(က)-ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း လိုင်စင်များအား အမြန်ဆုံးစိစစ် မှတ်ပုံတင်ခွင့်ပြုရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၉.၈.၂၀၁၂)

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များ၏ လိုအပ်ချက်အရ ပြည်သူများ၏ကိုယ်စား လုပ်ငန်းလိုင်စင်များ အလျင်မြန်ဆုံး ပြည်သူများလက်ဝယ်သို့ ချပေးဖို့ လွယ်ကူသော အစီအစဉ်များ ရှိ၊ မရှိ မေးမြန်းသွားမှာ ဖြစ်ပါတယ်။ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ လုပ်ငန်းလိုင်စင်ချပေးရန် စိစစ်ရာတွင် အခြေခံ လိုအပ်ချက်များစိစစ်ပြီး သက်ဆိုင်ရာဝန်ကြီး၊ ဒုတိယဝန်ကြီး EC Board တင်၍ ဆုံးဖြတ်ပြီးမှ လိုင်စင်များချပေးမည်ဟု တိုင်းရင်းသားလုပ်ငန်းရှင်များထံမှ သိရှိပါတယ်။ သက်ဆိုင်ရာ အကြီးအကဲ များ၊ လုပ်ငန်းများ များသည့်အပေါ်မှာ အချိန်ကြန့်ကြာမှုများ ရှိနေပါသောကြောင့် စီးပွားရေး လုပ်ငန်းရှင် ပြည်သူများ၏လုပ်ငန်းများ မြန်ဆန်အဆင်ပြေလုပ်ကိုင်နိုင်ရန် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းလိုင်စင်များအား လွယ်ကူသော၊ အဆင်ပြေချောမွေ့သော၊ မြန်ဆန်သောနည်းစနစ်များဖြင့် လုပ်ပေးနိုင်ဖို့ အစီအစဉ် ရှိ၊ မရှိ သိလိုပါ၍ မေးမြန်းရခြင်းဖြစ်ပါသည်။


 

ဖြေကြားသူ
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးအောင်
အဖြေ

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးဥပဒေ၊ လုပ်ထုံးလုပ်နည်းတို့နှင့်အညီ လုပ်ငန်းလိုင်စင် ၄ မျိုးကို ချထား ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အဆိုပါလုပ်ငန်းလိုင်စင် ၄ မျိုးဟာ ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းလိုင်စင်၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်၊ ပို့ဆောင်ရေးလုပ်ငန်းလိုင်စင်နှင့် ဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင်တို့ပဲဖြစ်ပါတယ်။ ၎င်းလိုင်စင်များအနက် ကမ္ဘာလှည့်ခရီးသည် ပို့ဆောင်ရေးလုပ်ငန်း လိုင်စင်နဲ့ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်များကို လျှောက်ထားရာတွင် ပါဝင်ရမည့် သက်ဆိုင်ရာ အထောက်အထား အချက်အလက်များ ပြည့်စုံမှန်ကန်စွာပါရှိပါက ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန အစီအစဉ်ဖြင့် တိုက်ရိုက်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကျန်လုပ်ငန်းလိုင်စင်တစ်မျိုးဖြစ် တဲ့ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင် လျှောက်ထားတဲ့နေရာမှာ လုပ်ငန်းရှင်သည် ခရီးသွားလုပ်ငန်း ကော်မတီထူထောင်ရန်အတွက် ကော်မတီမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ရပါတယ်။ မှတ်ပုံတင်ခွင့်ရရှိတဲ့ အခါ အခြားသက်ဆိုင်ရာ စာရွက်၊ စာတမ်းများနဲ့အတူ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနသို့ တင်ပြလျှောက်ထားလာတဲ့အခါမှာ ခရီးသွားလုပ်ငန်းတည်ရှိရာ မြို့များတွင်ရှိတဲ့ ဟိုတယ်နှင့် ခရီးသွား လာရေးလုပ်ငန်းဝန်ကြီးဌာန ရုံးခွဲများမှအဖွဲ့များဖြင့် ကုမ္ပဏီ၏ လိပ်စာနှင့်ရုံးခွဲဖွဲ့စည်းမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး စစ်ဆေးမှုမှတ်တမ်းကို ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်မှ လစဉ်ကျင်းပပြုလုပ်တဲ့ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးတွင်တင်ပြအတည်ပြုချက်ရယူပြီး လုပ်ငန်း လိုင်စင်ရရှိရေး ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကျန်လုပ်ငန်းလိုင်စင်တစ်မျိုးဖြစ်တဲ့ ဟိုတယ်နှင့် ခရီးသွား၊ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းလိုင်စင် လျှောက်ထားရာတွင် လုပ်ငန်းရှင်သည် ပြည်ပ ဧည့်သည်များ တည်းခိုနိုင်ရန်အတွက် ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်း လုပ်ကိုင်လိုကြောင်း သက်ဆိုင်ရာ အထောက်အထားစာရွက်၊ စာတမ်းများ၊ ဒေသအာဏာပိုင်နဲ့ သက်ဆိုင်ရာဌာနများ၏ သဘောထားမှတ်ချက်များ အထူးသဖြင့်ကမ်းခြေဒေသများမှာ သက်ဆိုင်ရာဒေသအာဏာပိုင် ပုဂံဒေသ မှာ ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်များဦးစီးဌာန၊ အင်းလေးဒေသမှာ သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောရေးရာဝန်ကြီးဌာနတို့ရဲ့ သဘောထားမှတ်ချက်နှင့် ထောက်ခံချက် များပါဝင်တဲ့ ဓာတ်ပုံမှတ်တမ်းများဖြင့် တင်ပြလျှောက်ထားလာပါက ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ရုံးခွဲများမှ အဖွဲ့များဖြင့် ဟိုတယ်နှင့်တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင်အတွက် စစ်ဆေးကြည့်ရှုပြီး ဟိုတယ်နှင့်ခရီးသွားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ လစဉ်ကျင်းပပြုလုပ်သော စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးတွင် တင်ပြအတည်ပြု ချက်ရယူပြီးလုပ်ငန်း လိုင်စင်ဆောင်ရွက် ပေးလျက်ရှိပါတယ်။ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင်များကို ခွင့်ပြုပေးလျက်ရှိရာ  ပြည်ထောင်စုအစိုးရသစ်လက်ထက်တွင် ၂၀၁၂ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့အထိ ဟိုတယ်နှင့်တည်းခိုရိပ်သာ ၈၉လုံး၊ အိပ်ခန်းအားဖြင့် ၃၁၈၆ခန်း၊ လုပ်ငန်း လိုင်စင် ခွင့်ပြုပေးနိုင်ခဲ့ပြီး။ ၂၀၁၂ခုနှစ်၊ ဇွန်လကုန်အထိ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၇၅၈ လုံး၊ အိပ်ခန်းအားဖြင့် ၂၆၄၆၃ ခန်းအား လုပ်ငန်းလိုင်စင်ခွင့်ပြုပေးထားပြီးဖြစ် ပါတယ်။ ၁၉၉၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ထားတဲ့  မြန်မာနိုင်ငံ ဟိုတယ် နှင့် ခရီးသွားလာရေး ဥပဒေအခန်း(၆) ပုဒ်မ ၈ ၌ ဟိုတယ်လုပ်ငန်း သို့မဟုတ် တည်းခိုရိပ်သာ လုပ်ငန်းလုပ်ကိုင်လိုသည့် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အစိုးရနှင့်ဖက်စပ်လုပ်ကိုင်သည့် အဖွဲ့ အစည်း၊ စည်ပင်သာယာရေးအဖွဲ့၊ သမဝါယမအသင်း၊ အခြားအဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည် လုပ်ငန်းစီမံချက်စတင် အကောင်အထည်မဖော်မီ ကြိုတင်၍ ခွင့်ပြုချက်ရရှိရန် ဝန်ကြီးဌာနသို့ သတ်မှတ်သော နည်းလမ်းများနှင့်အညီ လျှောက်ထားရမည်ဟု ဖော်ပြပါရှိပါသော်လည်း လုပ်ငန်းရှင် များ လုပ်ငန်းလိုင်စင်ရယူရာတွင် အဆင်ပြေစေရန်နှင့် ဟိုတယ်အခန်း လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန်တို့အတွက် ဟိုတယ်ဆောက်လုပ်ခွင့် တင်ပြခြင်းအပြင် ဆောက်လုပ်ပြီး အဆောက်အအုံများကိုလည်း လုပ်ငန်းလိုင်စင်ခွင့်ပြုပေးရန် လျှောက်ထားလာပါက ဖြေလျော့ စိစစ် ခွင့်ပြုပေးလျက်ရှိပါကြောင်း တင်ပြအပ်ပါတယ်။ အချုပ်အားဖြင့် မြန်မာနိုင်ငံတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရန် ဝန်ကြီးဌာနအနေဖြင့် ဖော်ပြပါလုပ်ငန်း ၄ မျိုးအတွက် လုပ်ငန်းလိုင်စင်များကို စီမံခန့်ခွဲမှုကော်မတီ ကျင်းပသည့် အချိန်ကာလအထိ မစောင့် ဆိုင်းဘဲ တင်ပြသည့် Case အရသာ လုပ်ငန်းလိုင်စင်များချထားပေးပြီး စီမံခန့်ခွဲမှုကော်မတီတွင် အတည်ပြုချက် ပြန်လည်ရယူခြင်းဖြင့်လည်းကောင်း အထူးသဖြင့် သက်ဆိုင်ရာဌာနများရဲ့သဘော ထားမှတ်ချက်လိုအပ်သော ဟိုတယ်နှင့်တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင်ကိုတော့ ဆိုင်ရာဌာနများရဲ့ စာရွက်၊ စာတမ်းပြည်စုံမှု စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးမှုအစီရင်ခံစာတို့အရ လုပ်ငန်းလိုင်စင်များ ချထားပေးပြီးမှ စီမံခန့်ခွဲမှုကော်မတီတွင် အတည်ပြုချက် ပြန်လည်ရယူခြင်းဖြင့်လည်းကောင်း အဆင်ပြေလွယ်ကူအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။