(ဃ)-အရည်အသွေး ပြည့်မီသော ဆေးဝါးများ၊ အစားအစာများ ရရှိနိုင်ရန်မည်သို့ စီမံဆောင်ရွက်လျှက်ရှိသည် နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၃၁.၇.၂၀၁၂)

ကျွန်တော်တို့နိုင်ငံမှာ ဆေးဝါးနှင့် အစားအစာ များ၊ စားသုံးဆီ၊ အဖျော်ယမကာစသည့်တို့နှင့်ပတ်သက်၍ ပစ္စည်းစစ်မှန်မှုမရှိခြင်း၊ အရည်အသွေး မပြည့်မီခြင်း၊ အန္တရာယ်ရှိသောပစ္စည်းများ၊ ဆိုးဆေးများ၊ ကူးစက်ရောဂါဖြစ်စေနိုင်သော ပိုးမွှားများ ပါဝင်နေခြင်း၊ သန့်ရှင်းစင်ကြယ်စွာစီမံပြုလုပ်ရောင်းချသိုလှောင်ခြင်း မရှိခြင်းတို့ကြောင့် ကျန်းမာရေး ဆိုင်ရာ ရေတိုရေရှည်ပြဿနာများ၊ ရောဂါများ၊ ဘေးအန္တရာယ်များကို ပြည်သူလူထုတို့ ကြုံတွေ့ခံစား နေရသည်မှာ ကာလကြာရှည်လှပြီဖြစ်ပါတယ်ခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီဆေးဝါးများ၊ အစား အသောက်များစသည်တို့ကို ပြည်တွင်းမှထုတ်လုပ်ရောင်းချနေပြီဖြစ်သလို ပြည်ပမှလည်း တရားဝင် တင်သွင်းရောင်းချနေသည်များလည်း ရှိပါတယ်။ တဖန် တရားမဝင်ပြည်ပနည်းလမ်းအမျိုးမျိုးမှ မိမိတို့ ဈေးကွက်အတွင်းသို့ ထိုးဖောက်ရောက်ရှိလာပြီး ဝင်ရောက်ရောင်းချနေတာမျိုးတွေလည်း ရှိပါတယ် ခင်ဗျား။ ဒီကိစ္စများနဲ့ပတ်သက်ပြီး ဝေဖန်သုံးသပ်မှုများ၊ အကြံပြုမှုများ၊ ဆွေးနွေးမှုများ ပေါ်ပေါက်ခဲ့ ပါတယ်။ မကြာခင်မှာလည်း ဒေသတွင်းနိုင်ငံများနဲ့ ဒီထက်ပိုပြီးတော့ ရင်းရင်းနှီးနှီးပူးပေါင်း ဆောင်ရွက်စရာတွေရှိနေတဲ့အတွက်ကြောင့် ကျွန်တော်တို့၏ လုပ်ကိုင်ဆောင်ရွက်ပုံ၊ ဖွဲ့စည်းပုံ၊ စီမံခန့်ခွဲပုံတို့ဟာ ပိုပြီးတော့ မြင်သာထင်သာဖြစ်လာမှာသေချာပါတယ်။ ပေါ်ပေါ်လွင်လွင်ထင်ထင် ရှားရှားလည်းဖြစ်လာမှာသေချာပါတယ်။ ဒီကိစ္စများနဲ့ပတ်သက်လို့ပြောရလို့ရှိရင် ထုတ်လုပ်သူ၊ ရောင်းချသူ၊ ဖြန့်ဖြူးသူ၊ ဝယ်ယူစားသုံးသူများနဲ့ အစိုးရအဖွဲ့အစည်းမှ လုပ်ငန်းသဘောအရ သက်ဆိုင်ရာတာဝန်ရှိဌာနများအားလုံးနဲ့ သက်ဆိုင်ပါတယ်။ အထူးသဖြင့်တော့ ကျန်းမာရေးဝန်ကြီး ဌာန၏ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနမှာ အဓိက ဒီဌာနက တာဝန်ယူလုပ်ဆောင်လျက် ရှိပါတယ်။ သို့ပေမယ့်လို့ နှီးနွယ်ဌာနများ၊ စီးပွားရေးနှင့်ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြို့တော် စည်ပင်သာယာရေးကော်မတီစသည်ဖြင့် ဒီနှီးနွယ်ဌာနတွေကလည်းပဲ အရေးကြီးတဲ့ကဏ္ဍကနေ ပြီးတော့ ပါဝင်ဆောင်ရွက်လျက်ရှိတာကို ကျွန်တော်တို့တွေ့ရှိရပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ် လောက်ကအတွင်းဆိုရင် ကျန်းမာရေးဝန်ကြီးဌာနဟာ ဤကိစ္စနဲ့ပတ်သက်လို့ အရှိန်အဟုန်တိုးမြှင့် ပြီးတော့ တော်တော်လေး အားရဝမ်းသာစရာဆောင်ရွက်ခဲ့တာကို ကျွန်တော်တို့ တွေ့ရှိရပါတယ်။ ဒီလုပ်ငန်းဟာ တကယ်တော့ ပြည်သူလူထု၏ ကျန်းမာရေး၊ စီးပွားရေးနှင့်သက်ဆိုင်ပါတယ်။ ကျန်းမာရေးလို့ ပြောပေမယ့် တကယ့်တကယ် တိတိကျကျ လက်တွေ့ကျကျ ရင့်ရင့်သီးသီးပြောရရင် သေရေးရှင်ရေးနဲ့ဆိုင်ပါတယ်။ ပြည်သူလူထု၏ ကျန်းမာရေး၊ စီးပွားရေး ဒီလိုသက်ဆိုင်ပြီးတဲ့နောက်မှာ ဒီလုပ်ငန်းဟာ ကြီးမားသော အတိုင်းအတာလည်းရှိပါတယ်။ ကျယ်ပြန့်သော အတိုင်းအတာလည်း ရှိပါတယ်။ နိုင်ငံတစ်ခု၏ Image စွမ်းဆောင်နိုင်မှု၊ တာဝန်ယူနိုင်မှု၊ အသိစိတ်ဓာတ်တို့နဲ့လည်း သက်ဆိုင်ပါတယ်။ မိမိတို့မှာ ဝန်နဲ့အား မမျှပါဘဲနဲ့ ပညာရှင်ကွပ်ကဲကြီးကြပ်ဝန်ထမ်းစစ်ဆေးရေး ဝန်ထမ်းများ စက်ပစ္စည်း၊ ဓာတုပစ္စည်း၊ နည်းပညာ Technology စသည်ဖြင့် အားနည်းမှုများ များစွာရှိနေတဲ့ကြားထဲက မိမိတတ်နိုင်သလောက် လုပ်နိုင်သလောက် အကောင်းဆုံးကြိုးစားပြီးတော့ အစွမ်းကုန်လုပ်ဆောင်နိုင် နေတာကို ကျွန်တော်တို့တွေ့ရပါတယ်။ သိုပေမယ့် ဒီကိစ္စဟာ ခုနက ကျွန်တော်ပြောသလို နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ကြီးမားထွန်းကားလာတာနဲ့အမျှ ဒီလုပ်ငန်းဟာလည်း ပို၍ပို၍ ကျယ်ပြန့်လာမှာဖြစ်သလို တာဝန်ယူပြီး လုပ်ဆောင်ပေးရသည့်ဌာန တွေရဲ့ တာဝန်သည်လည်း ပို၍ပို၍ ကြီးမားလာမှာဖြစ်ပါတယ်။ Limitation တွေအများကြီးထဲက လုပ်ကိုင်ဆောင်ရွက်နေရပါတယ်။ ပညာပေးတဲ့အပိုင်းဟာ ဒီလုပ်ငန်းတွေနဲ့ပတ်သက်လို့ အင်မတန်မှ အရေးကြီးပါတယ်။ သို့ပေမယ့် ပညာပေးနေရုံတစ်ခုတည်းနဲ့မရပါဘူး။ ဥပဒေနှင့်ထိန်းချုပ်ခြင်း၊ အရေးယူခြင်း၊ ကြပ်မတ်ဆောင်ရွက်ခြင်းတွေဟာ ကျွန်တော်တို့လို နိုင်ငံမျိုးမဆိုထားပေမယ့် အင်မတန် ကြီးမားတဲ့နိုင်ငံများမှာတောင်မှ ဒီလိုပဲ ဥပဒေနဲ့ထိထိရောက်ရောက် ထိန်းချုပ်တဲ့သဘောမျိုး ကြပ်မတ် တဲ့သဘောမျိုးတွေရှိနေရပါတယ်။ ဒါကြောင့် စစ်မှန်သော အရည်အသွေးပြည့်မီသော ဆေးဝါးများ၊ သန့်ရှင်း၍ အန္တရာယ်ကင်းသော စားသုံးဆီနှင့်အစားအစာများ အများပြည်သူတို့ ယုံကြည်စိတ်ချစွာ စားသုံးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများက လုပ်ငန်းအလိုက် မည်သို့ဆောင်ရွက်မည်ကို သိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာနဟာ အမျိုးသားဆေးဝါးဥပဒေ၊ အမျိုးသားအစားအသောက် ဥပဒေပြဋ္ဌာန်းချက်များနှင်‌့အညီ အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်း၍ အကျိုးသက်ရောက်မှုရှိသော အစား အသောက်နှင့်ဆေးဝါးများအား အများပြည်သူတို့ သုံးစွဲနိုင်ရန် အစားအသောက်ထုတ်လုပ်ခြင်း၊ တင်သွင်းဖြန့်ဖြူးရောင်းချခြင်း၊ ဆေးဝါးများမှတ်ပုံတင်ခြင်း၊ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းတို့ကို စနစ် တကျကွပ်ကဲကြပ်မတ်ဆောင်ရွက်လျက်ရှိပါတယ်။ တိုင်းဒေသကြီး၊ ပြည်နယ်၊ ဗဟို၊ ခရိုင်နှင့် မြို့နယ် အဆင့်များမှလည်းပဲ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီအဆင့်ဆင့်ဖွဲ့စည်းထားရှိပြီး ဆေးဝါးအစားအသောက်များထုတ်လုပ်ခြင်း၊ သိုလှောင်ဖြန့်ဖြူးရောင်းချခြင်းများကို ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်လျက် အစားအသောက်နှင့်ဆေးဝါးဆိုင်ရာ အရေးယူမှုများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ  ဗဟိုအစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီက ကြပ်မတ် ဆောင်ရွက်လျက်ရှိပါတယ်။

ဗဟိုအစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီမှာ ကျန်းမာရေးဦးစီးဌာနအပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပါဝင်ဖွဲ့စည်းပြီးတော့ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။ တိုင်းဒေသကြီး၊ ပြည်နယ်၊ ဗဟို၊ ခရိုင်၊ မြို့နယ်များမှာလည်း အစား အသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ အဆင့်ဆင့်ကိုဖွဲ့စည်းထားရှိပြီး အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဌာနအနေဖြင့် အစားအသောက်နှင့်ဆေးဝါးများကို ပုံမှန်စစ်ဆေးဆောင်ရွက် လျက်ရှိပါကြောင်း တင်ပြအပ်ပါတယ်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးပိုင်းအနေနဲ့ လက်ဖက်နှင့် စိမ်းစားငပိများမှာ ခွင့်မပြု ဆိုးဆေးပါဝင်မှုကို တစ်ပြည်လုံးအတိုင်းအတာနဲ့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိရာ လက်ဖက် ကဏ္ဍမှာလည်း အောြင်မင်မှုအတိုင်းအတာရရှိခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ငရုတ်သီးမှုန့်နှင့် နနွင်းမှုန့် များကို ခွင့်မပြုဆိုးဆေးပါဝင်မှုမရှိစေရေးကို တစ်ပြည်လုံးအတိုင်းအတာနဲ့ တိုးချဲ့ဆောင်ရွက်ရာမှာ တိုင်းဒေသကြီးြ၊ပည်နယ်၊ခရိုင်၊မြို့နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ကော်မတီအဆင့်ဆင့် မှပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အောင်မြင်မှု အတိုင်းအတာတစ်ခုအထိ ရရှိနေပြီးဖြစ်ပါတယ်။ ပြည်သူများ အဆင့်မြင့်စားသုံးဆီများရရှိရန် ရည်ရွယ်ပြီးတော့ ွပည်ပမှ တင်သွင်းတဲ့ စားအုန်းဆီများရဲ့ အရည်အသွေးကို မြှင့်တင်သတ်မှတ်ပြီး တင်သွင်းခွင့်ပြုလျက်ရှိပါတယ်။ ပြည်တွင်း‌မြေပဲဆီထုတ်လုပ် သောလုပ်ငန်းများကိုလည်း စနစ်တကျစစ်ဆေးဆောင်ရွက်ခြင်း၊ တစ်နိုင်ငံလုံးမှ အကောက်ခွန်မဲ့ ဝင်ရောက်လာသော စားအုန်းဆီများကို စိစစ်ခြင်းများကိုလည်း နှီးနွယ်ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။

          ဆေးဝါးကြီးကြပ်ကွပ်ကဲရေးအပိုင်းအနေနဲ့ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားခြင်းမရှိတဲ့ တရားမဝင် ဆေးဝါးများ၊ ဆေးဝါးအတုများ ဖမ်းဆီးမှုများကို တည်ဆဲအမျိုးသားဆေးဝါးဥပဒေအရ တရားစွဲဆို အရေးယူမှုများအနေနဲ့ ၂၀၁၁ ခုနှစ်မှာ ၃၈ မှု၊ ၂၀၁၂ ခုနှစ်၊ ဇွန်လအထိ ၅ မှု တို့ကို တရားစွဲ ဆိုခွင့်ပြုခဲ့ပြီးတော့ သက်ဆိုင်ရာတရားရုံးများမှာ ပြစ်ဒဏ်များချမှတ်ရန် ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၁၁ ခုနှစ်အတွင်း တင်သွင်းဖြန့်ဖြူးခဲ့တဲ့ ဆေးဝါး ၂၆၁ မျိုး၊ ၂၀၁၂ ခုနှစ်အတွင်း တင်သွင်းဖြန့်ဖြူး ရောင်းချသည့်ဆေးဝါး ၁၄၃ မျိုးကို ဓာတ်ခွဲစစ်ဆေးပြီးတော့  စံသတ်မှတ်ချက်နှင့်မကိုက်ညီတဲ့ ဆေးဝါး ၃၇ မျိုးနှင့်ပတ်သက်ပြီးတော့ ရောင်းချခွင့်ရုပ်သိမ်းခြင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးကော်မတီများသို့ အဆိုပါ‌ဆေးဝါးများ ရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးအရေးယူရန် အကြောင်းကြားခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။ ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်ဆေးဝါးကွပ်ကဲရေးဌာနရဲ့ အရည်အသွေးစစ်ဆေးခြင်း၊ ဓာတ်ခွဲခန်းသုံးစက်ကိရိယာ များကို အဆင့်မြှင်‌့တင်နိုင်ဖို့အတွက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်းမှာ ရရှိတဲ့ရန်ပုံငွေနဲ့ ကျွန်တော်တို့ ဆက်လက်ဖြည့်တင်းဆောင်ရွက်သွားမြည်ဖစ်ပါကြောင်းနှင်‌့ လိုအပ်တဲ့ ဖွဲ့စည်းပုံကို လည်း ကျွန်တော်တို့ တိုးမြှင့်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တင်ပြအပ် ပါတယ်။ ဆေးဝါးအတု၊ စံမညီဆေးဝါး၊ မှတ်ပုံတင်ထားွခင်းမရှိသော ဆေးဝါးထုတ်လုပ်တင်သွင်း ဖြန့်ဖြူးရောင်းချနေမှုများကို နှီးနွယ်သောဌာနများစုပေါင်းပြီးတော့ ညှိနှိုင်း၍ တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားအပ်ပါတယ်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့တော့ စားသောက်ကုန်တင်သွင်းမှုနှင့် ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ အရည်အသွေးစစ်ဆေးပြီးတော့ တင်သွင်းခွင့်ပြုကြောင်း ထောက်ခံချက်များဖြင့် တင်သွင်းလိုင်စင်များကို ခွင့်ပြုပေးလျက်ရှိပါတယ်။ အထူးသဖြင့်တော့ စားအုန်းဆီ၊ နို့နှင့်နို့ထွက်ပစ္စည်းများ တင်သွင်းရောက်ရှိလာသည့်အခါ သတ်မှတ်ထားသော အရည်အသွေးစံချိန်စံညွှန်းပြည့်မီခြင်း ရှိ၊မရှိ၊ ပြည်သူလူထုစားသုံးရန် သင့်၊ မသင့် စမ်းသပ်စစ် ဆေးပြီးမှသာ ထုတ်ယူဖြန့်ချိရောင်းချခွင့်ပြုလျက်ရှိပါတယ်။ ဆေးဝါးတင်သွင်းရာမှာ တင်သွင်းသူဟာ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှ ဆေးဝါးတင်သွင်းွခင်းလုပ်ငန်း လုပ်ကိုင်ခွင့် လက်မှတ်၊ ဆေးဝါးလက်လီလက်ကား ရောင်းချသူလိုင်စင်နှင့် ဆေးဝါးမှတ်ပုံတင်ခြင်းလက်မှတ် များရရှိမှသာ ပြည်ပမှဆေးဝါးများ တင်သွင်းခွင့်ပြုလျက်ရှိပါတယ်။

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်တွင်းစားသုံးဆီ လုံလောက်မှုရှိ စေရန်နှင့် စားသုံးဆီဈေးနှုန်းများတည်ငြိမ်မှုရှိစေရန် ပြည်ပမှစားသုံးဆီ တင်သွင်းခြင်းကိုဆောင်ရွက် ပေးလျက်ရှိရာမှာ ပြည်ပမှစားအုန်းဆီတင်သွင်းခွင့်လိုင်စင် လျှောက်ထားရာမှာ ဆီအရည်အသွေး သတ်မှတ်ချက်ကို ယခင်က Cloud Point 10 C Max နှင့် Iodine Valueကို  Min 56 နဲ့ တင်သွင်းခွင့်ပြုခဲ့ရာမှ ယခုအများပြည်သူတို့ရဲ့ကျန်းမာရေးကို ရှေးရှုပြီးတော့ Cloud Point 8 C Max Iodine Vaule ကို Min 58 မှ Max 60 အထိအရည်အသွေးမြှင့်တင် သတ်မှတ်ပြီး တင်သွင်း ခွင့်ပြုလျက်ရှိပါတယ်။ ကုမ္ပဏီများမှ တင်သွင်းလာတဲ့ စားအုန်းဆီများ အရည်အသွေးစစ်ဆေးခြင်းနှင့် ပတ်သက်ပြီး ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ နမူနာ ဓာတ်ခွဲစမ်းသပ်စစ်ဆေးပြီးတော့မှ ပြည်သူများစားသုံးရန် သင့်လျော်ကြောင်း ထောက်ခံချက်ရရှိမှသာ ပြည်တွင်းသို့ဖြန့်ဖြူးရောင်းချခွင့် ခွင့်ပြုခဲ့ခြင်းဖြစ် ပါတယ်။

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဟာ ပြည်ပမှမြန်မာနိုင်ငံသို့ တင်သွင်းတဲ့ စားအုန်းဆီများကို ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနမှ အသိအမှတ် ပြုထားသော အများွပည်သူစားသုံးရန်သင့်လျော်တဲ့ ကျန်းမာရေးနှင့် ညီညွတ်သောစားအုန်းဆီများ ဖြစ်စေရေးနှင့် အရည်အသွေးပိုမိုမြင့်မားတဲ့ စားအုန်းဆီများ ဖြစ်စေရေးအတွက် စားအုန်းဆီ အရည်အသွေးထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်းပြီး ကြီးကြပ်ဆောင်ရွက်လျက်ရှိပါတယ်။

ပြည်ပမှတင်သွင်းလာတဲ့ စားအုန်းဆီများမှာ အနံ့ရရှိမှု၊ အရည်အသွေးချို့ယွင်းမှုများရှိလာပါ ကလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကိုယ်တိုင် ဆီသို လှောင်ကန်များကို သွားရောက်စစ်ဆေးပြီး ထုတ်လုပ်မှုကိုရပ်ဆိုင်းခြင်း၊ ပြည်တွင်း၌ ဖြန့်ဖြူးခြင်းကို ရပ်ဆိုင်းခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။ အချို့တင်သွင်းလာသော စားအုန်းဆီများ အနံ့ အနည်းငယ်ရရှိခြင်းအပေါ် လေ့လာစုံစမ်းရာမှာ ထုတ်လုပ်မှုဖြစ်စဉ်ကြောင့်မဟုတ်ပဲ သယ်ယူသည့် သင်္ဘောအ‌ွခေအနေ၊ကိုင်တွယ်သိုလှောင်မှုအ‌ွခေအနေ၊ ပင်လယ်ထဲတွင် ရက်ကြာွမင့်ခဲ့သည့်အတွက် ရာသီဥတုအ‌ွပောင်းအလဲဖြစ်ပေါ်မှု အ‌ွခေအနေများကြောင့် အနံ့ထွက်ပေါ်ခြင်းွဖစ်ကြောင်း တွေ့ရှိခဲ့ ရပါတယ်။ ၂၀၁၁-၂၀၁၂  ဘဏ္ဍာရေးနှစ်အတွင်း စားအုန်းဆီ တင်သွင်းခဲ့သည့် သင်္ဘော ၁၀၈ စီးနှင့် ၂၀၁၂-၂၀၁၃  ဘဏ္ဍာရေးနှစ်အတွင်း ဇွန်လအထိ စားအုန်းဆီ တင်သွင်းခဲ့သည့် သ‌င်္ဘော ၁၈ စီး၊ စုစုပေါင်း ၁၂၆ စီးအနက် သင်္ဘော ၄ စီးဖြင့် တင်သွင်းလာသော စားအုန်းဆီများအနက်မှ အရည်အသွေးချို့ယွင်းမှု၊ အနံ့ရှိနေမှုတို့ဖြစ်ပေါ်နေမှုအပေါ် စားအုန်းဆီ ၄၇၆၄ တန်ကို ပြန်လည် သန့်စင်မှု Refine ပြုလုပ်ခဲ့ပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနသို့ ထပ်မံပေးပို့ စစ်ဆေးပြီးတော့မှ ပြည်သူလူထုစားသုံးရန် သင့်လျော်ကြောင်း ထောက်ခံချက်ရရှိပြီး ဆီများကိုသာ ဆက်လက်ဖြန့်ဖြူးပေးခဲ့ခြင်းဖြစ်ပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်ပမှတင်သွင်းတဲ့ စားအုန်းဆီသင်္ဘောများ ဆိပ်ကမ်းဝင်ရောက်ရာမှာ ကြန့်ကြာမှုမရှိစေရေး၊ စားအုန်းဆီများ၏ အရည်အသွေးစိစစ်နိုင်ရေး၊ သင်္ဘောမှဆီများထည့်သွင်း သိုလှောင်ခြင်းမပြင်ခင် ဆီသိုလှောင်ကန်များ၏ သန့်ရှင်းသပ်ရပ်မှုနှင့် စိတ်ချရမှုရှိ၊မရှိ ကြိုတင်စိစစ်နိုင်ရေးနှင့် သင်္ဘောမှ ဆီများ ဆီသိုလှောင်ကန်သို့ ထည့်သွင်းနေစဉ်အတွင်း ၁ နာရီလျှင် တစ်ကြိမ်နမူနာရယူ စစ်ဆေးခြင်း၊ ဆီသိုလှောင်ကန်မှ ထုတ်ယူဖြန့်ဖြူးနေချိန်အတွင်း အရည်အသွေးပိုင်းမှန်ကန်မှုရှိ၊မရှိ စစ်ဆေးခြင်း များကို စားအုန်းဆီသင်္ဘောများ လက်ခံစစ်ဆေးရေးအဖွဲ့နဲ့ စနစ်တကျဆောင်ရွက်လျက်ရှိပါတယ်။

၂၀၁၂ ခုနှစ်၊ မေလအတွင်းမှ တရုတ်နိုင်ငံမှ အမည်မသိစားအုန်းဆီတစ်မျိုး မန္တလေးဈေးကွက် သို့ရောက်ရှိလာပါကြောင်း၊ ပဲဆီအနံ့ထွက်စေသည့် အရည်တစ်မျိုးရောစပ်ပြီး ရောင်းချကြောင်း သတင်းများအရ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း ကွင်းဆင်းလေ့ လာစုံစမ်းခဲ့ရာ တစ်ဖက်နိုင်ငံ ဆီစက်များ၏ ဘေးထွက်ဆီများနှင့် ကြော်ပြီးဆီများအား အအေးခံစု စည်း၍ Recycle သန့်စင်ချက်လုပ်သော ဆီများဖြစ်ကြောင်း ယင်းဆီများကို ပဲဆီအနံ့ထွက်စေသည့် အရည်တစ်မျိုးရောစပ်ပြီး ပဲဆီအဖြစ် ရောင်းချခြင်းဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။ ယင်းဆီများကို စားသုံးရန်သင့်လျော်ခြင်း ရှိ၊မရှိ ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန၊ မြန်မာနိုင်ငံစိုက်ပျိုးရေးအခြေခံ စားသောက်ကုန်အသင်း မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်း ဝယ်ရေး PTAC ဓာတ်ခွဲခန်းများသို့ နမူနာပေးပို့စစ်ဆေးခဲ့ရာ စစ်ဆေးတွေ့ရှိချက်အရ Gas Chromatography စက်ဖြင့် စစ်ဆေးတွေ့ရှိချက်အရ အဆိုပါ အမည်မသိဆီများမှ အသုံးပြုပြီး ဆီအရောများကို ပြန်လည်ပြုပြင်ထားသောဆီများဖြစ်ပါကြောင်း မည်သည်‌့စားအုန်းဆီ အမျိုးအစား နှင့်မျှကိုက်ညီမှုမရှိကြောင်းနှင့် အသုံးပြုပြီးဆီအရောများကို ပြန်လည်ပြုပြင်ထားသော ဆီများ ဖြစ်ကြောင်းတွေ့ရှိရတဲ့အတွက် ဒါတွေကို ကျွန်တော်တို့ အရေးယူပိတ်ပင်မှုများ ဆောင်ရွက် ခဲ့ပြီးဖြစ် ပါတယ်။ အဲဒီလို စားသုံးရန်မသင့်လျော်တဲ့ အမည်မသိဆီများကို အများပြည်သူ စားသုံးပါက ကာလ တစ်ခုအတွင်း အနှေးနှင့်အမြန် ကျန်းမာရေး ထိခိုက်လာနိုင်ပါသဖြင့် လုံးဝစားသုံးခြင်းမပြုရန် နေ့စဉ် သုံးသတင်းစာများ၊ ဂျာနယ်များ၊ Website များမှ အသိပေးပညာပေးခြင်းလုပ်ငန်းများဆောင်ရွက် လျက်ရှိပါတယ်။ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများကိုလည်း အဆိုပါ အမည်မသိ စားအုန်းဆီများဝင်ရောက်လာမှုမရှိစေရေးအတွက် လိုအပ်သောတားဆီးပိတ်ပင်မှုများကို ဆောင်ရွက် ပေးနိုင်ပါရန် စီးပွားရေးနှင်‌့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကြောင်းကြားွပီးွဖစ်ပါတယ်။ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၃ ရက် နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ တရားမဝင်ကူးသန်းရောင်းဝယ်မှု များလျော့နည်းပပျောက်ရေးနဲ့ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တွင်လည်း စားသုံးရန်မသင့်လျော်သည့် အမည်မသိဆီများ ထပ်မံဝင်ရောက်မှုမရှိစေရေးအတွက် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်လျက်ရှိပါတယ်။

စီးပွားရေးနှင်‌့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အာဆီယံစီးပွားရေးအသိုက်အဝန်း အကောင်အထည်ဖော်မှု သဘောတူညီချက်အရ ပြည်သူလူထုဘေးကင်းလုံခြုံစိတ်ချရသည့် ကုန်ပစ္စည်းများအား တင်သွင်းဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေမူကြမ်းကိုရေးဆွဲပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ တင်ပြထားပြီး ဖြစ်ပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူကာကွယ်ရေးလုပ်ငန်းကော်မတီကို တာဝန်ယူ ထားပြီး ဒုတိယဝန်ကြီးမှ ကော်မတီဥက္ကဋ္ဌ၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး ဦးဆောင်ညွှန်ကြားရေးမှူးမှ အတွင်းရေးမှူးအဖြစ် တာဝန်ယူ၍ ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များမှ အဖွဲ့ဝင် ၃၉ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်။ စားသုံးသူအကာအကွယ်ပေးရေးနှင့် ပတ်သက်၍ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အလုပ်ရုံဆွေးနွေးပွဲကိုလည်း ကျင်းပခဲ့ ရာ ပထမအကြိမ်ကို ၉-၁-၂၀၁၂ ရက်နေ့မှာ ရန်ကုန်မြို့တွင်လည်းကောင်း၊ ဒုတိယအကြိမ်ကို            ၄-၅-၂၀၁၂ ရက်နေ့မှာ မန္တလေးမြို့တွင်လည်းကောင်း၊ တတိယအကြိမ်ကို ၈-၆-၂၀၁၂ ရက်နေ့မှာ မော်လမြိုင်မြို့တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပြီးွဖစ်ပါတယ်။

          စားသုံးသူများအားအသိပညာပေးမှုနှင့် သတင်းအချက်အလက်များ ဖြန့်‌ဝေပေးခြင်း၊ စံချိန်စံညွှန်းနှင့် မပြည့်မီသောထုတ်ကုန်များကို နိုင်ငံအတွင်းသို့ မဝင်ရောက်စေရန် ကာကွယ် ထိန်းသိမ်းွခင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုမဖြစ်ပေါ်စေရန်ကာကွယ်ပေးခြင်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်းရှင်းလင်းဖြေကြားပါသည်။