး မှတ်ပုံတင် အဖွဲ့တွင် ပါဝင်သော ကျွမ်းကျင်ပညာရှင်များအဖွဲ့က စစ်ဆေးပြီးမှသာ ဆောင်ရွက်ခွင့်ပြုခဲ့ခြင်း ဖြစ်ပါ ကြောင်း၊ ပိုးသတ်ဆေးများထုတ်ပိုးသော စွန့်ပစ်ပစ္စည်းများ၊ ပုံးခွန်များ၊ ပုလင်းခွံများကို စနစ်တကျစွန့်ပစ်ရန်နှင့် ဖျက်ဆီးရန်အတွက် ခေတ်မီ မီးရှို့စက်ဖြင့်ဖြစ်စေ၊ ဘေးအန္တရာယ်ကင်းရှင်းသောနည်းလမ်းများ အသုံးပြု၍ဖြစ်စေ ဆောင်ရွက်ရန်အတွက်လည်း ပညာပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနသည် အဆိပ်ရှိ ပိုးသတ်ဆေးများ ဖော်စပ်ထုတ်လုပ်ခြင်း၊ ပြန်လည်ထုတ်ပိုးခြင်းနှင့် သိုလှောင်ခြင်းလုပ်ငန်းများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်း ကျေးရွာရှိဌာနမှ မှော်ဘီ ပိုးသတ်ဆေးစက်ရုံ၏ ဌာနပိုင်မြေတွင် သီးသန့် ပိုးသတ်ဆေးဇုန်တစ်ခု ထူထောင်ရန်အတွက် ပိုးသတ်ဆေးကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
